Sunday, November 17, 2019

ပြည့်တန်ဆာနှင့် ဝိပဿနာ (အရမ်းကောင်းတဲ့စာလေးမို့ ခဏလေးဖတ်ကြည့်ပေးပါ။) လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀ကျော်လောက်က တကယ့်ဖြစ်ခဲ့တဲ့ ဇာတ်လေးတစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ...🍀🍀 ကာလအနေနဲ့ပြောရင် .. မြတ်စွာဘုရားပွင့်တော်မူနေတဲ့ ကာလပါ။ ပြည်က ဝေသာလီပြည်မှာပါ။အဲဒီကာလ အဲဒီဝေသာလီပြည်မှာပဲ "မဝိမလာ" လို့ အမည်ရတဲ့ အမျိုးသမီးလေးတစ်ယောက်ရှိခဲ့ဖူးပါတယ်။ ၀ိမလာရဲ့အဓိပ္ပာယ်က အညစ်အကြေး ကင်းစင်သူ၊ သန့်ရှင်းစင်ကြယ်သူပါ..🍀 ဒါက တင်စားထားတဲ့ ရုဠီ နာမည်ပါ။ တကယ့်အရှိ အနွတ္ထအမည် မဟုတ်ပါဘူး။ ၀ိမလာဟာ ဝေသာလီပြည်မှာ အလှဆုံးစာရင်း၀င် တစ်ယောက်ပါ။ သူ့ရဲ့ ထူးခြားချက်ကတော့ အမေဖြစ်သူက ပြည့်တန်ဆာမတစ်ယောက် ဖြစ်တဲ့အတွက် သူလည်း အရွယ်ရောက်လာတဲ့အခါ မိခင်ရဲ့အလုပ်ကို ဆက်လုပ်ရပါတယ်။ ၀ိမလာဟာ ဝေသာလီပြည်သားတွေရဲ့ ပါးစပ်ဖျားမှာလည်း" ဝိမလာ ၊ဝိမလာ " ဆိုပြီးရေပန်းစားနေပါတယ်။ ဝိမလာ ရဲ့ဆီကို သူဌေးသူကြွယ်တွေလောက်ပဲ သွားနိုင်ပါတယ်။ ကျန်တဲ့ သာမန်လူတွေ တော့ မသွားနိုင်ပါဘူး။ ဝိမလာ ကိုယ်တိုင်ကလည်း သူ့ရဲ့အလှ သူ့ရဲ့အောင်မြင်ကျော်ကြားမှုအပေါ် သိပ်ပြီးဂုဏ်ယူပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ .. အရှင်မဟာမောဂ္ဂလာန် ဟာ ဝေသာလီပြည်ထဲကို ဆွမ်းခံကြွလာပါတယ်။ ကြွလာရင်းဝိမလာ ရဲ့ အိမ်ရှေ့ရောက်လာတော့ တိုက်တိုက်ဆိုင်ဆိုင် ၀ိမလာက အိမ်ထဲကနေ အပြင်ကို ထွက်အကြည့်နဲ့ ဆုံသွားပါတယ်။ ဝိမလာက အရှင်မဟာမောဂ္ဂလာန်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ရင်ခုန်သွားပါသတဲ့။ ပြီးတော့ ချစ်တဲ့စိတ်လည်း ဖြစ်သွားပါသတဲ့။ တစ်စုံတစ်ယောက်ကိုချစ်မိရင် အဲဒီသူဆီက အချစ်ကိုလည်း ပြန်လိုချင်တာက ဓမ္မတာပါ။ဝိမလာဟာ အရှင်မဟာမောဂ္ဂလာန်ဆီက အချစ်ကိုရဖို့အတွက် အပြင်းအထန် စဉ်းစားပါတယ်။ ကိုယ့်ကိုယ် ကို ပြန်ကြည့်လိုက်တော့ သူ့ရဲ့ ထူးခြားတဲ့အလှကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် အိမ်မှာရှိတဲ့ အ၀တ်တွေ ထဲက ကောင်းပေ့ဆိုတဲ့အ၀တ်တစုံကို ထုတ်၀တ်လိုက်ပါတယ်။ တန်ဖိုးအကြီးဆုံး လက်ကောက်တို့၊ ဆွဲကြိုး တို့ကိုလည်း ၀တ်ဆင်လိုက်ပါတယ်။ အကောင်းဆုံး နံ့သာဆီတွေကိုလည်း လိမ်းလိုက်ပါတယ်။ အရင်ပြင်နေကျနေ့တွေထက် ပိုပြင်လိုက်ပါတယ်။ ပြီးတော့ ကိုယ်လုံးပေါ်မှန်ရှေ့ ရပ်လိုက်ပါတယ်။ မှန်ထဲ ကြည့်ပြီး သူ့ရဲ့အလှနဲ့ သူ့ရဲ့ပြင်ဆင်ခြယ် သထားမှုအပေါ်ကိုလည်း စိတ်ချသွားပါတယ်။ စိတ်တိုင်းကျပြုပြင်ပြီးပြီဆိုမှ အဖော်သီးခြားမခေါ်တော့ဘဲ အရှင်မဟာမောဂ္ဂလာန် ရှိရာ ကျောင်းကို တစ်ယောက်တည်းပဲ ထွက်ခဲ့ပါတယ်။ အရှင်မဟာမောဂ္ဂလာန် ဆီရောက်တော့ ရှိခိုးဦးချလိုက်ပါတယ်။ အရှင်မဟာမောဂ္ဂလာန်ကို အနီးကပ်တွေ့ လိုက်ရတော့ ရင်က ပိုပြီးခုန်သွားပြန်ပါတယ်။ ပြီးတော့ အရှင်မဟာမောဂ္ဂလာန်ကို သံယောဇဉ်ရှိတဲ့ အကြောင်း နှုတ်ကဖွင့်ပြောလို့ မရတဲ့ အတွက်အမူအရာလေးတွေနဲ့ ပြပါတယ်။ အရှင်မဟာမောဂ္ဂလာန်ကတော့ ဝိမလာ ရဲ့စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ဒီတော့ အရှင်မဟာမောဂ္ဂလာန်က အလှကိုအမှီပြုပြီး အလှနဲ့ဆွယ်နေတဲ့ ဝိမလာကို အလှ ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ အသုဘတရားကို ဟောပါတယ်။ " နှမ ဝိမလာ ...... သင့်ရဲ့ခန္ဓာကိုယ်ဟာ စက်ဆုပ် ရွံရှာဖွယ်တွေနဲ့ ပြည့်နေတယ်။ ပြီးတော့ အပုပ်နံ့တွေနဲ့လည်းနံစော်နေတယ်။ သူတစ်ပါးရဲ့ ခန္ဓာကိုယ်ဟာလည်း ဒီအတိုင်းပဲ။ သင့်နှမဟာ စက်ဆုပ်ဖွယ်ဖြစ်တဲ့ ခန္ဓာကိုယ်အချင်းချင်း တပ်မက်နေတယ် " အရှင်မဟာမောဂ္ဂလာန်က ဝိမလာရဲ့ နှလုံးသားထဲအထိ ရောက်သွားအောင် ၀ိမလာ သဘောပေါက်သွားအောင် အသုဘတရားကို အကျယ်ဟောပြပါတယ်။ အရှင်မဟာမောဂ္ဂလာန်က ဂါထာတွေ အများကြီးနဲ့ ဟောပြတာပါ။ ဒီမှာတော့ တစ်ပုဒ်ပဲ ရေးပြလိုက်ပါတယ်။ အတိတ်အတိတ်ဘဝတွေက ပါရမီပါလာခဲ့သူလည်းဖြစ်၊ ဟောနေတဲ့သူကလည်း အရှင်မဟာမောဂ္ဂလာန် ဖြစ်ဆိုတော့ ချက်ချင်း အသိမှန်ကို ရသွားပါတယ်။ တရားထူးတော့ မရသေးပါဘူး။ ဒါကြောင့် ၀ိမလာက " အရှင်ဘုရား .... တပည့်တော်ကို ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တဲ့ ဥပါသိကာမအဖြစ် အသိအမှတ် ပြုပါဘုရား "လို့ လျှောက် လိုက်ပါတယ်။ ဝိမလာဟာ အိမ်ရောက်တော့ အရှင်မဟာမောဂ္ဂလာန် ဟောခဲ့တဲ့တရား၊ ဟောလိုက်တဲ့ တရားက ခေါင်းထဲက မထွက်တော့ပါဘူး။ ဒါကြောင့် နှာဖူးပေါ် လက်တင်ပြီးစဉ်းစားပါတယ်။ " လူ့ဘ၀ကို ရရှိဖို့ရာလည်း သိပ်ပြီးခဲယဉ်းတယ်။ အသက်ရှင်နေဖို့လည်း ခဲယဉ်းတယ်။ တရားတော်ကို နာကြားခွင့်ရဖို့လည်း ခဲယဉ်းတယ်။ မြတ်စွာဘုရား သာသနာနဲ့ တွေ့ကြုံဖို့လည်းခဲယဉ်းတယ်။ ငါဟာ ရခဲတဲ့ ခဲယဉ်းတဲ့ တရားလေးပါးကို ရနေတယ်။ ရခဲခြင်းတရားလေးပါးကို ရနေခိုက်မှာ အရှင်မဟာမောဂ္ဂလာန် မျှော်လင့်တဲ့ ၊ ရစေချင်တဲ့ အရဟတ္တဖိုလ်ကို ရအောင်ရှာမှပဲ " ၀ိမလာဟာ အဲဒီလိုစဉ်းစားပြီး သူ့ရဲ့ လုပ်နေကျ ပြည့်တန်ဆာအလုပ်ကို ရပ်ပစ်လိုက်ပါတယ်။သူ့ဆီလာနေကျ ပုဂ္ဂိ်ုလ်တွေကတော့ တောက်တခေါက်ခေါက်နဲ့ပေ့ါ။ ၀ိမလာကတော့ ဂရုမစိုက်ပါဘူး။ ပြီးတော့ " ငါ ဒီအတိုင်းထိုင်နေလို့ ကတော့ အရဟတ္တဖိုလ်က သူ့အလိုလို ငါ့ဆီရောက်လာမှာမဟုတ်ဘူး။တရား အားထုတ်မှပဲ။ တရားအားထုတ်တဲ့နေရာ မှာလည်း င့ါမှာ လောကီအတွက် ဘာမှငဲ့စရာမရှိတော့ ဘိက္ခုနီ၀တ်ပြီး တရားအားထုတ်တာက အကောင်းဆုံးပဲ " ဆိုပြီး ဘိက္ခုနီမ ၀တ်လိုက်ပါတယ်။ ဆိတ်ငြိမ်တဲ့နေရာတစ်ခုမှာသွားပြီး တရားအားထုတ်လိုက်တာ "အရဟတ္တဖိုလ်" ရသွားပါတော့တယ်။ ဒီတော့ တကယ့် ကိလေသာအညစ်အကြေးကင်းစင်သူ ၀ိမလာ ဖြစ်သွားတော့တာပါ။ ၀ိမလာဟာ အရှင်မဟာမောဂ္ဂလာန်ဆီကို သွားတုန်းက ရာဂစိတ်နဲ့ သွားခဲ့တာပါ။ သာမန်အားဖြင့်တွေးရင်ရာဂစိတ် တဏှာစိတ်ကလည်း ပြင်းထန်၊ လုပ်တဲ့အလုပ်ကလည်း ပြည့်တန်ဆာ အလုပ်ဆိုတော့ ဘယ်လိုမှ တရားထူး တရားမြတ် ရနိုင်စရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် လူဟာ ပစ္စုပ္ပန်တည့်တည့်မှာ ကိုယ်ဖြစ်နေတဲ့စိတ်နဲ့ ရုပ်ကို တည့်တည့်ဥာဏ်နဲ့ စိုက်ကြည့်လိုက်နိုင်ဖို့ပါပဲ။ ဥာဏ်နဲ့ တည့်တည့် စိုက်ကြည့်လိုက်တာနဲ့တစ်ပြိုင်နက် လက်ရှိရပ်တည်နေတဲ့ ရပ်တည်ချက်နဲ့ အမှန် အမှားကိုသိခွင့်ရသွားတတ်ပါတယ်။ လူဟာ ကိုယ့်ဘ၀ကိုယ် အမှန်အတိုင်း သိသွား ဖို့ပဲ အရေးကြီးပါတယ်။ ပုထုဇဉ်ပီပီ ဘယ်သူမှအပြစ်အကင်းကြပါဘူး။ အပြစ်ဆိုလို့ "ဆရာနန္ဒာသိန်းဇံ" ရဲ့ " မနက်ဖြန်များကို ဖြတ်သန်းနေသောစိတ်ကူးများ " စာအုပ်ထဲက ပုံ၀တ္ထုလေးတစ်ပုဒ်ကို သွားသတိရပါတယ်။ အဲဒီ၀တ္ထုလေးထဲကို ခပ်ကျဉ်းကျဉ်းလောက် ပြန်ပြောပြရအောင်ပါ။ တစ်ခါတုန်းက ဘာသာရေးပုဂ္ဂိုလ်တွေ အပါအ၀င် လူတစ်စုဟာ ဂျီးဇက် (Jesus Christ) ဆီကို ပြည့်တန်ဆာမတစ်ဦးကို ခေါ်လာကြတယ်။ အဲ့ဒီအမျိုးသမီးဟာ မကောင်းတဲ့အကျင့်ကို ပြုတဲ့အတွက်အပြစ် ရှိတယ်ဆိုပြီး ဒီလူတွေကခေါ်လာကြတာပါ။ ဂျီးဇက်ဆီရောက်တဲ့အခါကျတော့ အဲဒီဘာသာရေးပုဂ္ဂိုလ်တွေက " ပြည့်တန်ဆာမကို ကျောက်ခဲနဲ့ ပစ်ပေါက်အပြစ် ပေးရမယ်လို့ မောရှေ (MOSES) က အမိန့်ချခဲ့ကြောင်း၊ ဒီကိစ္စမှာ သင်ကော ဘယ်လိုအမိန့်ချမလဲ"လို့ ဂျီးဇက်ကို ဝိုင်းမေးကြပါတယ်။ ဂျီးဇက်ဟာ သူတို့ကို မော့မကြည့်ဘဲ သူ့လက်ချောင်းနဲ့ မြေကြီးပေါ်မှာ စာရေး နေပါတယ်တဲ့။ ဂျီးဇက်ဆီကအဖြေစကား မရမချင်း ဒီလူတွေက မေးနေကြပါတယ်။ ဒီတော့ ဂျီးဇက်က သူတို့ကို မော့ကြည့်ပြီးတော့ " သင်တို့အထဲက ကိုယ့်ကိုယ်ကို အပြစ် ကင်းတယ်ဆိုတဲ့သူဟာ ရှေးဦးစွာပဲ ဒီအမျိုးသမီးကို ခဲနဲ့ပေါက် "လို့ ပြောလိုက်ပါတယ်။ ဂျီးဇက် စကားကြားလိုက်တော့ ပြည့်တန်ဆာမကို ဘယ်သူမှ ခဲနဲ့မပေါက်ဖြစ်တော့ဘဲ တစ်ယောက်နောက်တစ်ယောက်လိုက်ပြီး ထွက်သွားကြလိုက်တာ တစ်ယောက်မှ မကျန်ရစ်တော့ပါဘူးတဲ့။ သူတို့အားလုံးပြန်သွားမှ ဂျီးဇက် က ပြည့်တန်ဆာမကို နောက်ထပ်အပြစ်တွေ၊ မကောင်းမှု တွေ မလုပ်နဲ့လို့ဆုံးမပြီး သွားလိုရာသွားဖို့ ခွင့်ပြုလိုက်ပါတယ်။ ♦ သူတစ်ပါးအပြစ်အကြောင်း စဉ်းစားမိတိုင်း ဆရာနန္ဒာသိန်းဇံ ပြောပြ တဲ့ ပုံ၀တ္ထုလေးကို သတိရမြဲပါ။ ဒီပုံ၀တ္ထုလေးက ဂျာနယ်မှာ ပါလာကတည်းက စွဲခဲ့တဲ့ ပုံ၀တ္ထုလေးပါ။ဟိုတလောလေးကပဲ သတင်းတစ်ခု ရောက်လာပါတယ်။ ၀ိမလာတို့လို အမျိုးသမီးတွေကို အမှတ်-၁၈၊နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမှာရှိတဲ့ လုမှု ၀န်ထမ်းဦးစီးဌာနမှာ ပြုပြင်စောင့်ရှောက်ပေးထားတယ်တဲ့။ ဆွမ်းဒါနပြုမယ်ဆိုရင်လည်း တစ်နေ့တာလုံးမှ လေးသောင်းပဲကျပါတယ်တဲ့။ ကိုယ်နိုင်ရာ အရုဏ်ပဲဖြစ်ဖြစ်၊ နေ့လယ်ဆွမ်းပဲဖြစ်ဖြစ်ခွဲ ကျွေးရင်လည်း ရပါတယ်တဲ့။ ♦ သူတို့လေးတွေဟာ တကယ့် ပထမအရွယ်လေးတွေပါ။ ဒီပထမအရွယ်လေးတွေမှာ ဘ၀လမ်းကြောင်းမှားနေတာဟာ သိတဲ့ လူတိုင်းမှာ တာ၀န်ရှိပါတယ်။ ♦ ဘာဖြစ်လို့လဲဆိုတော့ သံသရာမှာ ဆွေမျိုး မတော်ခဲ့သူဆိုတာ ရှိကိုမရှိပါဘူး။ အမေပဲဖြစ်ဖြစ်၊ အစ်မပဲဖြစ်ဖြစ်၊ ညီမပဲဖြစ်ဖြစ်၊ နောက်ဆုံး ဇနီးမယားပဲ ဖြစ်ဖြစ် တော်ခဲ့ကြမှာပါ။ ယောဆရာတော်ဘုရား မကြာခဏဟောသလို "ဘဝတွေဝေးသွားလို့ တစိမ်းတွေ ဖြစ်သွားကြတာပါ။ "အားလုံးဟာ ဆွေမျိုးတွေချည်းပါပဲ။ သံသရာတစ်ကွေ့မှာ ဆွေမျိုးတော်ခဲ့ရင် သူတို့ရဲ့ ကျေးဇူးလေးတွေလည်း ရှိခဲ့မှာပါ။ အဲဒီကျေးဇူးလေးတွေကို အာရုံပြုပြီး ကိုယ်က သူတို့ကို ကူညီလို့ရတဲ့ အနေအထားနဲ့ ကူညီပေးဖို့ပါ။ ♦ တကယ်တော့ သူတို့ဟာ ဖြစ်ချင်လို့ဖြစ်သွားရတာ မဟုတ်ပါဘူး။ နောက်ကွယ်မှာ အကြောင်းအမျိုးမျိုး ရှိနေကြမှာပါ။ ပြီးတော့ လူတွေရဲ့ အကြင်နာကို မရတော့ စိတ်ဓာတ်ရေးရာအရလည်း သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူဘဲ ဖြစ်နေတတ်ပါတယ်။ဒီတော့ တစ်ဖက်သားကိုကြည်တဲ့့အခါ မယုံတဲ့စိတ်၊ သံသယဖြစ်တဲ့စိတ်၊နာကြည်းတဲ့စိတ်၊ အလိုမကျတဲ့စိတ်တွေကလည်း လွှမ်းမိုးနေမှာပါ။ စိတ်ကြောင့်ဖြစ်တဲ့ဒဏ်ရာကို စိတ်ကိုအခြေခံပြီး ရှုရတဲ့ ဝိပဿနာနဲ့ ကုလိုက်တာဟာ အထိရောက်ဆုံးဖြစ်မယ်လို့ထင်ပါတယ်။ ဒါကတရားသဘောဓမ္မရှုထောင့်က ပြောတာပါ။ ဌာနက ပြုစုစောင့်ရှောက်နည်းတွေနဲ့လည်း ပြုစုစောင့်ရှောက်ပေါ့လေ။ တစ်ဖက်က ဝိပဿနာ လေးပါတွဲသွားနိုင်ရင် အကောင်းဆုံးပါပဲ။ သတင်းကြားကတည်းက စိတ်ထဲမှာ တေးထားလိုက်တာပေ့ါလေ။ ဆွမ်းလည်းကျွေးရင်းပေ့ါ လေ။ ပြီးတော့ တရားလည်း ဟောချင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ဝိပဿနာတရား အဓိကထားဟောခဲ့ချင်ပါတယ်။ ထိုင်မှတ် မှတ်တဲ့အခါ ဘယ်လိုမှတ်ရတယ်။ စင်္ကြကြွတဲ့အခါ ဘယ်လိုကြွရတယ်။ အိပ်ရာထတဲ့အခါ၊ မျက်နှာသစ်တဲ့အခါ၊ ထမင်းစားတဲ့အခါ၊အောက်ထစ်ဆုံး ကျင်ကြီးကျင်ငယ် စွန့်တဲ့အခါ .... စသည်ဖြင့်ပေ့ါလေ။ ဘယ်လိုမှတ်ရတယ်ဆိုတာ ဟောပြပေးခဲ့ချင်တာပါ။ ဒီလို အနေအထားရောက်နေတဲ့သူတင် မဟုတ်ပါဘူး။ ဘယ်လို အနေအထားပဲ ရောက်နေ၊ရောက်နေစိတ်ဓာတ်ရေးရာ အရပြုပြင်ယူရတဲ့အခါ ဝိပဿနာနဲ့ပြုပြင်ယူတာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးပါ။ ၀ိပဿနာအားထုတ်ရင်း အားထုတ်ရင်းနဲ့ ဥာဏ်စဉ်လေးတွေ ၀င်၀င်လာပါလိမ့်မယ်။ အားထုတ်ခါစမှာတော့ ချက်ချင်း၀င်လာ ဦးမှာ မဟုတ်ဘူး။ ရက်ကလေးရလာတာနဲ့ ၀င်လာမှာပါ။ ရုပ်နဲ့နာမ်ခွဲခြားပြီးသိသွားတာ၊ အကြောင်းနဲ့အကျိုးကို ခွဲခြားသိသွားတာ၊ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော ၊ အစိုးမရတဲ့သဘောတွေကို မြင်လာတာ စသည်ဖြင့်ပေါ့။ ဥာဏ်စဉ်တွေ၀င်လာတာနဲ့ ကိုယ်လုပ် နေတဲ့အလုပ်မှားသလား မှန်သလားဆိုတာပါ သိသွားမှာပါ။ပါရမီပါခဲ့ရင် ဝိမလာတို့လို တရားထူး တရားမြတ်တွေတောင်ရသွား နိုင်ပါတယ်။ပြီးတော့ ငယ်တုန်း တရားအား ထုတ်ရတာ အကောင်းဆုံးပါပဲ။ အသက်ကြီးလာရင် ရုပ်ကလည်းအို၊ နာမ် ကလည်းအိုလာပြီး တရားအားထုတ်ရတာ မကောင်းတော့ပါဘူး။ ဘာပဲပြောပြော ကိုယ်က လူဘ၀ကို ပီပီပြင်ပြင် ရထားတယ်။ ပြီးတော့ ရခဲခြင်း လေးပါးကိုလည်း ရထားတယ်။ဒီတော့ ၀ိပဿနာတရားကိုလည်း အားထုတ်လိုက်ရင် ဘ၀ရဲ့အမှန်တရားကို အလင်းတစ်ခုအနေနဲ့ သိခွင့်ရလိုက်ကြမှာပါ။ ဒီဆောင်းပါးကို မဟာစည်ဆရာတော် ဘုရားကြီးရဲ့ လင်္ကာလေးတွေနဲ့ပဲ နိဂုံးချုပ်လိုက်ကြရအောင်ပါ။ ၁။ လူတစ်ယောက်ဟာ ၊ ဖြစ်ဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။ ဖြစ်ခဲလှစွာ ၊ လူဆိုတာ ၊ ဖြစ်ကာနေကြပြီ ။ ၂။ လူတစ်ယောက်ဟာ ၊ ရှင်ဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။ ရှင်ခဲလှစွာ ၊ သက်ဆိုတာ ၊ ရှင်ကာနေကြပြီ ။ ၃။ တရားတော်ဟာ ၊ နာဖို့ရာ ၊ လွန်စွာခဲယဉ်းသည်။ နာရခဲစွာ ၊ တရားဟာ ၊ နာကာနေကြပြီ ။ ၄။ သာသနာဟာ ၊ တွေ့ဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။ တွေ့ခဲလှစွာ ၊ သာသနာ ၊ တွေ့ကာနေကြပြီ အကြောင်းလေးဖြာ ၊ ဆုံဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။ ဆုံခဲလှစွာ ၊ ကြောင်းလေးဖြာ ၊ ဆုံကာနေကြပြီ ။ အကြောင်းလေးဖြာ ၊ ဆုံခိုက်မှာ ၊ အရိယာမဂ်ဟာ ရသင့်သည် ။ - [အရှင်ရာဇိန္ဒ ( ရဝေနွယ်-အင်းမ)] ကျမ်းကိုး - ထေရီအဋ္ဌကထာ ၊ ဝိမလာထေရီ၀တ္ထု ။ (ဆရာတော် ရဝေနွယ် (အင်းမ) ၏ အတွေးများနှင့်မိတ်ဖွဲ့ခြင်း မှ-) ဓမ္မဒါန ဖြစ် တင်ပြ သူ *မချိုနွယ်ဝင်း* (ခ)ဆရာလေးဒေါ်ခေမာသိင်္ဂီ


via အလင်းရောင် ဓမ္မ https://ift.tt/2NSoUBK