အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, December 14, 2019
``အရှင်ဘုရား .... တိုင်ကပ်နာရီကြီးဘယ်ရောက်သွားလဲဘုရား ... ´´ `` ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ်ကွယ့် ....´´ `` အရှင်ဘုရား ... ဒါဆို .. သူခိုးလာခိုးသွားတာဖြစ်မှာပါဘုရား .. အရှင်ဘုရား မသိလိုက်ဘူးလား ဘုရား ... ´´ `` သိပါတယ်ကွယ် .. သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားတယ် မတော်လွတ်ကျရင် မင်းတို့တွေနိုးကုန်ကြရင် နာရီလဲအကောင်းမရ .. ဒုက္ခလည်းရောက်ကြမှာစိုးတာနဲ့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့တောင် ပြောလိုက်သေးတယ် .. ´´ ``အရှင်ဘုရားနှယ် .. သူခိုးပဲ ဘာလို့ လွှတ်ပေးလိုက်ရတာလဲ .. လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် ....´´ `` အခုလဲ မထူးပါဘူးကွာ .. သူတို့လာယူတော့လဲ ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့ .. ညကြီးသန်းခေါင် သူများမသိအောင် လာယူတော့လဲ ... အယုတ် ၊ အလတ် ၊ အမြတ် ရွေးမနေရတော့ဘူးပေါ့ .... ´´ {အောင်ခြင်းရှစ်ပါး ဆရာတော်၊အမရပူရမြို့} `` အရှင်ဘုရား ... တပည့်တော်တို့ လှူထားတဲ့ ရေဒီယိုကြီးလဲမမြင်ပါ့လား ... ဘယ်နေရာမှာသွားထားပါသလဲဘုရား .. ´´ `` ဘယ်မှ သွားမထားပါဘူး .. သူ့ပိုင်ရှင်က လာယူသွားတယ် ....´´ ``အို .. အရှင်ဘုရားကလည်း .. ဘယ်ကလာ ပိုင်ရှင်ရှိရဦးမှာလဲ .. တပည့်တော်တို့က အရှင်ဘုရားကို လှူထားတာပဲဥစ္စာ ... အရှင်ဘုရားပိုင်တဲ့ပစ္စည်းဘဲပေါ့ ...´´ ``ငါ မပိုင်လို့ပေါ့ကွာ .. ငါသာပိုင်ရင် ပစ္စည်းက ငါ့အနားမှာရှိနေမှာပေါ့ ၊ ခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ ... ´´ ``အို ... အရှင်ဘုရားကလည်း ဝေ့လည်လည်နဲ့ပြောနေပြန်ပါပြီ ... သူခိုး ခိုးသွားတာမဟုတ်လားဘုရား .. ဒါဆို အရှင်ဘုရားရဲ့ ရေဒီယို ဆုံးပြီပေါ့ ...´´ ``မဆုံးပါဘူးကွယ် .... ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့ .. မြစ်ထဲ၊ပင်လယ်ထဲ ကျသွားတာတို့လို ဘယ်သူမှ သုံးခွင့်မရတော့တာမှ ဆုံးတာပါ .... ခုဟာက တစ်နေရာတော့မှာ သုံးလို့ရနေဦးမှာပါကွယ် ... ´´ { နတ်မှီတောရ ဆရာတော်ဘုရားကြီး ၊ တောင်တွင်းကြီးမြို့ } `` ဆရာတော် လုပ်ပါဦးဘုရား .. ဒုက္ခတော့ရောက်ကုန်ပြီ .. ပုလိပ်တိုင်မှ ဖြစ်တော့မယ်ဘုရား ´´ ``ဘာဖြစ်တာတုန်းဟဲ့ ကပ္ပိယရဲ့ .. မင်းဟာက အရင်းမရှိ .. အဖျားမရှိ ပြူးတူးပြဲတဲနဲ့ .. တိုးတိုးသက်သာ ပြောစမ်းပါ ...´´ ``ဆရာတော့်ပစ္စည်းတွေ ညက သူခိုး ဝင်ခိုးသွားပြီဘုရား .. ဒါကြောင့် ပုလိပ်ကိုတိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား ... ´´ `` ကပ္ပိယ ကိုယ့်ပစ္စည်း သူများခိုးတာခံရတယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့ ... သံသရာမှာ ကိုယ်ပြုခဲ့ဖူးတဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသောအကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ ... အသာနေပါ ကပ္ပိယရယ် .. မင်းလုပ်လိုက်မှ ငါဟာ သံသရာမှာ သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ် ... ´´ သံသရာဆိုတာ ရှိတယ် ၊ ဝဋ် ဆိုတာ လည်တတ်တယ် ... {ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး} ခရက်ဒစ်။ စန္ဒာ လမင်း ပြန်လည် မျှဝေသည်
via အလင်းရောင် ဓမ္မ https://ift.tt/34q8k1q
Newer Post
Older Post
Home