Monday, August 12, 2019

* ရဟန်းမိဘ အပါယ်မကျ * မိဘဟူသည် ကစ္စည်းသဒ္ဒါကျမ်း၌ သားသမီးကို ချစ်မြတ်နိုးတတ်သောကြောင့် အမေ။ သားသမီးကို စောင့်ရှောက်တတ်သောကြောင့် အဖေဟု ဖွင့်ဆိုပြထားပါသည်။ ထို့ကြောင့် သားသမီးကို ချစ်မြတ်နိုး စောင့်ရှောက်တတ်သောကြောင့် မိဘဟု ခေါ်ရပါမည်။ မိဘဆိုတာ တစ်နေ့တာလုံးမှာ ၉၀% လောက်က သားသမီးတွေဆီကို စိတ်ရောက်နေတတ်ပါတယ်။ ရဟန်းမိဘတွေဆိုတာလည်း မိမိသားရဟန်းဆီ အမြဲစိတ်ရောက်နေတတ်ပါတယ်။ ဒီအချိန်ကတော့ ငါ့သားရဟန်း ဘုရားဝတ်ပြုချိန်။ ဒီအချိန်ကတော့ ငါ့သားရဟန်း ဆွမ်းခံကြွချိန်။ ဒီအချိန်ကတော့ ငါ့သားရဟန်း စာကျက်ချိန်။ ဒီအချိန်ကတော့ ဝေယျာဝစ္စလုပ်ချိန် စသည်ဖြင့် သားရဟန်းဆီ စိတ်ရောက်ရင်း သားရဟန်းပြုနေတဲ့ ကုသိုလ်တွေကိုအမြဲပီတိပွားနေတတ်ပါတယ်။ ကုသိုလ်ပီတိနဲ့လွှမ်းခြုံထားတဲ့ စိတ်ဟာ မကောင်းကျိုး မပေးနိုင်ပါဘူး။ နေ့တိုင်း သားရဟန်းဆီ စိတ်ရောက်ရင် သားရဟန်းကုသိုလ်အပေါ် အမြဲပီတိပွားနေတဲ့ ရဟန်းမိဘတွေဟာ အပယ်မကျနိုင်ပါဘူး။ ဒါပေမဲ့ သားရဟန်းတော့ရှိပါရဲ့။ သားရဟန်းဆီ စိတ်ကမရောက် ကုသိုလ်မပွား ပီတိမဖြစ် လုပ်မိလုပ်ရာ လုပ်နေမယ်ဆိုရင်တော့ အပယ်ကျမှာပါ။ ဒါကြောင့် ရဟန်းမိဘတိုင်း အပယ်မကျတာ မဟုတ်ပါဘူး။ သားရဟန်းဆီ စိတ်ရောက်ပြီး အမြဲပီတိပွားနေမှ အပယ်မကျနိုင်မှာပါ။ သားရဟန်းဆီ စိတ်မရောက်ပဲ အကုသိုလ်နဲ့ပဲ ပျော်မွေ့နေရင်တော့ အပယ်ကျမှာပါဟု ဖြေလိုက်ပါရစေ။ နောက် ပြောစရာလေးတစ်ခုက မိမိမှာ သားရဟန်းမရှိတဲ့ ဒကာဒကာမတွေလဲ မျက်နှာငယ်စရာ မလိုပါဘူး။ မိမိကိုးကွယ်တဲ့ဆရာတော် မိမိသားတစ်ယောက်လို ချစ်မြတ်နိုးတဲ့ရဟန်းတပါးဆီ စိတ်ရောက်နေပြီး အမြဲကုသိုလ်ပွားနေမယ်ဆို သူ့တို့လဲ ရဟန်းမိဘတွေလို အပယ်မကျနိုင်ပါဘူး။ လိုရင်းကတော့ ကုသိုလ်တရား၌ အမြဲစိတ်ရောက်နေပြီး ပီတိပွားနေမယ်ဆိုရင် အပယ်မကျနိုင်ပါဘူး။ လိုရင်းကတော့ ရဟန်းမိဘဖြစ်ဖြစ် မိဘမဟုတ်သူဖြစ်ဖြစ် ကုသိုလ်တရား၌ အမြဲစိတ်ရောက်ပြီး ပီတိဖြစ်နေမယ်ဆို အပယ်မကျနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ မိဘနှစ်ပါးလုံး ကျန်းမာချမ်းသာကြပါစေ။ ဇိနပုတ္တ ဂန္ထဝင် CR#ယောပနဘိက္ခု


via အလင်းရောင် ဓမ္မ https://ift.tt/2KsboTK