Saturday, August 17, 2019

သဒ္ဓါခိုင်မှ ရတနာဆိုင်တယ်ံ💎💎💎💎💎💎💎💎 ခေတ်ကာလ လူငယ်တော်တော်များများနဲ့ ပညာတတ်ဆိုသူ လူတော်တော်များများဟာ ဘာသာတရားနဲ့ ရတနာများအပေါ်မှာ မလိုအပ်ဘူးဆိုတဲ့ အတွေးတွေနဲ့ ဘာသာမဲ့ ဆန်ဆန်တွေ ဖြစ်လာကြတာ တွေ့လာရတယ်။ ကျန်တဲ့ဘာသာတွေတော့ မသိဘူး ဗုဒ္ဓဘာသာ ကတော့ လူတစ်ဦးတစ်ယောက်ရဲ့ ယုံကြည်မှုအပေါ် သူ့ကိုယ်ပိုင် ဆုံးဖြတ်ခွင့်နဲ့ပဲ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားပါတယ်။ မဖြစ်မနေ ယုံကြည်ရမယ်၊ လက်ခံရမယ်ဆိုကာ အတင်းစည်းရုံး သိမ်းသွင်းတာမျိုးမရှိပါဘူး။ ကိုယ့်သဒ္ဓါတရားကို ကိုယ့်ဉာဏ်အားနဲ့ ပေါင်းစပ်ပြီး ကိုယ့်ရွေးချယ်မှုနဲ့ပဲ သွားရမှာ ဖြစ်ပါတယ်။ မကိုးကွယ်၊ မဆည်းကပ်၊ မယုံကြည်လို့လည်း ဗုဒ္ဓဘာသာက ဘာမှ မဖြစ်ဘူး။ ကိုယ့်အတွက်ပဲ ပစ္စုပ္ပန် သံသရာနစ်နာသွားမှာပါ။ ကိုယ့်ဘာသာတရားမို့ ပြောတာမဟုတ်ဘူး။ တကယ်တော့ ဗုဒ္ဓဘာသာဟာ အမတန်ယုတ္တိကျပြီး တန်ဘိုးမဖြတ်​နိုင်တဲ့ ဘာသာတရားပါ။ ဗုဒ္ဓဘုရားရဲ့ အဆုံးအမများဟာ လက်တွေ့ကျင့်ကြံရင် ကျင့်ကြံအားထုတ်နိုင်သမျှ အကျိုးတရား ကြီးမားလှတာပါ။ အဲ မကျင့်ရင်တော့ ဒီတန်ဘိုးကို အပြည့်အဝ သိခွင့်ရမှာတော့ မဟုတ်ဘူးပေါ့။ ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါးဟာ လောကမှာအမြတ်ဆုံး ရတနာတွေပါ။ ဒီလိုပြောလို့ ကိုယ့်ဘာသာတရား ကိုယ်ချဲ့ ကားတာမျိုး မဟုတ်ပါဘူး။ တကယ့်လက်တွေပိုင်းမှာလည်း ဒီရတနာသုံးပါးဟာ အခြားလက်ဝတ်ရတနာစတဲ့ ရတနာတွေထက် အဆပေါင်းမြောက်များစွာ တန်ဘိုးခြင်းက ကွာခြားနေတော့တာ ဖြစ်ပါတယ်။ ဘုရားရတနာရဲ့ စွမ်းအားနဲ့တန်ဘိုး၊ တရားရတနာရဲ့ စွမ်းအားနဲ့တန်ဘိုး၊ သံဃာရတနာရဲ့ စွမ်းအားနဲ့ တန်ဘိုးဆိုတာ ယုံကြည်မှု သဒ္ဓါတရား ခိုင်မာနေတဲ့ သူတွေအတွက် တခြားတခြား ရတနာတွေထက် ပိုပြီးတန်ဘိုးရှိနေတယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် ဒီရတနာတွေဟာ သဒ္ဓါနဲ့မှ အဖိုးထိုက်ပါတယ်။ သဒ္ဓါရှိမှ တန်ဘိုးရှိပါတယ်။ သဒ္ဓါခိုင်မှာ ရတနာဟာ ကိုယ်နဲ့ဆိုင်ပါတယ်။ ဘုရားမကြည်ညိုနိုင်တာ ဘုရားနဲ့မဆိုင်ဘူး ကိုယ့်သဒ္ဓါတရားနဲ့ပဲ ဆိုင်တယ်။ တရားမနာနိုင်တာ တရားနဲ့ မဆိုင်ဘူး ကိုယ့်သဒ္ဓါတရားနဲ့ပဲ ဆိုင်တယ်။ သံဃာအပေါ် အပြစ်မြင်နေတာ သံဃာနဲ့ မဆိုင်ဘူး ကိုယ့်သဒ္ဓါတရားနဲ့ပဲဆိုင်တယ်။ ဘုရားနဲ့နီးနိုင်တာ သဒ္ဓါရှိနေလို့ပါ။ တရားနာနိုင်တာ သဒ္ဓါရှိနေလို့ပါ။ သံဃာ့ကျေးဇူးသိနေတာဟာ သဒ္ဓါရှိနေလို့ပါ။ ဆိုလိုတာက ရတနာဆိုတာ လူတိုင်းနဲ့ မထိုက်ပါဘူး။ အထူးသဖြင့် ဗုဒ္ဓဘာသာရဲ့ ဘုရား၊တရား၊သံဃာ ဆိုတဲ့ ရတနာဟာ ဘုန်းကံရှိတဲ့သူ၊ သဒ္ဓါရှိတဲ့သူနဲ့ပဲ ထိုက်ပါတယ်။ အဲဒီသဒ္ဓါတရားကို ပညာလေးပါ တွဲထားသူတွေအတွက်တော့ ရတနာဟာ ပိုထိုက်တန်တာပေါ့။ ပညာတော့ တတ်ပြီး သဒ္ဓါမရှိတဲ့ သူအတွက်တော့ ဒီရတနာဟာ အမျက်ပါပဲ။ သူ့အတွက်တော့ ရတနာရဲ့ တန်ဘိုးဟာ "ရတာဟာ နာတာပဲ" ဆိုတာမျိုး ဖြစ်သွားမှာပါပဲ။ ဒါကြောင့် ဗုဒ္ဓဘာသာအတွက်တော့ ကိုးကွယ်ခြင်း၊ မကိုးကွယ်ခြင်းဟာ ကိုယ့်ခံယူချက်ပါပဲ။ တန်ဘိုးရှိတဲ့ ရတနာနဲ့ ထိုက်တန်ခြင်း မထိုက်တန်ခြင်းဟာလည်း ကိုယ့်ရွေးချယ်မှုပါပဲ။ ပညာနဲ့ယှဉ်တဲ့ သဒ္ဓါတရား ရှိထားရင်တော့ ဗုဒ္ဓ၊ဓမ္မ၊သံဃာ ဆိုတဲ့ရတနာဟာ ကိုယ့်အတွက်တော့ ဘာနဲ့မှ တန်ဘိုးမဖြတ်နိုင်တဲ့ ထိုက်တန်တဲ့ ရတနာသိုက်ကြီးဆိုတာ အသေအချာပါပဲ။ သဒ္ဓါခိုင်ရင် ရတနာဟာ ကိုယ်နဲ့ဆိုင်ပါတယ်။ မေတ္တာဖြင့် မနာပ ဒါယီ အရှင်ဝိစိတ္တ


via အလင်းရောင် ဓမ္မ https://ift.tt/2TDLOOL