အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, August 16, 2019
ဝိမုတ္တိဉာဏဒဿန (တပည့်ထံပေးစာ) 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဆုပ်ကိုင်မထားသူဟာ လွတ်လပ်တယ်.. ကိလေသာရန်သူဆိုတာ တစ်ကယ် မရှိပါဘူး.. အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ပေါ်ခဲ့သည်ရှိသော် အေးအေးဆေးဆေးနဲ့ ဖြေရှင်းလိုက်ရုံပါပဲ.. တရားဘယ်လိုမှတ်ရလဲလို့ မေးကြတယ်.. ဘယ်လိုမှ မှတ်မနေပါဘူး.. ကိလေသာရဲ့အခြေအနေ (သို့မဟုတ်) တစ်ပါးသူရဲ့ အခြေအနေ (သို့မဟုတ်) မိမိရဲ့ အခြေအနေကို ကြည့်ပြီး ဖြေရှင်းလိုက်ရတာပါပဲ.. ဒေါသသမားနဲ့တွေ့ရင် ကိုယ်က မေတ္တာသမားပေါ့.. လောဘသမားနဲ့တွေ့ရင် ကိုယ်က အလိုနည်းသူပေါ့.. ရာဂသမားနဲ့ တွေ့ရင် ကိုယ်က အသုဘဘာဝနာ ပွားများသူပေါ့.. ပျင်းရိသူနဲ့ တွေ့ရင် နိုးကြားသူပေါ့.. ဝိပဿနာသမားနဲ့ တွေ့ရင် ဝိမုတ္တိနဲ့ ရှင်းလိုက်ပေါ့.. စနေနဲ့တွေ့ရင် ကျွန်ုပ်၏နေ့နာမ်သည် ဗုဒ္ဓဟူးပါ.. တနင်္ဂနွေနဲ့တွေ့ရင် ကြာသာပတေးပေါ့.. ကိလေသာကင်းအောင် အခြေအနေအရ ပြောင်းလဲရတယ်.. ဒါကို အနိစ္စ ပြောင်းလဲခြင်းလို့ခေါ်တယ်.. မိမိကိုယ်ကို သုညထားမှ ဘာလာလာ ဒေါင်းလို့ရမယ်.. ဒေါသနဲ့တွေ့ရင် မိမိသုညထဲ မေတ္တာထည့်လိုက်ပေါ့.. မာန်မာနသမားနဲ့တွေ့ရင် မမြဲပါဘူး ဖြစ်ပျက်ပေါ့.. အတင်းကာရော ရေရှည် မေတ္တာပွားနေစရာ မလိုပါဘူး .. ဘာဖြစ်လို့လဲဆိုတော့ .. အခြားသူပင် မိမိကို ရေရှည် ဒေါသထွက်မနေနိုင်သောကြောင့်ပင် ဖြစ်တယ်.. တစ်နေကုန် အနိစ္စ ဒုက္ခ အနတ္တ သုည အသုဘ ပွားနေစရာ မလိုပါဘူး.. ပေါ်ပေါက်လာမှသာ ခဏတဖြုတ် ပြောင်းမြင်ပေးလိုက်ရုံပါပဲ.. လိုအပ်မှသာ သင့်လျော်သောလက်နက် ကိုင်သုံးပေးရတယ်.. ကြက်ကို ကြက်ချည်တဲ့ ကြိုး ဆင်ကို ဆင်ချည်တဲ့ ကြိုး နဲ့မှ သင့်တော်သကဲ့သို့ပါပဲ.. ကိလေသာကင်းအောင် လုပ်ရတာ လွယ်ပါတယ်.. သိပ်ပြီးလွယ်လွယ်ပြောတယ်လို့ မထင်ပါနဲ့ .. လွယ်အောင်လုပ်ထားမှ လွယ်ရတာပါ.. ဤသူသည် ဘာနေ့သားလဲ.? ဤသူနဲ့ ပေါင်းချင်ရင် ကျွန်ုပ်သည် သူ၏မိတ်နာမ်ပါ.. ဤသူကို တိုက်ချင်ရင် ကျွန်ုပ်သည် သူ၏ရန်ဓာတ်ပါ.. အမှန်စင်စစ် ကျွန်ုပ်မှာ.. ဘယ်ရုပ် ဘယ်နာမ် ဘယ်နေ့နာမ်ဟူ၍ လည်းကောင်း ကာမဂုဏ်ထဲ နစ်နေသူဟူ၍ လည်းကောင်း သံသရာ လည်နေသူဟူ၍ လည်းကောင်း လွတ်မြောက်နေသူဟူ၍ လည်းကောင်း စွဲယူမထားပါ.. ဆုပ်ကိုင်မထားပါ.. ဘာ့ကြောင့်ပါလဲ.. ၎င်း အရာတွေသည် အမှန်စင်စစ် တစ်ကယ်မရှိသောကြောင့်ပင် ဖြစ်သည်.. နှလုံးသွင်းကြံစည်ခြင်း ပြုမှသာ ပေါ်ပေါက်လာကြရပေသည်.. မသွားမှီကပင် ရောက်နှင့်နေလေပြီ.. ကိလေသာသည် မသတ်မှီကပင် သေနှင့်နေပါသည်.. ဤအရာသည်ကား ဓမ္မတာတည်း.. ~~~~~~~~~~~~~~~~~~~~~~~ အကြမ်း အနု၊အယုတ် အမြတ်၊ အနီး အဝေး၊အတွင်း အပြင်၊ အတိတ် အနာဂတ် ပစ္စုပ္ပန်တို့မှာ တစ်ကယ်တမ်းမရှိသေးတဲ့ စိတ်ကို ညစ်ညူးနောက်ကျိ ပူပန်စေတတ်သော ကိလေသာတရားတို့ အခါအခွင့်သင့်၊အကြောင်းတိုက်ဆိုင်လာခဲ့ကြပြီး ဖြစ်ပေါ်ခွင့် ရှိလာခဲ့ရင်.. သူတို့ဖြစ်ပေါ်စေမယ့် အကြောင်းကို သွားပြီး နှလုံးသွင်း ကြံစည်မိကြတဲ့အတွက် ဖြစ်ပေါ်လာခဲ့ကြရပြီး ပြန်လည် တစိမ့်စိမ့် နှလုံးသွင်းကြံစည်ခြင်းပြုပြီး ခံစားစွဲလန်း နေကြရတဲ့အတွက် ငြိမ်းအေးချမ်းသာခြင်း ကင်းဝေးနေကြရတာပါ၊ အဝိဇ္ဇာ(မောဟ)ဆိုတဲ့ မသိမှု့ ပညာမဲ့မှု့တို့ရဲ့ အပြစ်တွေပါပဲ .. ဉာဏ်ပညာနဲ့ လွတ်မြောက်မှု့ရသွားကြတဲ့ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိလို့ဆိုတဲ့ လမ်းစဉ်မှန် လမ်းစဉ်မှားကို သိတတ်သော ဉာဏ်၏ စင်ကြယ်ခြင်းနဲ့ ပြည့်စုံသွားကြတဲ့ သူတို့က ပြန်လည် ရှင်းလင်းပြပေးသွားရင် ကိလေသာဆိုတာ တစ်ကယ် မရှိမှန်း သိကြပြန်ပါရော.. ဟုတ်လည်း ဟုတ်ပေသားပဲ .. အကြောင်းတိုက်ဆိုင်လို့ ပေါ်ပေါက်လာတဲ့ တရားတွေကို အာရုံခြောက်ပါးနဲ့ ထိတွေ့ကြပြီး နှစ်သက်ရင် ကာမစ္ဆန္ဒ(လောဘ) မနှစ်သက်ရင် ဗျာပါဒ(ဒေါသ)ဆိုတဲ့ ကိလေသာတရားတို့ ဖြစ်ပေါ်ခွင့် ရှိကြတာပါ.. ဖြစ်ပေါ်ခွင့်နော်.. ဖြစ်တယ်လို့ တစ်ထစ်ချ မပြောရတာက သူတို့ကို မဖြစ်ပေါ်စေအောင် နှိမ်နင်းနိုင်တဲ့ ဝိဇ္ဇာဆိုတဲ့ ပညာက ရှိသေးတယ်လေ၊ ဥပမာပေါ့ဗျာ.. မိမိကို ဒေါသ ဖြစ်စေမယ့် အကြောင်းတရား ပေါ်ပေါက်လာခဲ့ရင် မေတ္တာတို့၊ခန္ဓီတရားတို့စတဲ့ အဒေါသဖြစ်စေမယ့် တရားတွေအပေါ် ဒေါသစိတ်ဖြစ်စေမယ့် စိတ်ထက် နည်းနည်းလေး ပိုပြီး ပြင်းထန်တဲ့စိတ်မျိုးလေးနဲ့ နလုံးသွင်းအာရုံပြုပေးလိုက်ရုံပါပဲ.. ဒါမှ မရသေးလို့ ဒေါသစိတ်ဖြစ်ပေါ်လာပါပြီတဲ့.. အကြားအမြင်များသော ဘုရားမြတ်စွာရဲ့တပည့် သားသမီးများပီပီ ဘုရားမြတ်စွာရဲ့ အရဟတ္တမဂ်ပညာ လက်နက်ကို ယူသုံးလိုက်ကြပေါ့ .. အနတ္တနိယ=ငါ၏ ဥစ္စာမဟုတ်သော တဲ့.. အဲဒီလို အရဟတ္တမဂ်ပညာ အနတ္တဓမ္မအပေါ် နှလုံးသွင်း အာရုံပြုလိုက်တာနဲ့ ကိလေသာနောက်ကို ကိလေသာဆက်စေရတဲ့ ကြံစည် ပြော ပြုနေရတဲ့ ဆင်းရဲ ဒုက္ခရောက်ရကြောင်းတွေ ချုပ်ငြိမ်းရတော့တာပေါ့ .. ဆက်ပြီး သုံးသပ်ဖောက်ခွဲရင်း မှန်စွာ ထိုးထွင်း သိမြင်လိုက်ပါက ကိလေသာက ဘယ်သူ့ ဥစ္စာပါလဲ ဗျာ? တို့တွေ ဥစ္စာ ဟုတ်သေးရဲ့လား? ဘုရားမြတ်စွာက ကိလေသာကင်းတာကို နိဗ္ဗာန်လို့ အတိအလင်း ဟောကြားမြွက်ခြွေပေးသွားခဲ့တယ်လေဗျာ.. လူ နတ် ဗြဟ္မာသတ္တဝါတို့ရဲ့ အစွဲအလန်းကို သိလို့ မဟာဂရုဏာ စေတနာတော်တို့နဲ့ ပညာဓိကဘုရား ပီပီ အရဟတ္တမဂ်ပညာနဲ့ အစွဲဖြုတ်ပေးသွားရတာပါလေ.. ကိလေသာကင်းဖို့က လွယ်ပါတယ်.. အနတ္တဓမ္မကို စိတ်မှာ ဆောင်ထားနေဖို့ပါပဲ.. ဆောင်ပြီး ပယ်နေရခြင်းဆိုတဲ့ သခါင်္ရဒုက္ခအကြွင်းအကျန်လေးပါ အမြန်သိမ်းပြီး ငြိမ်းအေးမှု့အစစ်အမှန်ကို စံစားချင်ရင်တော့ဖြင့် အထပ်ထပ် တရစပ် နှလုံးသွင်းခြင်းပြုပြီး ဉာဏ်မှာ ကိန်းအောင်းသွားအောင် အပီအပြင် ရိုက်ထည့်ပေးတတ်ရပါမယ်ပေါ့ .. တုတ်ချောင်းလေးနဲ့ သဲပြင်ပေါ်ရေးနေသလို မထိတထိလေး ရေးနေလို့ကတော့ ကိလေသာလေကြမ်းတစ်ချက် တိုက်လိုက်တာနဲ့ ပြန်လည် ပျက်ပြယ်သွားပြီး ခဏတိုင်း ပြန်ရေးနေရတဲ့ ဒုက္ခမှ လွတ်ကင်းဖို့ရန်တော့ လမ်းမမြင်သေးပါပေါ့ .. ကျောက်ဆိုင်ကျောက်သားအပေါ် ထွင်းထုတဲ့ အားစိုက်မှု့မျိုးနဲ့သာ အားစိုက်ပြီး အပီအပြင် ထွင်းထုပေးလိုက်ရင်ဖြင့်တော့ဗျာ နောက် လုပ်စရာကို မလိုတော့အောင် ဉာဏ်မှာ တစ်သားတည်း ခိုင်မြဲ ကိန်းအောင်းသွားရပြီး ပြုစီရင်နေရခြင်းဒုက္ခ သိမ်းရပါတဲ့ သဘာဝအငြိမ်းအစစ်ကို မှန်စွာ မြင်သိ စံစားရမှာပဲပေါ့ .. အလင်းရောင်ဓမ္မ Cr#
via အလင်းရောင် ဓမ္မ https://ift.tt/2ZgPgEl
Newer Post
Older Post
Home