အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, August 1, 2019
🙏" #စိတ်ချမ်းသာချင်ရင်_ဂုဏ်တော်ပွားပါ"🙏 🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻 #လောကမှာ ပိုက်ဆံ ချမ်းသာတိုင်းလည်း စိတ်မချမ်းသာကြပါဘူး။ ပိုက်ဆံချမ်းသာပြီး စိတ်ဆင်းရဲနေတဲ့သူတွေ အများကြီးပါ။ ပိုက်ဆံ မချမ်းသာပေမဲ့ စိတ်ချမ်းသာနေတဲ့ လူတွေလည်း အများကြီးပါ။ တချို့ဆို သာမန်တိုက်ခန်းနဲ့ပါပဲ။ ဒါပေမဲ့ မိသားစု ကြည့်လိုက်ရင် အပူအပင် ကင်းကင်းနဲ့ စိတ်ချမ်းသာနေကြပါတယ်။ မျက်နှာတွေ ကြည့်လိုက်ရင်လည်း ပြုံးရွှင်နေကြတာပါပဲ။ အချိန်တန်ရင် တရားလေး ဝင်လိုက် ဝေယျာဝစ္စလေး ပြေးလုပ်လိုက်နဲ့ ကိုယ့်ဘဝကိုယ် ကျေနပ်နေကြတာပါ။ တချို့ကျ ပိုက်ဆံသိပ်ချမ်းသာကြပါတယ်။ ဒါပေမဲ့ မိသားစု ကြည့်လိုက်ရင် ပူညံပူညံနဲ့ ရှုပ်ယှက်ခတ် ဝုန်းဒိုင်းကို ကြဲနေတော့တာပါ။ ဘေးကကြည့်ရတဲ့ သူတွေတောင် သိပ်ပူလောင်တာပါ။ ကာယရှင်တွေဆို ဘယ်လိုနေကြမယ် မသိပါဘူး။ နေ့တိုင်းပူနေတော့ အပူကို ယဉ်ပါးပြီး ဆေးမတိုးတာလည်း ဖြစ်နိုင်ပါတယ်။ ကြောက်ဖို့ကောင်းတာက ဒီဘဝ အပူတွေဟာ နောက်ဘဝထိပါသွားမှာကိုပါ။ အထုံဆိုတာ နောက်ဘဝအထိပါ တတ်တာဆိုတော့ ပူတာကို ပူမှန်းသိရပါမယ်။ ဘေးပတ်ဝန်းကျင် အနေနဲ့လည်း မိတ်ဆွေကောင်းအနေနဲ့ ဖြေဆည်နည်း တရားသဘောကို ပြောပြပေးရပါမယ်။ ပြုပေးနိုင်ခဲတာကို ပြုပေးမှ မိတ်ဆွေစစ်လို့ ခေါ်ပါတယ်။ ဒါကြောင့် ပြောပြပေးရပါမယ်။ တရားသေဘာအရ စိတ်ဆင်းရဲရတယ်ဆိုတာ . . .ကိုယ့်ရင်ထဲမှာ ရာဂ ဒေါသ မောဟ ဣသာ မစ္ဆရိယ အစရှိတဲ့ အကုသိုလ်တွေ တစ်ခုခုကိန်းနေလို့ပါ။ ဂုဏ်တော်ပွားနေတဲ့ အခိုက်အတန့်လေးမှာ ရာဂ ဒေါသ မောဟ အစရှိတဲ့ အကုသိုလ်တွေ ကင်းနေတာပါ။ အဲဒီ အခိုက်အတန့်လေးဟာ စိတ်ချမ်းသာနေတဲ့ အချိန်လေးပါ။ အချိန်နည်းနည်းပွားရင် အချိန်နည်းနည်း စိတ်ချမ်းသာပါတယ် အချိန်များများပွားရင် အချိန်များများ စိတ်ချမ်းသာပါတယ်။ ဒါတကယ့်လက်တွေ့ပါ။ ဂုဏ်တော်ပွားနေတဲ့ အချိန် အခိုက် အတန့်လေးမှာ စိတ်ဆင်းရဲရတယ်ဆိုတာ လုံးဝကို မရှိတာပါ။ ဒါကြောင့် ဂုဏ်တော်ပွားရင် စိတ်ချမ်းသာတယ်လို့ ဆိုလိုတာပါ။ ဒီတော့ စိတ်ချမ်းသာချင်ရင် ဂုဏ်တော်ကို ပွားရပါတယ်။ အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ) 🙏မင်္ဂလာပါ တရားချစ်ခင်သူတော်စင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ့..🙏
via အလင်းရောင် ဓမ္မ https://ift.tt/2GGBkJ3
Newer Post
Older Post
Home