Tuesday, December 10, 2019

ရင်ထဲက " အရဟံ " အရဟံ - ကိလေသာ အပူအလောင်ဓာတ်တွေ ကင်းစင်အေးချမ်းတော်မူသော မြတ်စွာဘုရား....... (ဖတ်မှတ်ပြီး နှစ်သက်မိသမျှ စာပေများကို စုဆောင်းသိမ်းဆည်းရင်း ပြန်လည်မျှဝြေခင်းဖြစ်ပါတယ်။) စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ... ဂုဏ်တော်ပွားပုံအဆင့်ဆင့့်လေးကို ဇိနာလင်္ကာ ဋီကာကျမ်းက ပြတဲ့အတိုင်းလေး ရေးပြသွားရအောင်ပါ။ တခြားကျမ်းတွေကပွားပုံအစဉ်လေးတွေ ရေးပြထားတာတွေလည်းရှိပါသေးတယ်။ နိဗ္ဗာန်တောင့်တ၊ ဖြတ်ကိစ္စ၊ သီလယူစေပါ။ ဆိတ်ငြိမ်ရာရှာ၊ ဣရိယာ၊ ရွေးပါ ကျမ်းမိန့်တာ။ သေဘေးဆင်ခြင်၊ ဤခြောက်အင်၊ ပြီးလျှင် ပွားများပါ။ (၁) ဂုဏ်တော်ပွားတဲ့သူဟာ ပထမဦးဆုံး ဤဂုဏ်တော်ပွားရသော ကုသိုလ် ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ''လို့ နိဗ္ဗာန်ကို ဦးစွာဆုတောင်းရပါမယ်။ ဘယ်လမ်းကြောင်းပဲလျှောက်လျှောက် ပန်းတိုင်ရှိဖို့ လိုပါတယ်။ နိဗ္ဗာန်ကတော့ အဓိကပန်းတိုင်ပါ။ လောကီကျိုး တွေကတော့ ဆုမတောင်းလည်း ပြည့်မှာပါပဲ။ (၂) ပလိဗောဓ =ကိစ္စကြီးငယ်ကို ဖြတ်ထားရပါမယ်။ ဥပမာ - မိသားစုအတွက် ထမင်းချက်စရာ၊ ဟင်းချက်စရာ၊ ကော်ဖီဖျော်စရာရှိရင် ကြိုတင် လုပ်ထားရပါမယ်။ မှာစရာရှိတာ၊ ပြောစရာရှိတာ ကြိုတင်မှာထား ပြောထားရပါမယ်။ ကိုယ်ဂုဏ်တော် ပွားနေတုန်း ''သော့ဘယ်နားထားလဲ။ ဘယ်သူဖုန်းဆက်လာသေးလဲ'' စသဖြင့် လာမေးရင် အဆင်မပြေပါဘူး။ ကိုယ့်အတွက်လည်း ဆေးသောက်စရာရှိရင် သောက်ထားရပါမယ်။ အောက်ထစ်ဆုံး ခြေသည်းလက်သည်း ညှပ်စရာရှိရင် ညှပ်ထားရပါမယ်။ ခေါင်းလျှော်စရာရှိလျှင် ခေါင်းလျှော်ထားရပါမယ်။ ဂုဏ်တော်ပွားနေတုန်း ခေါင်းယားလို့ ကုတ်နေရပြန်ရင်လည်း အဆင်မပြေပြန်ပါဘူး။ (၃) ငါးပါးသီလ ယူရပါမယ်။ 'သီလရှိတော့ စိတ်ကြည်''ဆိုတဲ့အတိုင်း သီလယူလိုက်ရင် စိတ်က ကြည်သွား ပါတယ်။ ဒါတင်မကပါဘူး။ သီလယူလိုက်ရင် သီလဖြူစင်သူလည်း ဖြစ်သွားပါတယ်။ (၄) ဝိဝေက - တိတ်ဆိတ်ခြင်း၊ ဆိတ်ငြိမ်ရာအရပ်ကို ရွေးချယ်ရပါမယ်။ ဆိတ်ငြိမ်ရာအရပ်ဆိုတဲ့နေရာမှာ ဆိတ်ငြိမ်ရာအချိန်နဲ့ ဆိတ်ငြိမ်တဲ့နေရာ ဆိုလိုတာပါ။ ကိုယ့်အတွက် ဆိတ်ငြိမ်တဲ့ အချိန်နဲ့ ဆိတ်ငြိမ်တဲ့နေရာ ဖြစ်ရပါမယ်။ စာထဲကအတိုင်းဆိုရင်တော့ တောအရပ်၊ တောင်အရပ်၊ ညဥ့်နက်သန်းခေါင်အချိန်ကို ဆိုလိုပါတယ်။ ဒါပေမဲ့ အိမ်မှာနေရတဲ့လူတွေအတွက်တော့ တောအရပ်၊ တောင်အရပ်၊ ညဥ့်နက်အချိန် မဟုတ်ပေမဲ့လည်း ကိုယ့်အတွက် ဆိတ်ငြိမ်ရာအရပ်နဲ့ ဆိတ်ငြိမ်ရာအချိန်ဖြစ်ရင် ပြီးတာပါပဲ။ မနက်စောစောအိပ်ရာထဆိုရင် ဆိတ်ငြိမ်မှုနှစ်ခုကို ရနေတာများပါတယ်။ ဆိတ်ငြိမ်ရုံတင်မကပါဘူး၊ မနက် အိပ်ရာထဆို စိတ်ကလေးတွေက ကြည်လင်နေ တတ်ပါတယ်။ ဘယ်အာရုံနဲ့မှမတွေ့ရသေးတဲ့အတွက် စိတ်ကကြည်နေတာပါ။ အာရုံသစ်တွေ မတွေ့သေးတဲ့မနက်ပိုင်းမှာဆို အကုသိုလ်က မဝင်သေးပါဘူး။ အကုသိုလ်မဝင်သေးတဲ့အချိန်၊ အာရုံတွေ မတွေ့သေးတဲ့အချိန် ဂုဏ်တော်ပွားရတာ အဆင်ပြေမယ်လို့ထင်ပါတယ်။ မနက်ပိုင်းဆို ဖုန်းလာတာ ဧည့်သည် လာတာတွေ လည်း မရှိပါဘူး။ ဘုရားခန်းပဲဖြစ်ဖြစ်၊ ကိုယ့်အိပ်ခန်းပဲဖြစ်ဖြစ် ပွားများလို့ရပါတယ်။ တခိျု့အိမ်တွေဆို အသံလုံစနစ်နှင့် ဘုရားခန်းကို ဆိတ်ငြိမ်အောင် လုပ်ထားပါတယ်။ ဒီလိုနေရာမျိုးကတော့ တရားအားထုတ်သူတွေအတွက် တော်တော် အဆင်ပြေတဲ့ နေရာပါပဲ။ ဥပမာ - ကိုယ်ဂုဏ်တော်ပွားနေတဲ့အချိန် မိသားစုက တီဗွီဖွင့်နေမယ်၊ သီချင်းဖွင့်နေမယ်ဆိုရင် အဆင်မပြေပါဘူး။ အဓိကကတော့ ကိုယ့်အတွက်ဆိတ်ငြိမ်ဖို့ပါပဲ။ (၅) ကိုယ့်အတွက် ကြာရှည်ထိုင်နိုင်မယ့် ဣရိယာပုထ်ကို ရွေးချယ်ရပါမယ်။ တင်ပလ္လင်ခွေပဲထိုင်ထိုင်၊ ကုံျ့ကုံျ့ပဲထိုင်ထိုင်၊ ကိုယ်နဲ့ သပ္ပာယသင့်ရင် ပြီးတာပါပဲ။ ထိုင်ပုံဣရိယာပုထ်ကတော့ တစ်ဦးနဲ့တစ်ဦး သပ္ပါယသင့်ပုံချင်း တူမှာမဟုတ်ပါဘူး။ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ဣရိယာပုထ်ကို ရွေးချယ်ရမှာပါ။ တခိျု့ အမျိုးသမီး ယောဂီတွေဆို တင်ပလ္လင်ချိတ်ထိုင်တာ သုံးနာရီတောင် ထိုင်မှတ်နိုင်ပါသတဲ့။ ဒီတော့ ကိုယ်နဲ့ အဆင်ပြေ မယ့် ဣရိယာပုထ်ကို ရွေးထိုင်ရုံပါပဲ။ ခါးကို ဖြောင့်ဖြောင့် မတ်မတ်ထားပါ၊ ခါးမညွတ်ရပါဘူး။ ခါးညွတ်ရင် ဝေဒနာတွေ တက်ပြီး ကြာရှည် မထိုင်နိုင်ပါဘူး။ မျက်လုံးကို မှိတ်ထားရပါမယ်။ ဒီနေရာမှာ စစ်ကိုင်းပထမဂန္ဓာရုံဆရာတော်ဘုရားက နာဘေးကြီး၊ သေဘေးကြီး မဦးခင် တရားက အလျင် ဦးအောင် ကြိုးစား၍အားထုတ်။ ကြိုးစား၍အား ထုတ်။'' လို့ (၃)ခေါက်ဆိုပြီး ပွားများဖို့ မိန့်မှာထားပါတယ်။ ဆရာတော်ဘုရားရဲ့ သြဝါဒလေးက ကိုယ့်ကိုယ်ကိုယ်သတိပေးဆုံးမတဲ့ စကားလေးပါ။ ဗုဒ္ဓါနုဿတိနဲ့ နာမည်ကြီးခဲ့တဲ့ ဆရာတော် ဘုရားသြဝါဒအတိုင်း မပွားခင် သုံးခေါက်ဆိုလိုက်ဖို့ပါ။ တတ်နိုင်ရင် ဆရာတော်ဘုရားရဲ့ သြဝါဒလေးကို ရေးပြီး ကိုယ့်အိမ်က မြင်သာတဲ့နေရာမှာ ချိတ်ထားနိုင်ရင်လည်း ကောင်းနေတာပါပဲ။ ဒါဆိုရင် အရဟံဂုဏ်တော်ရဲ့ အနက်(၃)နက်နဲ့ ဆက်ပွားလို့ရပါပြီ။ အရဟံ = ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား ၊ အဲဒီလိုပွားလိုက်တာနဲ့ ကိုယ့်ရဲ့စိတ်ကလေးက ဂုဏ်တော်ရဲ့ သဘောလေးဆီမှာ ရှိနေရပါမယ်။ ဂုဏ်တော်ရဲ့ သဘောလေးဆီမှာ စိတ်က ကပ်ကပ်ရပ်ရပ်လေးကို ရှိနေရပါမယ်။ စိတ်ကို ဂုဏ်တော်ရဲ့ သဘောလေးဆီမှာ သေချာမထား နိုင်ရင် စိတ်က အပြင်ထွက်သွားတတ်ပါတယ်။ ဗုဒ္ဓါနုဿတိ ဘာဝနာရဲ့အလုပ်ဟာ မနောကံရဲ့အလုပ်ပါ။ ဝစီကံရဲ့အလုပ် နှုတ်ရဲ့အလုပ် မဟုတ်ပါဘူး။ စိတ် သက်သက်နဲ့ပဲ ပွားရမှာပါ။ စစ်ကိုင်းပထမဂန္ဓာရုံဆရာတော်ဘုရားက 'ထမင်းကိုမှန်မှန်စားသလို ကမ္မဋ္ဌာန်းကိုလည်း မှန်မှန်ထိုင်ရမယ်။ ထမင်းစားတိုင်း ကောင်းချင်မှ ကောင်းမယ်။ စားရင်းစားရင်းနဲ့ ကောင်းလာသလို တရားအားထုတ်တိုင်း အမြဲကောင်းမနေနိုင်ပါဘူး။ အားထုတ်ရင်းအားထုတ်ရင်းနဲ့ ပီတိတွေဖြစ်လာအောင် အာရုံထင်တတ်ပါတယ်''တဲ့။ ဆရာတော့် သြဝါဒလေးကို အာရုံပြုပြီး ဂုဏ်တော်ပွားတိုင်းတော့ အမြဲကောင်း မနေနိုင်ပါဘူး၊ ကောင်းတဲ့အခါကောင်းမယ် မကောင်းတဲ့အခါ မကောင်းပါဘူး။ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ပွားချင်သည်ဖြစ်စေ၊ မပွားချင် သည်ဖြစ်စေ မှန်မှန် ပွားရ မှာပါပဲ။ ပွားရင်းပွားရင်းနဲ့ ကောင်းလာပါလိမ့်မယ်။ ဂုဏ်တော်ပွားလို့ ရရှိလာတဲ့ပီတိဟာ 'ဇဗ္ဗူထိပ်ကျွန်းမှာဖြစ်တဲ့မင်းအဖြစ်နဲ့တောင် မလဲနိုင်ပါဘူး''တဲ့။ ဂုဏ်တော် ပွားရင်းပွားရင်းနဲ့ ဂုဏ်တော်ရဲ့ အရသာကို တွေ့သွားမှာပါ။ ဂုဏ်တော်ပွားဖူးမှလည်း ဂုဏ်တော်ရဲ့အရသာကို သိသွားမှာပါ။ ကိုယ့်ကိုလာကန်တော့ရင် အရဟံပွားနေလိုက်ပါ ရှေ့ဆရာတော်ဘုရားကြီးတွေက သြဝါဒပေးလေ့ရှိပါတယ်။ ကိုယ့်ကို ဒကာ၊ ဒကာမတွေက လာဦးချရင် အရဟံဂုဏ်တော် ပွားနေလိုက်ရ တယ်။ တကယ်လို့ ကိုယ့်မှာ သီလ၊ သမာဓိ၊ ပညာ အားနည်းနေရင် ဖြေသာတယ်။ ကန်တော့တဲ့ လူတွေအတွက်လည်း အကျိုးရှိတယ်။ ကန်တော့ခံတဲ့သူ အတွက်လည်း အကျိုးရှိတယ်။'' ငယ်ငယ်တုန်းက ကြားခဲ့တဲ့ သြဝါဒလေးက ဒီနေ့အထိ ရင်ထဲမှာ စွဲနေခဲ့ပါတယ်။ ဒီလိုပါပဲ။ ကိုယ်က လူဆိုရင် လည်းပဲ ကိုယ့်ထက်ငယ်တဲ့သူက ကိုယ့်ကို လာကန်တော့ ခဲ့ရင် မိန့်မိန့်ကြီးထိုင်နေရမှာမဟုတ်ပါဘူး။ အရဟံဂုဏ်တော်လေးကိုပွားနေ လိုက်ရမှာပါ။ ဒါဆိုရင် ကိုယ့်အတွက်လည်း အကျိုးရှိ၊ ကန်တော့တဲ့သူအတွက်လည်း အကျိုးရှိပါပဲ။ တတ်နိုင်ရင် လက်အုပ်ကလေးချီထားရင် ပိုတောင်ကောင်းပါသေးတယ်။ ကန်တော့တဲ့ သူကိုချီတာ မဟုတ်ပါဘူး။ ဂုဏ်တော် ပွားနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ချီလိုက်တာပါ။ ဒါကဘာကို အကိုးသာဓက ယူထားသလဲဆိုတော့ ဂုဏ်တော်ပွားရင် ခန္ဓာစေတီ ထိုက်တယ်။ မိမိရဲ့ ခန္ဓာကိုယ်ဟာ စေတီအိမ်လိုဖြစ်ပြီး လူနတ်ဗြဟ္မာ တွေ အပူဇော်ခံ ထိုက်ပါတယ်တဲ့။ ဒါကြောင့် အရဟံဂုဏ်တော်ပွားနေလိုက်ရင်ကိုယ့်ခန္ဓာ ကိုယ်ဟာ စေတီထိုက်နေတဲ့အတွက် ဦးချကန်တော့ ခံထိုက်ပါတယ်။ အခြားတစ်ဖက်အကျိုးအနေနဲ့ ပြောမယ်ဆိုရင်လည်းပဲ အရဟံဂုဏ်ပွားနေရင် ကိုယ့်ရင်ထဲမှာ အရဟံစေတီ တည်လိုက်တာပါ။ အောက်ခြေပလ္လင်ကို သီလနဲ့ တည်ပါမယ်။ အလယ်ပစ္စယံ၊ အထက်ပစ္စယံကို ဂုဏ်တော်ဘာဝနာနဲ့ တည် ပါမယ်။ ထီးတော်ကိုတော့ဝိပဿနာနဲ့ တင်လိုက်မယ်ဆိုရင် ကိုယ့်ရင်ထဲမှာ ကြည်နူးဖွယ်ရာ အရဟံစေတီတစ်ဆူ ရှိနေ တော့တာပါ။ ကိုယ့်ရင်ထဲမှာ အရဟံစေတီတည်ထားရင် ကိုယ့်ကိုယ်ကိုယ်လည်း ကြည်ညိုရသလို အများကလည်း ကြည်ညိုရတာ အကျိုးရှိပါတယ်။ အပြင်မှာ လည်း ကုသိုလ်ဖြစ်ဖို့အတွက် စေတီတည်ရမှာပါပဲ။ ဒါပေမဲ့ အပြင်မှာတည်တဲ့ စေတီက ပိုက်ဆံ ရယ်၊ လူအင်အားရယ်၊ မြေရယ်၊ အချိန်ရယ် အများကြီးပေးရပါတယ်။ ရင်ထဲက အရဟံစေတီကတော့ ဘုရားကို ကြည်ညို စိတ်ရယ်၊ အချိန်တစ်ခုရယ်ပါပဲ။ အလုပ်လုပ်ရင်း တည်မယ်ဆိုရင် အချိန်တောင်သီးခြားမကုန်ပါဘူး။ အပြင်မှာ စေတီမတည် နိုင်လို့ ဘာမှအားငယ်စရာမလိုပါဘူး။ ရင်ထဲမှာ အရဟံစေတီတည်ပြီး ကုသိုလ်ယူလို့ရပါတယ်။ စေတီတည်ပြီးတဲ့အခါ ထီးတော်တင်ပွဲဆိုပြီး အိမ်မှာဘုန်းကြီးပင့်ဆွမ်းကပ်၊ လူဧည့်သည်တွေကို ဧည့်ခံလို့ရပါသေးတယ်။ ဧည့်သည်တွေက စေတီဘယ်မှာလဲဆိုရင် ရင်ထဲမှာလို့ ပြောလိုက်ရုံပါပဲ။ ဘယ်လိုတည်သလဲလို့မေးလာရင် တည်ပုံတည် နည်းတွေကို ပြောပြလိုက်ရင် ဓမ္မဒါနကုသိုလ်တောင် ထပ်ရပါသေးတယ်။ ဘာပဲပြောပြော ရင်ထဲမှာ အရဟံစေတီတည်ထားရင် စိတ်အေးချမ်းနေတာပါပဲ။ စိတ်ချမ်းသာချင်ရင် ရင်ထဲမှာ အရဟံစေတီ နေ့တိုင်းတည်နေဖို့ပါပဲ။ ရဝေနွယ်.အင်းမ Credit...ဓမ္မရတနာ Page မှယူပါသည်။ Photo...အကယ်ဒမီကိုလူမင်း ထံမှယူပါသည်


via အလင်းရောင် ဓမ္မ https://ift.tt/2P47H9c