အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, October 9, 2019
"အကောင်းအဆိုးရောပြွန်းနေသောလောကကြီးတွင် မည်သို့နှလုံးသွင်းနေထိုင်ရမည်နည်း" 🌷💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫🌷 ဓနဥစ္စာ ချမ်းသာကြွယ်ဝခြင်း ရာထူးဂုဏ်သိမ်ထည်ဝါခြင်း ထင်ပေါ်ကျော်ကြားခြင်းတို့ကို ပုထုဇဉ်တို့အနေနှင့် လိုလားတောင့်တတတ်ကြပါ၏။ လူ့ဘဝတွင် နေရစဉ်အခိုက် အဆင့်အတန်း မြင့်မြင့် နေချင်ကြသည်။ သမ္မာအာဇီဝဘောင်ဝင်းအတွင်းမှ ရိုးရိုးသားသား ကြိုးကြိုးစားစား ရှာဖွေနေသူများ ရှိပါ၏။ သို့တစေ ပစ္စည်းဥစ္စာ ရာထူးအရှိန်အဝါ ထင်ပေါ်ကျော်ကြားမှုတို့ မရှိသောကြောင့် လူ့ဘဝ နေရကျိုးမနပ်တော့ပြီလား။ မဟုတ်ပါ။ စိတ်ရင်းကောင်းပြီး အပြစ်ကင်းကင်း အေးအေး ချမ်းချမ်း နေနိုင်လျှင် လူဖြစ်ရကျိုးနပ်ပါ၏။ မိမိပတ်ဝန်းကျင်ကို ရိုးသားအေးချမ်းသော စိတ်နေစိတ်ထားဖြင့် စွမ်းနိုင်သမျှ အလှဆင်နေသော နှလုံးလှ အညတြများ အများအပြားပင်ရှိပါ၏။ ဆန့်ကျင်ဘက် သဘောတရားတို့ဖြင့် ပြိုးပြွမ်းရှုပ်ခတ်နေသော လူ့လောကကြီးတွင် ရပ်တည် ရှင်သန်နေရသော လူသားသည် … စွမ်းနိုင်သမျှ အရှုပ်ထဲမှာ ရှင်းအောင်နေတတ်ရမည်။ အပူထဲမှာ အေးအောင် နေတတ်ရမည်။ သင့်တင့်လျောက်ပတ်သော နှလုံးသွင်းဖြင့် ဘဝကို နေပျော်အောင် မင်္ဂလာရှိအောင် တန်ဖိုးရှိအောင် နေတတ်ရမည်။ အကောင်းအဆိုး ရောပြွန်းနေသော လောကကြီးထဲတွင် … အသေကောင်ပုပ် ရှာသော လင်းတနှယ် မကျင့်ဘဲ ပန်းဝတ်ရည်ရှာသော ပျားပိတုန်းကဲ့သို့ ကျင့်တတ်ရမည်။ လူသားတစ်ဦးအနေဖြင့် သိမှုရော ရှိမှုရော စွမ်းနိုင်သမျှ ပြည့်စုံပါမှ ဘဝသည် ဟန်ချက်ညီပေလိမ့်မည်။ သိမှုနှင့် ရှိမှု နှစ်မျိုးရှိရာ အများစုက ရှိမှုကို ဦးစားပေးကြသည်။ တန်ဖိုးထားကြသည်။ ဘဝတစ်လျှောက်လုံး ရှိမှုအတွက်သာ အားထုတ်ပါက ဘဝသည် ဟန်ချက် မညီတော့ပေ။ တစ်ဖက်စောင်းနင်း ဖြစ်လျက်ရှိသည့် ဘဝသည် မလှပပေ။ ငွေကြေးဥစ္စာမှာမူ ပြည့်စုံချမ်းသာပါ၏။ ကိုယ်ကျင့်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေး များစွာအားနည်းလျှင် … ထိုသူ၏ လူသားအဖြစ် လူသားဘဝသည် တန်ဖိုး မမြင့်မားတော့ပေ။ မင်းနန် (မော်ကျွန်း) 💥💥💥 မေတ္တာဖြင့် #LaWarSo
via အလင်းရောင် ဓမ္မ https://ift.tt/2VrToNq
Newer Post
Older Post
Home