အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, July 31, 2019
စိတ်အပြင်မထွက်အောင်စောင့်ရှောက်နည်း 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 တရားထိုင်တဲ့အခါ စိတ်ဟာထားတဲ့အာရုံမှာ မနေပဲ ပျံ့လွင့်ပြေးလွှား နေတတ်တဲ့ သဘောရှိပါတယ်။ စိတ်အပြင်ထွက်တိုင်း သတိလေးနဲ့ပြန်ပြန်ထိန်း နေရင်လည်း ဖြစ်ပါတယ် ဒါပေမဲ့… စိတ်ကလေးတည်ငြိမ်မှ သမာဓိဖြစ်ပြီး သမာဓိဖြစ်မှ မိမိခန္ဓာရဲ့ ဖြစ်ပျက်တွေကိုမြင်နိုင်ပါတယ်။ စိတ်အပြင်မထွက်အောင် စောင့်ရှောက်တဲ့နည်းလေးကို ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော် ဘုရားကြီးက ဆီခွက် ဥပမာလေး ပေးပြီး ရှင်းပြထားပါတယ်။ သေမိန့် ကျထားတဲ့ ရာဇဝတ်သားတစ်ယောက်ကို ရှင်ဘုရင်က အခွင့်အရေးတစ်ခုပေး ထားပါတယ်။ တပိဿာ ဆီအပြည့်ရှိတဲ့ဆီခွက်ကိုကိုင်ပြီး ရာဇဝတ်သားကိုရှေ့က သွားခိုင်းပါတယ်။ လူသတ်သမားငါးယောက်ကိုလည်း နောက်ကနေဓားထမ်းပြီးလိုက်ခိုင်းပါတယ်။ ဆီတစ်စက်ဖိတ်ရင် ဖိတ်တဲ့နေရာမှာ သတ်စေလို့ အမိန့် ပေးလိုက်တယ်။ နောက်ပြီး အလွန်နာမည်ကြီးပြီး စည်ကားလှတဲ့လူတွေ ကြိတ်ကြိတ်တိုးနေတဲ့ ဇာတ်ပွဲတစ်ခုကိုဖြတ်သွားရမယ်။ ဇတ်ပွဲကိုလွန်ပြီးရင် လူစည်ကားပြီး မူးရမ်းဆိုးသွမ်းနေကြတဲ့ အရက်ဆိုင်ထဲကဖြတ်သွား ရမယ်လို့  အမိန့် ချပါတယ်။ ဒီကပွဲသဘင်နဲ့ အရက်ဆိုင် လွန်လို့ မှ ဆီမဖိတ်ရင် သေမိန့် မှလွတ်စေလို့ လည်း အမှာစကားရှိထားပါတယ်။ မိမိတို့ လည်း ဇာတိတစ်ခုရလာပြီးကထဲက သေမိန့် က ကျခဲ့ပြီးသားပါ ခန္ဓာငါးပါးလို့ ခေါ်တဲ့ လူသတ်သမား ငါးယောက်ကလည်းပါလာပြီးသား။ စိတ်ဆိုတဲ့ဆီခွက်ကို ဘယ်လိုထိန်းမလဲ ။ မိမိတို့ တရားထိုင်တဲ့အချိန်မှာ လူသတ်သမားငါးယောက်နဲ့ တိုက်ပွဲဝင်နေတယ်လို့  သေဘာထားပါ။ မိမိတို့ ဖြတ်သန်းရမဲ့ ဇတ်သဘင်ပွဲနဲ့အရက်ဆိုင်ဆိုတာ သုခနဲ့ဒုက္ခဆိုတဲ့ မျောလမ်းနဲ့မြှုတ်လမ်းပါ။ မိမိစိတ်ဆိုတဲ့ဆီခွက်ကို ဝင်လေ ထွက်လေလေးကို သတိပညာ နဲ့ မှန်မှန်ရှုရင်း မနောမှာထားပါ။ ဝင်လေနဲ့ထွက်လေရှုနေရင်း မတော်တစ်ဆ ပျံ့လွင့်သွားရင် ဆီခွက်ကိုမြန်မြန်ပြန်တည့် သလို ပျံ့လွင့်တဲ့စိတ်ကလေးကို သတိနဲ့ပြန်ထိန်းပါ။ ရာဇဝတ်သားဟာ ဆီခွက်မဖိတ်စင်ဖို့ အတွက် ဘယ်လောက်ပဲသာယာတက်မက် ဖွယ်ဖြစ်တဲ့ ကိလေသာအာရုံတွေ ကိုလည်းဂရုမစိုက်ပါဘူး ဆီခွက်အပေါ်မှာသာသတိထားပြီး ထိန်းထားပါတယ်။ ရာဇဝတ်သားဟာ ဆိုးသွမ်း မူးရမ်းကား နေကြတဲ့ အရက်ဆိုင်ထဲက ဖြတ်သွားပေမဲ့ မိမိအပေါ် ကျရောက်လာမဲ့ အန္တရယ်တွေကိုလည်း ဂရုမစိုက်ပါဘူး ဆီခွက်မဖိတ်စင်ဖို့ ကိုသာ အဓိကထားပြီး သတိနဲ့စောင့်ရှောက်သလို…… မိမိတို့ လည်း စိတ်ဆိုတဲ့ဆီခွက်ကလေး မဖိတ်စင်ဖို့ သတိလေးဉာဏ်လေးနဲ့ ထိန်းပြီး ဝင်လေနဲ့ထွက်လေ ကြားမှာဘောင်ခတ်ထားပါ။ တွေးစိတ်ကြံစိတ်တွေဝင်လာတာနဲ့ ဆီခွက်စောင်းပြီဆိုပြီး ပြန်တည့်ပါ။ သုခ နဲ့ဒုက္ခ လမ်းနှစ်ခုအလယ်ကသွား ရင်မဂ္ဂင်လမ်းမပေါ်ကတစ်ဆင့် အသေလွတ်တဲ့နေရာကို ရောက်ပါလိမ့် မယ်။ (ဝိပဿနာ အခြေခံအလုပ်ပေးတရားများ page) #PhyoeMayOo
via အလင်းရောင် ဓမ္မ https://ift.tt/2MsrUEU
Newer Post
Older Post
Home