အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, August 1, 2019
သံယောဇဉ် ဆယ်ပါး 🔶🔶🔶🔶🔶🔶 ၁။ ကာမ သံယောဇဉ် ၂။ ဘ၀ သံယောဇဉ် ၃။ ပဋိဃ သံယောဇဉ် ၄။ မာန သံယောဇဉ် ၅။ ဒိဋ္ဌိ သံယောဇဉ် ၆။ ၀ိစိကိစ္ဆာ သံယောဇဉ် ၇။ သီလဗ္ဗတ သံယောဇဉ် ၈။ ဣဿာ သံယောဇဉ် ၉။ မစ္ဆရိယ သံယောဇဉ် ၁၀။ အ၀ိဇ္ဇာ သံယောဇဉ် သံယောဇဉ် ၁၀-ပါးလင်္ကာ (၁)အာရုံငါးဝ၊ တပ်စွဲက၊ ကာမ သံယောဇဉ်။ . (၂)သုံးပါးဘ၀၊ တပ်စွဲက၊ ဘ၀ သံယောဇဉ်။ . (၃)အမျက် ဒေါသ၊ စိတ်ဆိုးက၊ ပဋိဃ သံယောဇဉ်။ . (၄)ကိုယ်သာတော်လှ၊ ထင်မှတ်က၊ မာန သံယောဇဉ်။ . (၅)ရုပ်နာမ်ကိုပဲ၊ ငါကောင်စွဲ၊ ယူလွဲဒိဋ္ဌိပင်။ . (၆)တရားမှန်တွင်၊ မယုံချင်၍၊ ဆင်ခြင်နှိုင်းညှိ၊ ဝေဖန်ကြည့်၊ ၀ိစိကိစ္ဆာပင်။ . (၇)နွားခွေးတူစွာ၊ ကျင့်တာကောင်းမြတ်၊ ယူစွဲမှတ်၊ သီလဗ္ဗတပင်။ . (၈)ကိုယ်ထက်သူများ၊ ကောင်းစားသည်ကို၊ မနာလို၊ ခေါ်ဆို ဣဿာပင်။ . (၉)ကိုယ်လိုသူများ၊ ကောင်းစားမည်မှ၊ ၀န်တိုက၊ မစ္ဆရိယပင်။ . (၁၀) သစ္စာလေးတန်၊ ပြောင်းပြန်ထင်ကာ၊ မသိတာ၊ အ၀ိဇ္ဇာ သံယောဇဉ်။ . ၀ဋ်ဆင်းရဲမှ၊ မလွတ်ရအောင် ၊ ချည်နှောင်တတ်စွာ၊ ဤဆယ်ဖြာ၊ အဘိဓမ္မာ သံယောဇဉ်။ . ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး
via အလင်းရောင် ဓမ္မ https://ift.tt/2MoGTzA

🙏" #စိတ်ချမ်းသာချင်ရင်_ဂုဏ်တော်ပွားပါ"🙏 🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻 #လောကမှာ ပိုက်ဆံ ချမ်းသာတိုင်းလည်း စိတ်မချမ်းသာကြပါဘူး။ ပိုက်ဆံချမ်းသာပြီး စိတ်ဆင်းရဲနေတဲ့သူတွေ အများကြီးပါ။ ပိုက်ဆံ မချမ်းသာပေမဲ့ စိတ်ချမ်းသာနေတဲ့ လူတွေလည်း အများကြီးပါ။ တချို့ဆို သာမန်တိုက်ခန်းနဲ့ပါပဲ။ ဒါပေမဲ့ မိသားစု ကြည့်လိုက်ရင် အပူအပင် ကင်းကင်းနဲ့ စိတ်ချမ်းသာနေကြပါတယ်။ မျက်နှာတွေ ကြည့်လိုက်ရင်လည်း ပြုံးရွှင်နေကြတာပါပဲ။ အချိန်တန်ရင် တရားလေး ဝင်လိုက် ဝေယျာဝစ္စလေး ပြေးလုပ်လိုက်နဲ့ ကိုယ့်ဘဝကိုယ် ကျေနပ်နေကြတာပါ။ တချို့ကျ ပိုက်ဆံသိပ်ချမ်းသာကြပါတယ်။ ဒါပေမဲ့ မိသားစု ကြည့်လိုက်ရင် ပူညံပူညံနဲ့ ရှုပ်ယှက်ခတ် ဝုန်းဒိုင်းကို ကြဲနေတော့တာပါ။ ဘေးကကြည့်ရတဲ့ သူတွေတောင် သိပ်ပူလောင်တာပါ။ ကာယရှင်တွေဆို ဘယ်လိုနေကြမယ် မသိပါဘူး။ နေ့တိုင်းပူနေတော့ အပူကို ယဉ်ပါးပြီး ဆေးမတိုးတာလည်း ဖြစ်နိုင်ပါတယ်။ ကြောက်ဖို့ကောင်းတာက ဒီဘဝ အပူတွေဟာ နောက်ဘဝထိပါသွားမှာကိုပါ။ အထုံဆိုတာ နောက်ဘဝအထိပါ တတ်တာဆိုတော့ ပူတာကို ပူမှန်းသိရပါမယ်။ ဘေးပတ်ဝန်းကျင် အနေနဲ့လည်း မိတ်ဆွေကောင်းအနေနဲ့ ဖြေဆည်နည်း တရားသဘောကို ပြောပြပေးရပါမယ်။ ပြုပေးနိုင်ခဲတာကို ပြုပေးမှ မိတ်ဆွေစစ်လို့ ခေါ်ပါတယ်။ ဒါကြောင့် ပြောပြပေးရပါမယ်။ တရားသေဘာအရ စိတ်ဆင်းရဲရတယ်ဆိုတာ . . .ကိုယ့်ရင်ထဲမှာ ရာဂ ဒေါသ မောဟ ဣသာ မစ္ဆရိယ အစရှိတဲ့ အကုသိုလ်တွေ တစ်ခုခုကိန်းနေလို့ပါ။ ဂုဏ်တော်ပွားနေတဲ့ အခိုက်အတန့်လေးမှာ ရာဂ ဒေါသ မောဟ အစရှိတဲ့ အကုသိုလ်တွေ ကင်းနေတာပါ။ အဲဒီ အခိုက်အတန့်လေးဟာ စိတ်ချမ်းသာနေတဲ့ အချိန်လေးပါ။ အချိန်နည်းနည်းပွားရင် အချိန်နည်းနည်း စိတ်ချမ်းသာပါတယ် အချိန်များများပွားရင် အချိန်များများ စိတ်ချမ်းသာပါတယ်။ ဒါတကယ့်လက်တွေ့ပါ။ ဂုဏ်တော်ပွားနေတဲ့ အချိန် အခိုက် အတန့်လေးမှာ စိတ်ဆင်းရဲရတယ်ဆိုတာ လုံးဝကို မရှိတာပါ။ ဒါကြောင့် ဂုဏ်တော်ပွားရင် စိတ်ချမ်းသာတယ်လို့ ဆိုလိုတာပါ။ ဒီတော့ စိတ်ချမ်းသာချင်ရင် ဂုဏ်တော်ကို ပွားရပါတယ်။ အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ) 🙏မင်္ဂလာပါ တရားချစ်ခင်သူတော်စင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ့..🙏
via အလင်းရောင် ဓမ္မ https://ift.tt/2GGBkJ3

Wednesday, July 31, 2019
via အလင်းရောင် ဓမ္မ https://ift.tt/2MuUPbo
via အလင်းရောင် ဓမ္မ https://ift.tt/2yothMq
via အလင်းရောင် ဓမ္မ https://ift.tt/2MuUm98
via အလင်းရောင် ဓမ္မ https://ift.tt/2yqMyNf
via အလင်းရောင် ဓမ္မ https://ift.tt/2MuULZc
via အလင်းရောင် ဓမ္မ https://ift.tt/2yothvU
via အလင်းရောင် ဓမ္မ https://ift.tt/2MuUKEC
ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး၏ ရှင်းလင်းလွယ်ကူသော တရားစာစု ... °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° ၁။ ။ သီလရှိလျင် တောင့်တလိုချင်တိုင်း ပြည့်စုံစေနိုင်၍ သီလကို ကြိုးစားဖြည့်ရန်။ ၂။ ။သာသနာတည်ကြောင်း ကောင်းမှုများသည် နိဗ္ဗာန်သွားရန် ခြေထောက်သဖွယ်(စရဏ)ဖြစ်၍ တတ်အားသမျှ ပြုလုပ်ရန်။ ၃။ ။ ဘုရားစကား၊ ဆရာ့စကားကို မြေဝယ်မကျ တထစ်ချနာယူရန်။ ယခုကဲ့သို့ နေနိုင်ခြင်းသည်ပင်” ပါရမီရှိသူ” မည်၍ အချိန်အခါ ဘဝကောင်းသည်မှာ ဘုရားရှင်လက်ထက်တော်ကနှင့်မထူး၊ ထို့ကြောင့် ရှေးကပုဂ္ဂိုလ်များကဲ့သို့ ဝီရိယကို အမှီလိုက်၍ စိုက်ထုတ်ကြိုးစားရန်။ ၄။ ။သင်ကြားမှတ်သားထားချက်များ ပြော၍မကုန်အောင် အများကြီးတတ်သိကြသည်။ ထိုသို့များစွာရှိသော်လည်း ကြိုက်ရာတစ်ခုကိုသာ စူးစူးစိုက်စိုက် ဝီရိယသန်သန်နှင့် မှန်မှန်လုပ်ရန်သာ အရေးကြီးသည်။ မွေးသည်မှ သေသည်ထိ ထင်ရှားရှိနေသော ထွက်လေ-ဝင်လေကား လူတိုင်းသိလွယ်၊ ထင်လွယ်၍ ဝင်တိုင်း၊ ထွက်တိုင်း နှာဖျားဝ၌ ထိသည်ကိုသာ သိအောင်လုပ်၊ ယခုလုပ်ကြည့်၊ ယခုမီးငြိမ်း၊ ယခုလက်ငင်းချမ်းသာ၏။ ယင်းသို့ရှုမှတ်ခြင်းဖြင့် ကိုယ်နှုတ်နှလုံး သောင်းကျန်းမှုမရှိ၊ စိတ်သောင်းကျန်းမှုမရှိ၊ ရုပ်နာမ်မျှသာရှိပါကလားဟု နှာဖျားဝမှ တစ်ကိုယ်လုံး တလှုပ်လှုပ် တရွရွ ဖြစ်ပျက်နေသည်ကို မြင်ရမည်။ သို့ဖြစ်၍ သိက္ခာသုံးပါး အကျုံးဝင်သွားပြီ။ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါးလည်း ပါသွားပြီ။ သတိပဋ္ဌာန်လေးပါးစသော ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါးလည်း လုပ်ပြီးဖြစ်သွားပြီ။ အာနာပါနလုပ်နေခြင်းဖြင့် ပိဋကတ်သုံးပုံလုံးပင် အကျူံးဝင်လေပြီဖြစ်၍ ထွေလီကာလီ လျှောက်လုပ်မနေနဲ့။ တွေးသမျှ၊ ထင်သမျှမှားတတ်သည်။ ရေခပ်ရင်း၊ ထမင်းချက်ရင်း၊ အလုပ်လုပ်ရင်းလည်း ရှုမှတ်နိုင်၍ တစ်ချိန်တည်းတွင် အလုပ်နှစ်ခုပြီးသည်။ မည်သည့်ဣရိယာပုဒ်နှင့်မဆို ရှုမှတ်နိုင်၏။ ကမ္မဋ္ဌာန်းထိုင်ရတာ ဘာမှလဲ မတွေ့ပေါင်၊ မရပေါင်ဟု မမှတ်ရ။ တစ်ခဏအတွင်းရသည့် အကျိုးကား ကုန်စင်အောင်ပင်မပြောနိုင်။ တစ်နေ့ထက်တစ်နေ့ တိုးတက်၍သာ သွားတော့သည်။ ၅။ ။ အိမ်အမိုးမိုးသောအခါ စပ်အောင်မိုးလျှင် မိုး၊ နေကာကွယ်နိုင်သကဲ့သို့ တစ်ရက် နှစ်ဆယ့်လေးနာရီ တစ်ဆက်တည်း၊ တစ်စပ်တည်း ရှုမှတ်နိုင်အောင်ကြိုးစားရမည်။ နှစ်ဆယ့် လေးနာရီ တစ်စပ်လောက် ရလျှင်ပင် ထူးခြားသိသာလာမည်။ ၆။ ။ မိမိအနားရှိ မြင်သမျှ၊ ကြားသမျှ ကျေးဇူးရှင်ချည်းဖြစ်သည်။ အသံဗလံဆူညံ၍ နေရာမပြောင်းနှင့်။ ဆူညံသံများက ဝီရိယတိုးလိုက်ပါဦးဟု ပြောသော ကျေးဇူးရှင်များဖြစ်သည်။ မေတ္တာထား၊ သည်းခံရှုမှတ်။ ၇။ ။ မိဘ၊ သားသမီး ဝတ္တရားများကို ပြုလုပ်ရခြင်း၊ ကလေးငို၍ ချော့ထိန်းရခြင်းမှအစ သီလ၊ စရဏကုသိုလ်ချည်းဖြစ်သည်။ ၈။ ။ မိမိ အာနာပါနရှုမှတ်ခြင်းကို အကြောင်းပြု၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ မရေမတွက် နိုင်အောင် ကျေးဇူးများကုန်ကြတော့သည်။ ၉။ ။ ရုပ်နဲ့နာမ်ကို မတွေ့ချင်ပေါင်ဆိုပြီး ရှောင်လို့ တိမ်းလို့များ ရပါ့မလား? ထွက်လေဝင်လေ နှစ်ရပ်ဟာ မွေးကတည်းက သေတဲ့အထိ ရှိနေတာ။ ဘုရားရှင် ဆုံးမတဲ့အတိုင်း စိတ်ကို ရုပ်ပေါ်၊ နာမ်ပေါ်ထားရတာ ပင်ပန်းသလား? ပိုက်ဆံရော ကုန်သလား? ငှားရ၊ ချေးရသေးသလား? အချိန်ရော ကုန်သလော? တစ်ပါးသူရော သိသလား? ထားတာက ဝီရိယ၊ ထားတဲ့အတိုင်း နေတာက ဝီရိယိဒ္ဓိပါဒ်၊ အခုထား၊ အခုနေ၊ အခုပစ္စုပ္ပာန်ချမ်းသာ၊ ဒီချမ်းသာ ဆိုက်လာတော့ ဝီရိယပိုင်ရှင် သိတယ်။ သများသွားမေးစရာ မလိုဘူး။ တစ်နေ့ထက်တစ်နေ့ မတိုးတက်ဘဲ နေပါ့မလား? ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ တားဆီးပိတ်ပင်လို့ မရဘူး။ ဒီလူ့ထံမှ ချမ်းသာကို လုယူမယ်ဆိုပြီး အနိုင့်အထက် လုယူလို့ရော ရနိုင်ပါ့မလား? ဘယ်ဣရိယာပုဒ်နဲ့မှ ဖြစ်တာ၊ ဘယ်ဣရိယာပုဒ်နဲ့ မဖြစ်ဘူးလို့ရော ရှိရဲ့လား? နေရာရော ရွေးရဦးမှလား? ကိုယ်တစ်ယောက်တည်းနေရင်းရော၊ စေတီရင်ပြင်၊ ဗောဓိရင်ပြင်မှာ နေရင်းရော၊ သားတွေ၊ သမီးတွေနဲ့ နေရင်းရော၊ လုပ်လို့ရပါသဗျာ။ ခန္ဓာဝန်ကြီးက ရှိနေလေတော့ မိမိတို့ ရည်ရွယ်ထားတဲ့ အလုပ်လဲ လုပ်ရမှာပေါ့။ အဲဒီအလုပ်တွေ လုပ်ရင်းနဲ့ ရှုလို့မရဘူးလား? ရပါတယ်ဗျာ။ တစ်ချိန်ထဲမှာ အလုပ်နှစ်မျိုး ပြီးပါသဗျာ။ ဒီလိုလုပ်တော့ ပိုပြီးအလုပ်တွင်တယ်၊ အကျိုးများတယ် မဟုတ်လား? ဒီချမ်းသာကို သိပြီလားဆိုမှဖြင့် အားချိန်၊ နားချိန်မှ မထားဘဲ တစ်ဆက်တည်း ဆောင်ထားကြာတော့ တာပါပဲ။ Credit original uploader Credit. Photo
via အလင်းရောင် ဓမ္မ https://ift.tt/2ysbQuA

မေးမြန်းလာသူများသဖြင့် ဗဟုသုတရစေရန်တင်ပေးလိုက်ပါတယ် ကမ္ဘာပျက်ပုံနှင့်ကမ္ဘာတည်ပုံ ✿✿✿✿✿✿✿✿✿✿✿✿ ကမ္ဘာပျက်ပုံ ========= ဖြစ်ဖြစ်သမျှ အရာဝတ္ထုအစုစုသည် တစ်နေ့ကျလျှင် ဧကန်ပျက်ရမည် အနိစ္စတရားသာဖြစ်သည်။ ထို့ကြောင့် သတ္တ၀ါတို့တည်နေရာ ဤကမ္ဘာလောကကြီးလည်း ထို အနိစ္စနယ်တွင် ပါဝင်ရကား ခိုင်မြဲတည်တံ့နိုင်မည်မဟုတ်။ တစ်နေ့ကျလျှင် ဧကန်မုချ ပျက်ရချေမည်။ ကမ္ဘာလောကပျက်ဖို့ရာ အကြောင်းမှာ မီး၊ ရေ၊ လေ အားဖြင့် ၃-မျိုးရှိ၏။ မီးကြောင့်ပျက်စီးရမည့် ကမ္ဘာကြီး၌ ပျက်ချိန်တန်လျှင် ရှေးဦးစွာ နေ ၂-စင်းပေါ်လာ၏။ ရိုးရိုးနေက နေ့အခါထွက်၍ နေသစ်က ညဉ့်အခါ ဆက်လက် တက်လာသဖြင့် ညဉ့်အခါဟု မရှိတော့ပြီ။ ထိုနေအသစ်၏ ပူလောင်မူကြောင့် မြစ်ငယ် ချောင်းငယ်များ၌ ရှိသော ရေတွေ ခြောက်ခန်းရ လေတော့ သည်။ ထို့နောက် ၃-စင်းမြောက် နေအသစ်ပေါ် လာပြန်သောအခါ မြစ်ကြီးများ၌ရှိသော ရေတွေခြောက်ခန်း၏။ ၄-စင်းမြောက်နေ ပေါ်လာပြန်လျှင် ဟိမ၀န္တာအတွင်းရှိ အိုင်ကြီး ၇-အိုင်လည်း ခြောက်ခန်းရတော့သည်။ ထို့နောက် ၅-စင်းမြောက်နေ ပေါ်လာပြန်လျှင် သမုဒ္ဒရာ ရေခြောက်ခန်း၏။ ၆-စင်းမြောက်နေ ထွက်လာသောအချိန်မှာ ကမ္ဘာလောက၌ အစိုးအစေးဟူ၍ လုံးဝမရှိတော့။ ၇-စင်းမြောက်နေ ပေါ်လာသောအခါ ဤကမ္ဘာလောကမျိုး တစ်သိန်းမျှ မီးဟုန်းဟုန်းထလျက် ကာလအတော်ကြာလျှင် ကမ္ဘာမြေပြင်မှ ပထမဈာန် ဗြဟ္မာ့ဘုံတိုင်အောင် မီးတောက်မီးလျှံစွဲရကား ဟိမ၀န္တာတောင်၊ မြင့်မိုရ်တောင်၊ စကြ၀ဠာတောင်ကြီးများနှင့်တကွ ငွေ ရွှေ ရတနာ နီလာ မြသား အလွန်ကြီးမားသော ဗိမာန်များလည်း မတိမ်းသာမရှောင်သာ လောင်စာချည်း ဖြစ်ကြရလေတော့၏။ မီးလောင်စာမရှိ၍ မီးတောက်မီးလျှံငြိမ်းလျက် ပြာအမူန့်မဆ မကျန်တော့သည့်အခါကျမှ ကမ္ဘာပျက်ခြင်းကိစ္စ ပြီးတော့သည်။ (ရေဖျက် လေဖျက်ဖို့ အလှည့်ကြုံသည့်အခါ၌လည်း ဆားငန်ရေထိ၍ မြည့်မြည့်ကြေရပုံ၊ လေမုန်တိုင်းကျ၍ မွမွကြေရပုံများကို သိပါလေ။) ပျက်နေရာ အချိန်အခါ ~~~~~~~~~~~~~~~~~ ဤသို့ ကမ္ဘာလောကဓာတ်ကြီး၏ ပျက်စီးနေရ အချိန်အခါသည် "နှစ်ပေါင်းမည်မျှကြာသည်"ဟု မခန့်မှန်းနိုင်လောက်အောင်ပင် ကြာ၏။ ၁၀-နှစ်တမ်းမှ တဖြည်းဖြည်းတက်၍ အသက်အသင်္ချေတမ်းသို့ရောက်၊ ထိုအသင်္ချေတမ်းမှ တဖြည်းဖြည်းဆုတ်၍ ၁၀-နှစ်တမ်းသို့ရောက်၊ ဤ တက်ကပ် ဆုတ်ကပ် တစ်စုံကို အန္တရကပ်(အကြားကပ်) ဟုခေါ်၏။ ကမ္ဘာလောကကြီး မီးလောင်၍ ပျက်စီးရာနေရာ အချိန်အခါသည် ထိုအန္တရကပ်ပေါင်း ၆၄-ကပ်မျှကြာသတဲ့။ ထိုကဲ့သို့ ပျက်စီးပြီးနောက် (အိမ်တစ်ဆောင်ကို မီးလောင်ပြီးနောက် အိမ်အသစ်မဆောက်ခင် ပျက်မြဲအတိုင်း တည်နေသကဲ့သို့) ကမ္ဘာအသစ် မတည်ခင် ပျက်မြဲအတိုင်းတည်သော အချိန်လည်း အန္တရကပ် ၆၄-ကပ်မျှပင် ကြာသတဲ့။ သတ္တ၀ါတိုင်း ဗြဟ္မာ့ပြည်မှာ ~~~~~~~~~~~~~~~~~~~~~ ထိုသို့ ကမ္ဘာပျက်နေတုန်းအခါ ပျက်မြဲတိုင်းတည်နေသော အခါဝယ် သတ္တ၀ါတို့လည်း မီးမလောင်သော အထက်ဗြဟ္မာ့ဘုံသို့ ရောက်နေကြ၏။ "ကမ္ဘာပျက်လိမ့်မည်"ဟု အနှစ်တစ်သိန်းလောက်ကပင် နတ်များကြွေးကြော်ထားကြသောကြောင့် ကြားကြားသမျှ သတ္တ၀ါတွေ ရှေးကလို မမေ့မလျော့နိုင်ကြဘဲ ကုသိုလ်တရား ပွားများ၍ နေကြလေရာ ကမ္ဘာပျက်ခါနီးအခါဝယ် အားလုံးပင် ဗြဟ္မာ့ပြည်သို့ရောက်ဖို့ရန် ဈာန်ကိုရကြလေသည်။ ထို့ကြောင့် နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူမှတစ်ပါး သတ္တ၀ါဟူသမျှ တစ်ကမ္ဘာလျှင် တစ်ခါတော့ ဗြဟ္မာ့ပြည်၌ ဖြစ်ကြ၏။ (နိယတမိစ္ဆာ အယူရှိသူတို့ကား ငရဲသက်မစေ့သေး လျှင် မပျက်သောကမ္ဘာသို့ ပြောင်းရွှေ့၍ ငရဲခံကြရသတဲ့။) ကမ္ဘာတည်ပုံ ========== ထိုကဲ့သို့ ကမ္ဘာပျက်ပြီးနောက် တည်ချိန်ရောက်သော အခါ၌ ကမ္ဘာပြုမိုးကြီး ရွာသွန်းလာလေသည်။ ရှေးဦးစွာ မိုးဖွဲကလေးကစပြီး တဖြည်းဖြည်း ကြီးမား၍ အိမ်လုံး တောင်လုံးခန့် မိုးပေါက်တွေကျသဖြင့် ပျက်စီးသောနေရာတွင် ဗြဟ္မာ့ပြည် အထိအောင် ရေအလျဉ်ပြည့်လာ၏။ နှစ်ပေါင်း အတော်ကြာ၍ ထိုရေများ တဖြည်းဖြည်း ခန်းခြောက်လေသော် မီးလောင်သော ဗြဟ္မာ့ဘုံ နတ်ဘုံတို့တည်ရာ အရပ်သို့ရောက်လျှင် ဗြဟ္မာ့ဘုံ နတ်ဘုံများလည်း တည်ပြီးဖြစ်တော့၏။ ထို့နောက် တဖြည်းဖြည်း ရေလျော့လာခဲ့ရာ လူ့ဘုံတည်ရာသို့ ရောက်လာလျှင် ရေအလျဉ် မလျှော့ကျတော့ဘဲ မြင့်မောက်သောနေရာ၌ တောင်ကြီး တောင်ငယ်၊ ချိုင့်ဝှမ်းသောနေရာ၌ မြစ်ကြီးမြစ်ငယ်၊ ညီညွတ်သောနေရာ၌ မြေပြင်ဖြစ်ဖို့ရာ ရေ၏ အထက်ပေါ်မှာ (နွားနို့ မလိုင်တက်သကဲ့သို့) ခပ်ပျစ်ပျစ် ခပ်ခဲခဲဖြစ်ရာမှာ ကာလကြာလျှင် ကျောက်တောင်ကျောက်သား မြေသားတွေ ဖြစ်ကြရလေသည်။ ထိုကဲ့သို့ဖြစ်နေသော မြေသားသည် အထုယူဇနာ ၂-သိန်း ၄-သောင်း ရှိ၏။ ထိုမြေသားကို ခံနေသောရေကား အလွန်အေးမြ၍ လေပူ နေပူ မတွေ့ရသော ရေခဲပြင်ကြီးဖြစ်နေဖွယ် ရှိ၏။ ရေပြင်ကြီးသည် ယူဇနာပေါင်း ၄-သိန်း ၈-သောင်း ထူရကား ယူဇနာ ၂-သိန်း ၄-သောင်းမျှသာထူသော မြေပြင်ကြီးကို ဆောင်ရွက်ထားဖို့ရန် တာဝန်ကြီးဖွယ် မရှိတော့ပြီ။ ထိုယူဇနာ ၄-သိန်း ၈-သောင်းထူသော လေပြင်ကြီးက ပင့်မြှောက်၍ ထားသတဲ့။ ထိုလေပြင်၏ အောက်မှလည်း မဆုံးနိုင်သော ဟာလာဟင်းလင်းကြီး ရှိလေသေးသည်။ ဤကဲ့သို့ လေထု ရေထု မြေထုနှင့် လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံ အစုံအလင်ရှိကြသော ကမ္ဘာလောကလည်း ငါတို့နေရာ ဤကမ္ဘာတစ်ခုသာမက ရေတွက်၍ မကုန်မဆုံးနိုင်လောက်အောင် များပြားလေ၏။ ထို့ကြောင့် အနန္တစကြ၀ဠာ (အဆုံးမရှိသော စကြ၀ဠာ)ဟုခေါ်စမှတ်ပြုကြသည်။ ထိုစကြ၀ဠာ အများတွင် ကုဋေတစ်သိန်းလောက်သော စကြ၀ဠာတို့မှာ ပျက်လည်းအတူ ဖြစ်လည်း အတူ ပင်တည်း။ စကြ၀ဠာ တစ်ခုနှင့်တစ်ခု ကွဲပြားအောင် စကြ၀ဠာ ကျောက်တောင်ကြီးက မဟာရံတံတိုင်း ခတ်သလို ရံပတ်၍နေလေသည်။ လောကန္တရိတ်ငရဲ ~~~~~~~~~~ စကြာဝဠာ ၃-ခုအကြား၌ (လင်ပန်း ၃-ချပ်စပ်နေသလို) အကြားတစ်ခုရှိ၏။ ထိုအကြား၌ နေရောင် လရောင် မထွန်းနိုင်ဘဲ အမြဲမှောင်၍နေ၏။ ထိုအကြားကို "လောကန္တရိက်ငရဲ"ဟုခေါ်၏။ မိဘ သူတော်ကောင်း များကို စော်ကားသူတို့ ပြိတ္တာ အသူရကာယ်ဖြစ်လျက် မစားရ မသောက်ရဘဲ ထိုလောကန္တရိက်ငရဲ၌ဖြစ်ကာ သစ်ပင်ကို လင်းနို့ များ တွယ်နေသလို စကြ၀ဠာနံရံကို တွယ်ကပ်နေရာမှ တစ်ကောင်နှင့်တစ်ကောင် မှောင်အတွင်း တွေ့ကြ သောအခါ အစာမှတ်၍ လှမ်းအဟပ်လိုက်တွင် အောက်ခံရေပြင်ပေါ် သို့ ကျသဖြင့် မွမွကြေရလေ သတဲ့။ မြင်းမိုရ်တောင်စသည် ~~~~~~~~~~~~ ထိုပြခဲ့သော စကြ၀ဠာ ကမ္ဘာလောကကြီး၏ အလယ်ဗဟို၌ ယူဇနာ တစ်သိန်းခြောက်သောင်း ရှစ်ထောင်မြင့်သော မြင့်မိုရ်တောင် တည်ရှိ၏။ (ထို ၁၆၈၀၀၀ တွင် ရှစ်သောင်း လေးထောင်မှာ သမုဒ္ဒရာတွင်း နစ်မြုပ်နေသောကြောင့် သမုဒ္ဒရာ ရေပြင်မှ အထက်သို့ မြင့်တက်နေသော အထက်ပိုင်း ကိုသာ ရေတွက်၍ "ယူဇနာ ရှစ်သောင်း လေးထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်"ဟုဆိုကြ၏။) ထိုမြင်းမိုရ်တောင်၏ ပတ်ဝန်းကျင်၌ "သီဒါ" ခေါ် မြစ်တစ်စင်းက တံတိုင်းခတ်သလို ရံပတ်လျက်နေ လေသည်။ ထိုသီဒါ၏ အပြင်ဘက်၌ ယုဂန္ဓိုရ်တောင်တည်ရှိ၏။ အမြင့်မှာ မြင်းမိုရ်တောင် ၏ တစ်ဝက်သာမြင့်၍ သမုဒ္ဒရာရေအတွင်းသို့လည်း တစ်ဝက်မျှဝင်လေသည်။ ထို ယုဂန္ဓိုရ်တောင်၏ ပြင်ဘက်၌ သီဒါမြစ်ခြား၍ ဤသန္ဓိုရ်တောင် တည်ပြန်၏။ ဤနည်းအတိုင်း မြင်းမိုရ်တောင်ကို သီဒါ ၇-တန်နှင့် တောင်စဉ် ၇-ထပ်တို့ ရံပတ်တည်ရှိကြလေသည်။ ကျွန်းကြီးကျွန်းငယ် ~~~~~~~~~~~ ထိုတောင်များ၏ ပြင်ဘက်၌ သမုဒ္ဒရာရေပြင်ကြီးသည် စကြ၀ဠာတံတိုင်းအထိ တည်ရှိလေ၏။ ထိုရေပြင်၏ အလယ်၌ ကျွန်းကြီး ကျွန်းငယ်အသွယ်သွယ် ပေါ်ထွန်းလျက်ရှိရကား မြင်းမိုရ်တောင် အရှေ့ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို အရှေ့ကျွန်း။ ထို့အတူ တောင်၊ အနောက်၊ မြောက်ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်းဟု ခေါ်ဝေါ် ရလေသည်။ နတ်ပြည် ဗြဟ္မာ့ပြည် ~~~~~~~~~~~~ မြင့်မိုရ်တောင်၏တစ်ဝက် ယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏။ ယခု မြင်ရသော နေ လ နက္ခတ်တို့သည် စတုမဟာရာဇ်နတ်ပြည်ဝယ် ပါဝင်သော ဘုံဗိမာန်များဟု ဗုဒ္ဓဘာသာ ကျမ်းစာများ၌ဆို၏။ မြင်းမိုရ်တောင်ထိပ်နှင့် ညီမျှသောအရပ်ဝယ် " တာဝတိံသာ " နတ်ပြည် တည်ရှိ၏။ သိကြားမင်းစံရာ သုဒဿနုခေါ် နတ်မြို့တော်သည် မြင်းမိုရ်တောင်ထိပ်မှာ တည်ရှိသတဲ့။ ယာမာ၊ တုသတာ၊ နိမ္မာနရတိ၊ ပရမ္မိတ၀သသတ္တိ နတ်ပြည်လေးထပ်ကား မြေကြီးနှင့် လုံးဝမစပ်ပဲ ကောင်းကင်မှာပင် အဆင့်ဆင့်မြင့်ကာ တည်ရှိကြလေသည်။ ဗြဟ္မာ့ဘုံများလည်း ထို့အတူပင်။ (အကျယ်ကိုသိလိုလျှင် သင်္ဂြိုဟ်ဘာသာဋီကာ ၀ီထိမုတ်ပိုင်းမှာကြည့်ပါ။) ______________________ Ref. ; အရှင်ဇနကာဘိဝံသ (ကိုယ်ကျင့်အဘိဓမ္မာစာအုပ်)မှ From. ; သိမှတ်ဖွယ်ရာ ဗဟုသုတရွာ #ရင်သွေးငယ် (N.Y.T)မှပြန်လည်မျှဝေပါသည်။ ရှင်အာစာရ
via အလင်းရောင် ဓမ္မ https://ift.tt/2OweeLH

ပြည့်စုံတဲ့ဘဝတစ်ခုသို့ 🌻🌞🌻🌞🌻🌞🌻 " ဘုန်းကြီးတို့အသက်(၈၀)ကျမှ တော်တော်များများ ပြည့်စုံတာဗျာ။ ဒီလိုပြည့်စုံအောင် ဘယ်လိုလုပ်ခဲ့ရလဲဆိုတော့ အကြာကြီး လုပ်ရတာ။ ဘုရားအလောင်းနည်းလမ်း(၅)မျိုးနဲ့ လုပ်တယ်။ နံပါတ်(၁) စိရကာလ ဘာဝနာ … လုပ်ငန်းတစ်ခုကို ကြီးကြီးကျယ်ကျယ်တွေးကြံ အောင်မြင်ဖို့ဆိုတာဟာ အကြာကြီးလုပ်ရတာ။ ခနတစ်ဖြုတ်လေး လုပ် တော်ကြာ နောက်တစ်ခုပြောင်း ဒီလိုလုပ်နေရင် ဘယ်တော့မှ ကြီးကျယ်တဲ့ အရာတွေကို မလုပ်နိုင်ဘူး။ ဒါ့ကြောင့် အလုပ်တစ်ခု လုပ်ရင် အကြာကြီးလုပ်။ နံပါတ်(၂)နောက်တစ်ခု နိရန္တရ ဘာဝနာ …… မရပ်မနားကို လုပ်ရတာ။ ဘုရားအလောင်းသိဒ္ဓတ္ထ ဥရုဝေလမှာ ၆ နှစ်ကျင့်တုန်းက အနားယူ အပန်းဖြေတယ်ဆိုတာ စာထဲတွေ့ဖူးလား။ ဥပုသ်နေ့လည်းနားဦးမယ် ရှိလား။ အခုတော့ ဥပုသ်နေ့ဆိုတာနဲ့ စာတွေနားပြီးနေကြတယ်။ ဘုရားအလောင်း ဥပုသ်နေ့နားတယ်ဆိုတာ မရှိပါဘူး။ ဒို့ မနားဘူး။အနားမရှိဘူး အခုထိလုပ်တယ်။ နံပါတ်(၃)က နိရဝသေသ ဘာဝနာ …… ကောင်းတယ် ဆိုတဲ့အလုပ် ကောင်းမှု ဆိုတဲ့အလုပ် ဘာမှ ချန်မထားနဲ့။ ဘုရားပန်းကပ်မယ် / ပန်းတော်ကပ်မယ်/ ရေမလဲဘဲ အလုပ်မသွားနဲ့။ ပန်းတော့ ကပ်တယ် ဘုရားခန်း တံမျက်စည်း မလှည်းဘဲ ထွက်မသွားနဲ့။ဆွမ်းတော့ ကပ်တယ်။ ဆွမ်းနဲ့ ထန်းလျှက်ခဲလေးတင် မကပ်နဲ့။ ဟင်းလေးလည်းထည့်။ ကောင်းမှု မှန်သမျှ ဘာမှမကျန်စေနဲ့။ ဘုန်းကြီးတို့ ကြိုးစားပြီးတော့ လုပ်တာ။ အများကြီးပဲ။ဆေးရုံတွေရော ရေတွေရော ငတ်ပြတ်နေတယ်ဆိုရင်လည်း သွားကျွေးတာပဲ။ ရေနစ်ဆိုလည်း သွားကူတာပဲ။ မီးလောင်လည်း သွားပေးတာပဲ။ ကောင်းမှု မှန်သမျှ အကုန်လုပ်။ အဲ့ဒါ ဘာခေါ်သလဲ- နိရဝသေသ ဘာဝနာ။ ဒို့ကတော့ ဒါလေးပဲ ဆိုရင် အဲ့ဒီဘက်မှာပဲ အဲ့ဒီလူ ထူးချွန်သွားလိမ့်မယ်။ ဒီပြင်ဟာတွေ ကျန်နေခဲ့တတ်တယ်။ နံပါတ်(၄) နောက်တစ်ခုက သက္ကစ္စ ဘာဝနာ …… ရိုရိုသေသေ လေးလေးစားစား လုပ်ကြ။ ပေါ့ပေါ့ဆဆ မလုပ်နဲ့။ မင်္ဂလာသုတ်ဖတ်လိုက်ရင် ဘဂဝါ သာဝတ္ထိယံ ဝိဟာရတိ ဇေတဝနေ အနာထပိဏ္ဍိကဿအာရာမေ။ ဘယ်သုတ္တံ ဖတ်ဖတ် အနာထပိဏ္ဍိကဿအာရာမေတွေ များဘူးလား။ ပုညလက္ခဏဒေဝီအာရာမေ -- ဆိုတာ တစ်သုတ်မှ မရှိဘူး။ ပုညလက္ခဏဒေဝီက အနာထပိဏ်ရဲ့ ဇနီးလေ။ကောင်းမှု နှစ်ယောက်လုပ်တာ တစ်ယောက်ထဲ နာမည်ထွက်တယ်။ တစ်ယောက်က နာမည်ပျောက်နေတယ်။ ဘာဖြစ်လိုလဲ မရိုမသေ အသက္ကစ္စ ဒါန လုပ်တဲ့ ပုဂ္ဂိုလ်ဟာ မကျော်ကြားဘူး။ သက္ကစ္စဒါန- လုပ်တဲ့ ပုဂ္ဂိုလ်က ဘာဖြစ်လဲ ကျော်ကြားတယ်။ဒါ့ကြောင့် သက္ကစ္စဘာဝနာ ရိုရိုသေသေ လေးလေးစားစား အလုပ်လုပ်ကြပါ။ ပေါ့ပေါ့ဆဆ မလုပ်နဲ့။ နံပါတ်(၅)က အဘိရတိ ဘာဝနာ …… ပျော်ပျော်ပါးပါးလုပ်။ဆရာလေးတွေ သိတာပေါ့ သီတဂူဆိုတာ ရေပေးတာ။ ဆေးရုံဆောက်တာ ဘာလုပ်တာ တရားဟော ဘယ်လောက်ပျော်သလဲ မေးရင် အခုထိ ပျော်တုန်းပဲ။ ပျင်းသွားပြီ ငြီးငွေ့သွားပြီ မရှိပါဘူး။ ကောင်းမှုဆိုတာ ငြီးငွေ့စရာလား။ မကောင်းမှုကတော့ ခပ်မြန်မြန် ငြီးငွေ့မှ အဆင်ပြေမယ်။ အဲ့ဒီတော့ တစ်စုံတစ်ခုသော အလုပ်ကို လုပ်မယ်ဆိုရင် ထိပ်တန်းတစ်နေရာ ရောက်ချင်ရင် နည်းငါးပါးနဲ့ ဘုရားအလောင်း လုပ်သလို လုပ်ကြ။ {ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး} ဣမိနာ ပုည ကမ္မေန ဗောဓိဉာဏဿပစ္စယော ဟောတု။ ဣဒံမေ ပုညံ ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆတံ ပရော။ Credit အရှင်ပညာဒီပ
via အလင်းရောင် ဓမ္မ https://ift.tt/2KcDCk9

*အချစ်ဆုံး အမုန်းနိဂုံး* 💖🔥💖🔥💖🔥💖🔥 🔥လောကကြီးကို နားလည်ဖို့ လိုအပ်တယ်၊ လောကကြီးကို နားမလည်ရင် သံသရာမှာ ပိုပြီး ဆင်းရဲရတယ်။လောကဆိုတာ ဖြစ်တတ် ပျက်တတ်လို့ လောက၊ ဖြစ်လည်း ဖြစ်နေတယ်၊ ပျက်လည်း ပျက်နေတယ်၊ ဖြစ်ပေါ်လာသော ရုပ်နာမ်လောကကြီး၊ မွေးဖွားလာတဲ့ ခန္ဓာကိုယ်ကြီးသည် သေခြင်းသဘောရှိတယ်။ သေခြင်းတရားဟာ မြဲခြင်းတရားရှိပါတယ်။ 💖အိုးဖုတ်သမားသည် ဘယ်လောက်ပင် အိုးတွေကို လှလှပပ ဖုတ်သော်လည်း ကွဲခြင်းသဘောရှိပါတယ်။ ပျက်စီးတတ်သော အရာဝတ္တု သဘောတရားတို့သည် ပျက်စီးခြင်းသာလျှင် အဆုံးရှိတယ်။ ဘယ်လောင်ပင် အိမ်တွေရာတွေ အိမ်ကြီးရာကြီး ဆောက်ပင်ဆောက်ငြားပါသော်လည်း တစ်နေ့နေ့မှာ ပျက်စီးခြင်း သဘောပဲ ရှိပါတယ်။ ဒါကြောင့် ပျိုသမျှဟာ အိုဖို့ပါ။ ပြုံးတာမုန်းဖို့ပဲ ဟုတ်လား။ စာဆိုရှိပါတယ်။ 🔥ပျိုတာဟာအိုဖို့အတွက်အကြောင်းသာလျှင် ဖြစ်တယ်။ ပျိုရင်း အိုရင်း တဖြည်းဖြည်း အိုလာ၊ အိုရာကနေပြီး နာလာရတယ်၊ နာရာကနေပြီးတော့ သေရပြန်တယ်။ ပျိုရာကအို အိုရာကနာ နာရာကသေ အိုသေ နာသေ သေသာသေ၍ အတည်တကျ မရှိကြဘူး ဆိုသည့်အတိုင်း သူတော်ကောင်းကြီးတွေက ဘယ်လောက်ပင် ချောချော၊ဘယ်လောက်ပင် လှလှ၊ ဘယ်လောက်ပင် ဥစ္စာတွေ ရှိငြားသော်လည်း ဒကာ ဒကာမ သူတော်ကောင်းအပေါင်းတို့ ပျိုသမျှဟာ အိုဖို့ပါ၊ ပြုံးတာ မုန်းဖို့ပဲ ဆိုတဲ့အတိုင်း ဘယ်လောက်ပင် ပြုံးပြုံး၊ ပြုံးပြုံးနဲ့ နေရပင်ငြားသော်လည်း အပြီးသတ်တော့ မုန်းရမှာပဲလို့ သိနေတယ်နော။ 💖ဒါကြောင့် ဘယ်လောက်ပင် ချစ်ချစ် အချစ်ကစသော်လည်း အမုန်းမှာအဆုံးသတ်ပါတယ်။ ဘယ်လောက်ပင် ချစ်ပါတယ်၊ ခင်ပါတယ်၊ ကြင်နာပါ တယ်၊ မြတ်နိုးပါတယ်၊ တွယ်တာပါတယ်လို့ လျှာမှာ အရိုးမရှိတိုင်း အမျိုးစုံပြောပင်ပြောငြားသော်လည်းပဲ နောက်ဆုံးဘယ်မှာအဆုံးသတ်တာလဲ? အမုန်းမှာ အဆုံးသတ်ပါတယ်။ 🔥သို့ပေမယ့် ဒီသဘောတရားတွေကို နားမလည်ပါဘဲနဲ့ အဝိဇ္ဇာ တဏှာတရားတွေက ခန္ဓာမှာ ဝင်ပုန်းပြီးတော့ ချယ်လှယ်သမျှ ဘုန်းကြီးတို့ ပရိသတ်များက နားဝင်လေးချိုပြီးတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ဟုတ်သလို အထင်ကြီးလာခဲ့ရတယ်။ ဟုတ်ရဲ့ လား ?(တင်ပါ့ဘုရား) မှတ်ချက်။ မြောက်ဦးဆရာတော်ဘုရားဟောကြားအပ်သော "အရှုံးထဲမှာ အမြတ်ရှာ "တရားတော်မှ ပြန်လည် မျှဝေ ပူဇော်အပ်ပါသည်။ ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ပါးအေးချမ်းပါစေ။ credit : Htin Aung
via အလင်းရောင် ဓမ္မ https://ift.tt/2GB81aE

မာနက ထားသင့်တာလား မထားသင့်တာလား? ▬▬▬▬▬▬▬▬▬▬▬▬▬▬ စီးပွားရေးလောကထဲက ကိုယ့်ဒူးကိုယ်ချွန် မာယာ (တ) ဓမ္မအမေးအဖြေ 👩🏻 မေး။ ။ ဘုန်းဘုန်း ဘုရားရှင် တပည့်တော်မ မေးချင်တာလည်း ခုနတုန်းက မာနပေါ့နော်။ မာနက အကုသိုလ်စေတသိက်ထဲမှာ ပါတယ်လို့ တပည့်တော်မ သိထားပါတယ်။ ပြီးတော့ တပည့်တော် ဖတ်ရတဲ့ စာအုပ်တစ်အုပ်မှာကျတော့ ယောက်ျားက တရားအားထုတ်လို့ သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားတယ် အဲဒီမှာ မိန်းမက ခင်ပွန်းသည်တောင် သောတာပန် ပုဂ္ဂိုလ်ဖြစ်သေးတာ ငါက ဘာလို့ မဖြစ်ရမှာလဲဆိုတဲ့ မာနနဲ့ ကြိုးစားလိုက်တဲ့အခါမှာ သူက ရဟန္တာမထိ ဖြစ်သွားတယ်ပေါ့။ ဒါဆို မာနက ကောင်းတာလား မကောင်းတာလား ထားသင့်တာလား မထားသင့်လား ဘယ်လိုအခြေအနေမျိုးလဲဆိုတာ သိချင်ပါတယ် ဘုရား။ 🕯ဖြေ။ ။ ★ မခံချင်တဲ့စိတ်နဲ့ ကြိုးစားပြီးတော့ ထိပ်တန်းရောက်သွားတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ မခံချင်တဲ့စိတ်နဲ့ ကြိုးစားပြီးတော့ စာမေးပွဲအောင်သွားတယ်၊ Ph.D အထိ ရသွားတယ် ကိုယ့် သက်ဆိုင်ရာဘာသာရပ်မှာ ရသွားတယ်။ ★ တကယ်လို့ မခံချင်တဲ့စိတ်က အကျင့်ဖြစ်သွားရင် internalize ဖြစ်သွားရင် character ဖြစ်သွားရင် သူရဟန္တာ မဖြစ်နိုင်တော့ဘူး။ အစပိုင်းမှာပဲ သူတောင် လုပ်နိုင်သေးတာပဲဆိုတဲ့ စိတ် - အဲ့စိတ်က #မာန တစ်ချက် #အားကျတဲ့စိတ်က တစ်ချက် အဲလို ဖြစ်ချင်ဖြစ်လိမ့်မယ်။ ★ အားကျတဲ့စိတ်ဆိုရင်တော့ မာနဖြစ်ချင်မှ ဖြစ်မယ်။ မာန ဖြစ်တာတောင်မှ အဲ့မာနနဲ့ သူက တွန်းလိုက်တာ အဲ့နောက်ပိုင်းမှာ သူ တရားသိသွားတဲ့အခါမှာ #အတ္တနည်းသွားတဲ့အခါမှာ အဲဒီ မာနက မရှိတော့ဘူးလို့ ဘုန်းဘုန်းက ယူဆတယ်။ 🔺 အတ္တနည်းသွားတဲ့အခါမှာ အဲ့မာနက မရှိတော့ဘူးလို့ ဘုန်းဘုန်းက ယူဆတယ်။ မာနရှိနေသေးရင် သူကိုယ်တိုင်လည်း ရဟန္တာမဖြစ်နိုင်ဘူး။ ဟုတ်တယ်မို့လား။ သူကျတော့ မာနနဲ့စတယ် ဒါပေမဲ့ မာနချုပ်ငြိမ်းမှုနဲ့ အဆုံးသတ်တယ်။ ‼️မာနနဲ့ စတဲ့သူတိုင်း အဲဒီလို အဆုံးသတ်နိုင်ဖို့က မသေချာဘူး သမီးရဲ့။ ★ ကရုဏာနဲ့ စတယ်ဆိုရင်တော့ သူတို့ဆုံးတာ သဗ္ဗညုတဉာဏ် ဒုက္ခရော မာနရော အကုန်လုံးဆုံးတဲ့ ပန်းတိုင်ကို ရောက်တယ်။ ဒါကြောင့် မာနကို အမွှန်းတင်တဲ့ စကားတော့ ဘုန်းဘုန်းလည်း သိပ်မကျွမ်းကျင်တော့ မပြောရဲတော့ဘူး။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာဓမ္မသာမိ 🙏🙏🙏 “စီးပွားရေးလောကထဲက ကိုယ့်ဒူးကိုယ်ချွန် မာယာ (တတိယအချိန်) - The illusion of separateness in the business world (၁၈.၁၂.၂၀၁၈ စီပွားရေးတက္ကသိုလ် ရန်ကုန်)” တရားတော်မှ ရေးသားပူဇော်ပါသည်။ Photo credit Sao Pandava
via အလင်းရောင် ဓမ္မ https://ift.tt/2KdrQWB

စိတ်အပြင်မထွက်အောင်စောင့်ရှောက်နည်း 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 တရားထိုင်တဲ့အခါ စိတ်ဟာထားတဲ့အာရုံမှာ မနေပဲ ပျံ့လွင့်ပြေးလွှား နေတတ်တဲ့ သဘောရှိပါတယ်။ စိတ်အပြင်ထွက်တိုင်း သတိလေးနဲ့ပြန်ပြန်ထိန်း နေရင်လည်း ဖြစ်ပါတယ် ဒါပေမဲ့… စိတ်ကလေးတည်ငြိမ်မှ သမာဓိဖြစ်ပြီး သမာဓိဖြစ်မှ မိမိခန္ဓာရဲ့ ဖြစ်ပျက်တွေကိုမြင်နိုင်ပါတယ်။ စိတ်အပြင်မထွက်အောင် စောင့်ရှောက်တဲ့နည်းလေးကို ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော် ဘုရားကြီးက ဆီခွက် ဥပမာလေး ပေးပြီး ရှင်းပြထားပါတယ်။ သေမိန့် ကျထားတဲ့ ရာဇဝတ်သားတစ်ယောက်ကို ရှင်ဘုရင်က အခွင့်အရေးတစ်ခုပေး ထားပါတယ်။ တပိဿာ ဆီအပြည့်ရှိတဲ့ဆီခွက်ကိုကိုင်ပြီး ရာဇဝတ်သားကိုရှေ့က သွားခိုင်းပါတယ်။ လူသတ်သမားငါးယောက်ကိုလည်း နောက်ကနေဓားထမ်းပြီးလိုက်ခိုင်းပါတယ်။ ဆီတစ်စက်ဖိတ်ရင် ဖိတ်တဲ့နေရာမှာ သတ်စေလို့ အမိန့် ပေးလိုက်တယ်။ နောက်ပြီး အလွန်နာမည်ကြီးပြီး စည်ကားလှတဲ့လူတွေ ကြိတ်ကြိတ်တိုးနေတဲ့ ဇာတ်ပွဲတစ်ခုကိုဖြတ်သွားရမယ်။ ဇတ်ပွဲကိုလွန်ပြီးရင် လူစည်ကားပြီး မူးရမ်းဆိုးသွမ်းနေကြတဲ့ အရက်ဆိုင်ထဲကဖြတ်သွား ရမယ်လို့  အမိန့် ချပါတယ်။ ဒီကပွဲသဘင်နဲ့ အရက်ဆိုင် လွန်လို့ မှ ဆီမဖိတ်ရင် သေမိန့် မှလွတ်စေလို့ လည်း အမှာစကားရှိထားပါတယ်။ မိမိတို့ လည်း ဇာတိတစ်ခုရလာပြီးကထဲက သေမိန့် က ကျခဲ့ပြီးသားပါ ခန္ဓာငါးပါးလို့ ခေါ်တဲ့ လူသတ်သမား ငါးယောက်ကလည်းပါလာပြီးသား။ စိတ်ဆိုတဲ့ဆီခွက်ကို ဘယ်လိုထိန်းမလဲ ။ မိမိတို့ တရားထိုင်တဲ့အချိန်မှာ လူသတ်သမားငါးယောက်နဲ့ တိုက်ပွဲဝင်နေတယ်လို့  သေဘာထားပါ။ မိမိတို့ ဖြတ်သန်းရမဲ့ ဇတ်သဘင်ပွဲနဲ့အရက်ဆိုင်ဆိုတာ သုခနဲ့ဒုက္ခဆိုတဲ့ မျောလမ်းနဲ့မြှုတ်လမ်းပါ။ မိမိစိတ်ဆိုတဲ့ဆီခွက်ကို ဝင်လေ ထွက်လေလေးကို သတိပညာ နဲ့ မှန်မှန်ရှုရင်း မနောမှာထားပါ။ ဝင်လေနဲ့ထွက်လေရှုနေရင်း မတော်တစ်ဆ ပျံ့လွင့်သွားရင် ဆီခွက်ကိုမြန်မြန်ပြန်တည့် သလို ပျံ့လွင့်တဲ့စိတ်ကလေးကို သတိနဲ့ပြန်ထိန်းပါ။ ရာဇဝတ်သားဟာ ဆီခွက်မဖိတ်စင်ဖို့ အတွက် ဘယ်လောက်ပဲသာယာတက်မက် ဖွယ်ဖြစ်တဲ့ ကိလေသာအာရုံတွေ ကိုလည်းဂရုမစိုက်ပါဘူး ဆီခွက်အပေါ်မှာသာသတိထားပြီး ထိန်းထားပါတယ်။ ရာဇဝတ်သားဟာ ဆိုးသွမ်း မူးရမ်းကား နေကြတဲ့ အရက်ဆိုင်ထဲက ဖြတ်သွားပေမဲ့ မိမိအပေါ် ကျရောက်လာမဲ့ အန္တရယ်တွေကိုလည်း ဂရုမစိုက်ပါဘူး ဆီခွက်မဖိတ်စင်ဖို့ ကိုသာ အဓိကထားပြီး သတိနဲ့စောင့်ရှောက်သလို…… မိမိတို့ လည်း စိတ်ဆိုတဲ့ဆီခွက်ကလေး မဖိတ်စင်ဖို့ သတိလေးဉာဏ်လေးနဲ့ ထိန်းပြီး ဝင်လေနဲ့ထွက်လေ ကြားမှာဘောင်ခတ်ထားပါ။ တွေးစိတ်ကြံစိတ်တွေဝင်လာတာနဲ့ ဆီခွက်စောင်းပြီဆိုပြီး ပြန်တည့်ပါ။ သုခ နဲ့ဒုက္ခ လမ်းနှစ်ခုအလယ်ကသွား ရင်မဂ္ဂင်လမ်းမပေါ်ကတစ်ဆင့် အသေလွတ်တဲ့နေရာကို ရောက်ပါလိမ့် မယ်။ (ဝိပဿနာ အခြေခံအလုပ်ပေးတရားများ page) #PhyoeMayOo
via အလင်းရောင် ဓမ္မ https://ift.tt/2MsrUEU

လက္ခဏာပညာအရ *ရှင်ဘုရင်တော့ ရှင်ဘုရင်ပါပဲ ❞ ဒါပေမဲ့ …… ဆင်းရဲနေတယ် 🙏🙏🙏🙏🙏🙏🙏🙏 လက္ခဏာပညာကို အလွန့်အလွန်ကျွမ်းကျင်တဲ့ လူကြီးတစ်ယောက်- လမ်းလျှောက်သွားတော့ လမ်းမှာ ခြေရာတစ်ခုကို တွေ့ရတယ်။ ခြေရာကို ကြည့်လိုက်တဲ့အခါကျတော့ ခြေထောက်ရဲ့ လက္ခဏာဟာ မြေမှာထင်တော့… အဲဒီ လက္ခဏာဆရာက အကဲခတ်တယ်။ "ဟော.... ဒီခြေထောက် လက္ခဏာ ပိုင်ရှင်ဟာ ရှင်ဘုရင် ဖြစ်ရမယ်။ ရှင်ဘုရင် လက္ခဏာကို ဟောဒီခြေရာမှာ လာတွေ့တယ်။ မင်း ဖြစ်မယ်" ဒါပေမဲ့… သူရပ်ပြီးတော့ ခြေရာကိုကြည့်ပြီး စဉ်းစားပြန်တယ်။ "ရှင်ဘုရင်ဖြစ်မယ့်သူက လမ်းလျှောက်တာ၊ မြေကြီးမှာ ခြေရာထင်တာကို ထောက်ဆခြင်းဖြင့်… ဒီလူဟာ ဘယ်လောက်များ ဆင်းရဲသလဲ မသိဘူး။ ဖိနပ်တောင် မစီးနိုင်ရှာဘူး" ဖိနပ်မပါလို့ ခြေရာထင်တာပေါ့၊ ဟုတ်တယ် မဟုတ်လား။ "မှန်ပါ ဘုရား" အဲဒီတော့ လက္ခဏာဆရာက - "ဒါ ဆန်ကျင့်ဘက် နှစ်ခုဖြစ်နေပြီ၊ လက္ခဏာကတော့… ရှင်ဘုရင်ဖြစ်ထိုက်တဲ့ လက္ခဏာပဲ၊ ဒါပေမဲ့ မြေပြင်မှာ ခြေလျင်သွားတော့ ဖိနပ်တောင် မပါရှာဘူး။ ဒါတော့ စိတ်ဝင်စားစရာကောင်းတယ်။ လိုက်မယ်။" ဆိုပြီးတော့ … ခြေရာကို နောက်ကလိုက်နင်းပြီးတော့ လျှောက်လိုက်တာ ဟို… ရှေ့နားက တစ်နေရာ ချုံကွယ်မှာ ရှင်ဘုရင်ကြီးကို တွေ့ရတယ်။ ချုံကွယ်မှာ ရှင်ဘုရင် ဖြစ်ထိုက်သူကြီး အလုပ်လုပ်နေတယ်။ ဒါဆိုရင် ရိပ်မိပြီ၊ ဟုတ်လား။ ဟာ… ရှင်ဘုရင်ကြီး၊ ချုံကွယ်မှာ မတ်တပ်ရပ်ပြီးတော့ … အဲဒါ … မတ်တပ်ရပ်ဆိုရင် သဘောပေါက်တော့၊ ဟုတ်လား။ အဲဒီတော့… လက္ခဏာဆရာကြီးက နောက်နားကလေးမှာ ရပ်ပြီးတော့ စောင့်နေတယ်။ ရှင်ဘုရင်ကြီး ကိစ္စမပြီးသေးလို့။ ပြီးတော့မှ… သူက လက်ကလေးဘာလေး သုတ်ပြီးတော့ ပြန်လှည့်လာတော့မှ - "ဗျို့… ဆရာကြီး၊ ကျုပ်က ခင်ဗျားကို မေးခွန်းလေးတစ်ခုလောက် မေးချင်တယ်၊ သည်းခံပြီးတော့ ဖြေပေးပါ" "ဘာ မေးမလဲ" "ခင်ဗျား ဘာလုပ်စားသလဲ" "ကျွန်တော် ဇာတ်ထဲမှာ အလုပ်လုပ်စားပါတယ်" ဟာ… နည်းနည်းရိပ်မိလာပြီ။ "ခင်ဗျား ဇာတ်ထဲမှာ ဘယ်အခန်းကပါသလဲ၊ ပြောစမ်း" "ကျုပ် ရှင်ဘုရင်အခန်းက ပါတယ်" အဲဒီတော့မှ သဘောပေါက်တာနော်။ တကယ့်ရှင်ဘုရင် ဖြစ်မယ့်သူ၊ ရှင်ဘုရင်လက္ခဏာ အပြည့်အစုံပါတဲ့ လူ၊ ဒါပေမဲ့… လူကြီးလူကောင်းရဲ့ အမူအရာ မဟုတ်ဘူး။ ရှင်ဘုရင်ကြီး ဘာလုပ်နေတာလဲ? မတ်တပ်ရပ်ပြီးတော့… အဲဒါ လုပ်နေတာ၊ ဟုတ်လား။ (ကျင်ငယ်စွန့်နေတာနော်)။ ခုဒ္ဒါစာရ ဟုတ်လား။ "သြော် … ယုတ်ညံ့သေးသိမ်တဲ့ အကျင့်ကို ဒီလူကျင့်လို့ ရှင်ဘုရင် မဖြစ်တာကိုး" ဆိုပြီးတော့… လက္ခဏာဆရာက ဆုံးဖြတ်သွားပါတယ်တဲ့။ ဟုတ်လား။ အဲဒါကြောင့် … "ထိပ်တန်းတစ်နေရာကို တက်ကြတော့မယ်ဟေ့" ဆိုရင် သေးသိမ်တာလေးတွေပါ အကုန်လုံး ရှောင် ……။ သီတဂူ ဆရာတော်ဘုရားကြီး (ဓမ္မလက်ဆောင်
via အလင်းရောင် ဓမ္မ https://ift.tt/3329ZdW

Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)