အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, December 12, 2019
" ဘဝမှ လွတ်မြောက်ဖို့ နည်းလမ်းကောင်းများ '' 🔮🔮🔮🔮🔮🔮🔮 ◆ ဒီဘဝြပီးသွားရင် ဘယ်ရောက်မယ်ဆိုတာ သာမန်ပုထုဇဉ်တွေ မသိနိုင်ပါ။ မြတ်စွာဘုရား တရားတော်တွေ တို့တတွေ နာခွင့်ရကြပါတယ်။ တရားတော်တွေဆိုတာ ရောဂါပျောက်အောင် ကုသနိုင်တဲ့ဆေးနဲ့ အလားတူပါတယ်။ ဆေးဆိုတာ မသောက်ဘဲနဲ့ နေလို့ရှိရင်တော့ ရောဂါမပျောက်နိုင်ပါ။ ရောဂါပျောက်ချင်ရင် ဆေးကိုမှန်မှန် သောက်ရပါတယ်။ တရားဆိုတာလည်း ဘ၀မှလွတ်မြောက်အောင် မှန်မှန်နှလုံးသွင်းရပါတယ်။ ◆ ကိုယ့်စိတ်ထဲမှာ နှလုံးသွင်းခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ စိတ်ရဲ့အညစ်အကြေးတွေဟာ တဖြည်းဖြည်း သန့်စင်ပြီးတော့ နောက်ဆုံးမှာ ကိုယ့်စိတ်ဟာ ကြံ့ခိုင်တဲ့ စိတ်ဓာတ်မျိုးကို ရလာပါမယ်။ ကိုယ့်စိတ်ဓာတ်ကို ကြံ့ခိုင်လာအောင် ကိုယ်ပဲလုပ်ရပါတယ်။ ◆ အဲဒါကြောင့် မြတ်စွာဘုရားက “အတ္တာဟိ အတ္တနော နာထော” လို့ ဟောခဲ့ပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုတာ အင်မတန်မှ လက်တွေ့လည်းကျပါတယ်။ တရားဟာ မိမိရဲ့ဘ၀ပဲ။ ကိုယ့်ဘ၀ပဲ။ တရားလို့ ပြောလိုက်တာနဲ့ စီးပွား၊ ရာထူး၊ သားသမီး၊ ဇနီးမယားကိုစွန့်ပြီး အမျိုးသမီးတွေက မယ်သီလရှင်၀တ်ဖို့ မလိုပါ။ အမျိုးသားတွေက ဘုန်းကြီး၀တ်ဖို့ မလိုပါ။ မိသားစုနဲ့နေရင်းလည်း တရားရနိုင်ပါတယ်။ ကျင့်ဖို့ရာ အဓိက ဖြစ်ပါတယ်။ နှလုံးသွင်းတရားဟာ အင်မတန်မှ အရေးကြီးပါတယ်။ ◆ မြတ်စွာဘုရား လက်ထက်တုန်းက မိသားစုနဲ့နေရင်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တွေဖြစ်တာ ရှိပါတယ်။ အနာဂါမ် ဖြစ်သည်အထိအောင်တောင်မှ မိသားစု အသိုင်းအ၀န်းထဲမှာ ရှိနေသေးပါတယ်။ နောက်ဆုံး ရဟန္တာဖြစ်သွားရင်တော့ သူက မိသားစုနဲ့ မနေတော့ပါ။အဲဒီလို တရားဆိုတာ ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ကျင့်တဲ့ပုဂ္ဂိုလ်မှာ ရနိုင်ပါတယ်။ ◆ ပစ္စည်းသံယောဇဉ်၊ သားသံယောဇဉ်၊ သမီးသံယောဇဉ်ဆိုတော့ ပစ္စည်းကို စွန့်ရမှာလား၊ သားကိုစွန့်ရမှာလား၊ သမီးကိုစွန့်ရမှာလားလို့ လူတွေက ထင်နေကြတယ်။ ဘယ်ဟာမှစွန့်စရာ မလိုပါဘူး။ စွန့်ရမှာက ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့တွယ်တာမှုကို စွန့်ရမှာပါ။ အတွယ်အတာမရှိဘဲနဲ့နေတာ မေတ္တာနဲ့ နေတာပါ။ အဲဒီတော့ သားစွန့်ဖို့လည်း မလိုပါ။ သမီးစွန့်ဖို့လည်း မလိုပါ။ ရာထူးစွန့်ဖို့လည်း မလိုပါ။ တွယ်တာမှုကိုပဲ စွန့်ဖို့ လိုပါတယ်။ ◆ အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက တရားတော်တွေဟာ “သတိသမ္ပဇည” တရားကိုယ့်သန္တာန်မှာ ဖြစ်ပွားအောင် ကြိုးစားပြီးတော့ အမှန်အကန်သိမယ်ဆိုရင် ဘ၀မှာ နေပျော်ပြီး နောက်ဆုံးမှာ ဘ၀က လွတ်မြောက်တဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီ ကိုယ်စီ သဘောကျကာ ကျင့်ကြံအားထုတ်နိုင်ကြပါစေ ကုန်သတည်း။ ။ ➢ အရှင်နန္ဒမာလာဘိဝံသ (Ph.D) ဘေသဇ္ဇဂုရုတရားတော် +++++++++++++++++++++ "ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းချင်ရင် '' 🛡🛡🛡🛡🛡🛡🛡🛡🛡 ◆ မြတ်စွာဘုရားက ဒုက္ခဖြစ်တယ် ဆိုတာ တခြားကြောင့် မဟုတ်ဘူး။ ဟောဒီ တွယ်တာမှုကြောင့်ဖြစ်တာ။ ဒုက္ခဖြစ်ခြင်းအကြောင်းက တွယ်တာမှုပဲ။ ဒုက္ခချုပ်ငြိမ်းချင်ရင် ဒီ တွယ်တာမှုကို ဖယ်ရှားရမယ်။ တွယ်တာမှုကို ဖယ်လိုက်နိုင်တာနဲ့ တပြိုင်နက် ဒုက္ခဟာ ချုပ်ငြိမ်းသွားတယ်။ နှစ်သက်တွယ်တာမှုဆိုတဲ့ အတွယ်အတာ တဏှာရှိနေသေးသမျှ ဘယ်ခေတ်ဘယ်ကာလမှာပဲဖြစ်ဖြစ် ဒုက္ခဆိုတာ လာဦးမှာပဲ။ ◆ ဒီ အတွယ်အတာ တဏှာကို ဖယ်ရှားခြင်းဟာ ဒုက္ခချုပ်ခြင်းပါပဲ။ ရှင်သာရိပုတ္တရာမထေရ်မြတ်က အနာထပိဏ်သူဌေးကြီးကို မျက်စိကမြင်တဲ့အာရုံကနေစပြီးတော့ တွယ်တာမှုတွေ တစ်ခုချင်း တစ်ခုချင်း ဖြုတ်သွားသလို တို့တစ်တွေလည်းပဲ နံပါတ်(၁) ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းတွေပေါ်မှာ တွယ်တာတဲ့တဏှာကို ဖြုတ်၊ နံပါတ်(၂)က ကိုယ်နဲ့ ခင်မင်တဲ့ ပုဂ္ဂိုလ်ပေါ်မှာ တွယ်တာတဲ့တဏှာကိုဖြုတ်၊ နောက်ဆုံး နံပါတ်(၃) ကိုယ့်ကိုယ်ကို တွယ်တာနေတဲ့တဏှာကို ဖြုတ်ရမှာပါ။ ◆ အဲဒီ အဆင့် သုံးဆင့်နဲ့ ဖြုတ်လိုက်နိုင်ပြီဆိုရင် ကိုယ့်ကိုယ်ကိုတောင် မတွယ်တာတော့ဘူး။ အတွယ်အတာတွေ လုံးဝြပတ်သွားပြီဆိုရင် “ဧသေဝန္တော ဒုက္ခဿ" ဒါ ဆင်းရဲဒုက္ခရဲ့ အဆုံးသတ်ခြင်းပါပဲ။ အကယ်၍ အတွယ်အတာတွေ ကျန်နေဦးမယ်ဆိုရင်တော့ ဒုက္ခတွေ အဆုံးမသတ်နိုင်သေးဘူး။ ◆ ဒါကြောင့် ခန္ဓာငါးပါးကို တွယ်တာတဲ့ အတွယ်အတာမှန်သမျှကို တစ်စချင်း ဖြုတ်နိုင်အောင် ကြိုးစားကြရမယ်။ ထိုသို့ ဖြုတ်ဖို့အတွက်က ထိုခန္ဓာငါးပါးရဲ့ အပြစ်တွေကို မြင်အောင်၊ သဘာ၀အစစ်အမှန်တွေကို မြင်အောင် ရှုမြင်သုံးသပ်မှ အတွယ်အတာဆိုတာ ပြုတ်နိုင်မှာဖြစ်ပါတယ်။ ◆ ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း သဘာ၀တရားကို ရှုမြင်သုံးသပ်နိုင်တဲ့ ဝိပဿနာဉာဏ်မျိုးရအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့် အတွယ်အတာ မှန်သမျှ ပြုတ်ပြီး ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။ ။ ...................... ➢ အရှင်နန္ဒမာလာဘိဝံသ နန္ဒီ ဒုက္ခဿ မူလံ တရားတော် 🙏🙏🙏🙏🙏🙏🙏🙏🙏
via အလင်းရောင် ဓမ္မ https://ift.tt/38wVf9G
Newer Post
Older Post
Home