အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, August 12, 2019
ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဒုက္ခဖြစ်ရတာပါ ••••••••••••••••••••••••••••••••••••••••• "ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဒုက္ခဖြစ်ရတာပါ" ဟု ဆိုခြင်းဖြစ်သည်။ အဓိပ္ပါယ်လေးနက်သည်သာမက ဘဝထဲချ၍ လေးလေးနက်နက် အသုံးချတတ်ဖို့ အသိကို ပေး၏။ နက်ရှိုင်းသော အသိဥာဏ်ကိုလည်း ပေး၏။ သတိသမ္ပဇဉ် ဥာဏ်ယှဉ်လျက် ပြုမူနေထိုင်ဖို့.လည်း ပြော၏။ ဘဝတွင် နေတတ်၍ သေတတ်ဖို့ အသိသတိ ပေးနေသည့် စာကြောင်းတစ်ခု ဖြစ်သည်။ ဘုရားရှင်၏ တရားတော်များကို လေ့လာခြင်း ကြောင့် ထုတ်ယူထားနိုင်ခဲ့သည့် အဆီအနှစ် တစ်ခုဟူ၍ နားလည်မိပေသည်။ တစ်လောကလုံး ရင်ဆိုင်နေကြရသည့် ဒုက္ခဟူသမျှသည် လိုချင်ခြင်းကြောင့် ရရှိလာသော ဒုက္ခများသာ ဖြစ်ကြသည်။ မလိုချင်ဘဲနဲ့ ရရှိလာသော အရာများ မဟုတ်ကြပေ။ ရသတဏှာအတွက် သူ့အသတ် သတ်လျက် စားသောက်ကြ၏။ ရသတဏှာ၏ အလိုသို့ လိုက်ပါ ဖြည့်ဆည်းခွင့် မပေးမိပါက ခံစားရမည့် မွတ်သိပ်မှု ဒုက္ခကို မခံစားလိုကြ။ ထိုဒုက္ခကို မခံစားလို၍ သူ့အသတ်,သတ်ခြင်း အကုသိုလ်ကံကို ပြုမိလျက် ဒုက္ခကိုရကြ၏။ ဤသည်ကား ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် ဒုက္ခဖြစ်ရခြင်း ဖြစ်သည်။ မိမိကို ဆဲရေး၏။ ဆဲရေးခြင်းကို မခံစားနိုင်ပေ။ မခံစားနိုင်သည့်အတွက် တုံ့လှည့် တစ်ဖန်ဆဲရေး၏။ မိမိကို သူတစ်ပါးတို့ နှိပ်စက်မည်ဟု သိ၏။ ထိုနှိပ်စက်မှုကို မခံစားနိုင်သည့်အတွက် လက်ဦးမှုကို ယူလျက် နှိပ်စက်၏။ သူ့ပစ္စည်းကို မတရားလိုချင်၏။ လိုချင်သည့်စိတ်ကို သည်းမခံနိုင် မခံစားနိုင်၍ မတရားယူ၏။ အနိုင့်အထက် ယူ၏။ ခိုးယူ၏။ ဤသည်တို့သည် ဒုက္ခမဖြစ်လိုသည့်ဆန္ဒကြောင့် ဒုက္ခဖြစ်ရသော သာဓကများ ဖြစ်ကြပေသည်။ သီလဆောက်တည် ကျင့်သုံးသော အမှုကို အနေကျဉ်းကြပ်သည်ဟု ယူဆကြ၏။ ကိုယ့်ကိုယ်ကို နှိပ်စက်သောအကျင့်ဟု တစ်ချို့ဆိုကြ၏။ ထို့ကြောင့်ပင် လူတို့က လူ့သီလ ရဟန်းတို့က ရဟန်းသီလကို မဆောက်တည်လိုကြခြင်း ဖြစ်သည်။ အကွပ်မရှိသောတောင်း၏ ပရမ်းပတာဖြစ်ခြင်းကဲ့သို့… သီလအကွပ် မရှိသည့်အတွက် ပရမ်းပတာ ကျရောက်ခံစားရမည့် အပ္ပါယ်ဒုက္ခကို မမြင်နိုင်ကြ။ အနေမကြပ်လိုကြ။ အနေချောင်လိုကြ၏။ အနေချောင်က အသေကြပ်ကြမည်သာ။ အနေကြပ်မှ အသေချောင်မည်ဖြစ်သည်။ ပစ္စုပ္ပန် ကာမဂုဏ်ချမ်းသာတို့ကို အလိုရှိတိုင်း ဖြည့်ဆည်းခွင့်မပေးသည့် သီလဆောက်တည် ခြင်း ကိုယ်နှုတ်ချုပ်တည်းခြင်းကို မပြုလိုကြ။ အကွပ်ကွပ်ခြင်းကို ဆင်းရဲခြင်း ဒုက္ခဟုသာ မြင်နိုင်ကြ၍ ဖြစ်သည်။ ပစ္စုပ္ပန်တခဏ ခံစားရမည့် ချမ်းသာအတွက် ခံစားခွင့် မရမည့်ဒုက္ခကို မခံစားလိုကြ။ ထို့ကြောင့်ပင် ပစ္စုပ္ပန်တခဏ ဒုက္ခမဖြစ်လိုသည့် ဆန္ဒကြောင့် သံသရာခရီး၌ ဒုက္ခဖြစ်ရခြင်း ဖြစ်သည်။ များစွာသော လူတို့သည် ပစ္စုပ္ပန်တခဏ ဒုက္ခမဖြစ်ရေးအတွက် ဦးတည်၍ အလုပ်လုပ် နေကြ၏။ သတိပြုကြည့်က သိနိုင်သည်သာ။ ဖားအောက်ဆရာတော်ဘုရားကြီး
via အလင်းရောင် ဓမ္မ https://ift.tt/2MUKt4I
Newer Post
Older Post
Home