Monday, August 5, 2019

❄ပြိတ္တာ၊တစ္ဆေ တို့အကြောင်း❄ ■■■■■■■■■■■■■■ #ပြိတ္တာ ဟူသည် ငရဲ ၊တိရစ္ဆန် ၊ပြိတ္တာ ၊အသူရကယ် ဟူသော အပါယ် လေးဘုံတွင် ပါဝင်သော လူ့ပြည် လောကအတွင်းမှာပင် တောခြုံပိတ်ပေါင်း ၊တောင်စောင်း ၊သစ်ပင်ကိုမှီ၍ ဆင်းရဲထူပြောစွာ အငတ်ငတ် အပြတ်ပြတ် နေရသော သတ္တဝါဖြစ် သည်။ ပြိတ္တာဘုံသည် လူနှင့်အလွန်နီးစပ်ပါသည် ။ #ပြိတ္တာဖြစ်ရခြင်းအကြောင်းအရင်း. ➖➖➖➖➖➖➖➖ 🔹လူ့ပြည် လူ့ရွာတွင် လူတို့သည် သစ္စာလေးပါးကို နားမလည် အဝိဇ္ဇာဖုံးပြီး သားစွဲ သမီးစွဲ ဇနီးမယား လင်စွဲ မြေးစွဲ တို့ဖြင့်သေကြသူများ သူတစ်ပါးကို ငြူစူခြင်း၊၀န်တိုခြင်းများ မိမိတို့ကိုယ်တိုင်လည်း ပေးကမ်းခြင်း ၊ လှူဒါန်းခြင်း မရှိခြင်း ၊ ပေးကမ်းလှူဒါန်းသူများကိုလည်း တားမြစ်၏ ။ သမာအာဇီဝ မဟုတ်သောနည်းဖြင့် စီးပွားရှာသူများ (အလေးခိုးသော ပြိတ္တာမ ၄ဦး ၊ ကိုယ့်ကျောသား ကိုယ်ခွါစားသော တရားသူကြီး ပြိတ္တာများ ပေတဝတ္ထုတွင် ပါရှိ၏ ။) 🔸သားစွဲ၊သမီးစွဲဖြစ်ပြီး စိတ်မချလို့ သေ ၊ ပြိတ္တာဖြစ်ပြီး ပြိတ္တာ ဘဝဖြင့် စောင့်ရှောက်လို့ ရမယ်ထင်ပြီး အိမ်ထဲလာ ၊ သားသမီးတွေက ကြောက်လို့ ဘုန်းကြီးနဲ့ ပရိတ်ရွတ်ပြီး မောင်းထုတ်ခံရလေသည်။ #ပြိတ္တာတို့ဘ၀ 〰〰〰〰 🔹ပြိတ္တာတို့သည် မိမိတို့ အကုသိုလ်ကံကြောင့် အမြဲမပြတ် အစာရေစာ ငတ်ပြတ်နေကြ၏ ။အနှစ်တစ်ရာ တစ်ထောင် တစ်သိန်းမက ဘုရားတစ်ဆူနှင့် တစ်ဆူကြား ကာလပတ်လုံး ထမင်းတစ်လုပ်မှ မစားရ၊ ရေတစ်ပေါက် မသောက်ရ ကြီးမားသော ဒုက္ခခံရ၏ ၊ ခန္ဓာကိုယ်သည် အသွေးအသားမရှိ အရေမျှသာရှိ၏ 🔸မလှမပသော အဆင်းနှင့်ကြောက်မက်ဖွယ် စက်စုပ်ဖွယ် အဆင်းရှိ၏ ၊ သူတစ်ပါး စွန့်ပစ်ထားသော တံတွေး နှပ် အန်ဖတ် စားရသော ပြိတ္တာတွေ တပုံကြီး ။ ( ဥစ္စာစွဲ ၊သားစွဲ သမီးစွဲတွေ အထူးသတိပြုပါ )။ #ပြိတ္တာ_အမျိုးအစားများ ➖➖➖➖➖➖ စန္တပြိတ္တာ 〰〰 သူတပါးစွန့်ပစ်ထားသော တံတွေး ၊နှပ် ၊အန်ဖတ်စားရသော ပြိတ္တာ ။ ကုဏပါသပြိတ္တာ 〰〰〰〰 မြေခွေး ၊လူသေ စသော အကောင်ပုတ်စားသာ ပြိတ္တာ ။ ဂူထခါဒပြိတ္တာ 〰〰〰 လူ့မစင် စားရသော ပြိတ္တာ ။ အဂ္ဂိဇာလမုခ ပြိတ္တာ 〰〰〰〰〰 အစာမစားရဘဲ ပါးစပ်မှ မီးလျှံထွက်နေသော ပြိတ္တာ ။ သုစိမုခ ပြိတ္တာ 〰〰〰〰 ခန္ဓာကိုယ်ကြီးပြီး ပါးစပ်က အပ်နဖားပေါက်မျှရှိကာ အစားအစာများကို ပါးစပ်ကမသွင်းနိုင်သော ပြိတ္တာ ။ တဏှာဋိက ပြိတ္တာ 〰〰〰〰〰 ရေမသောက်ရသော ပြိတ္တာမျိုး ( ရေတွေ့သော်လည်း ရေမရှိတော့ဘဲ ရေ က သွေး ၊ ပြည် ၊ ကျင်ကြီး ဖြစ်သွားသော ပြိတ္တာ ။ သုနိဇ္ဈမပ ပြိတ္တာ 〰〰〰〰 မီးလောင်ထားသော သစ်ငုတ်နှင့် တူပြီး ကြုံလှီပိန်ကပ်ပြီး အရိုးပြိုင်းပြိုင်းဖြစ်နေ သည် သတ္တင်္ဂ ပြိတ္တာ 〰〰〰〰 လက်သည်း ခြေသည်းတွေ ဓားလှံ လိုထက်နေပြီး ကိုယ့်သွေး ကိုယ့် အသားကို ဖဲ့စား နေရသော ပြိတ္တာ ။ ပဗ္ဗတင်္ဂ ပြိတ္တာ 〰〰〰〰 ကိုယ်ခန္ဓာ တောင် လောက်ရှိပြီး မျက်နှာ ဇီးကွက် မျက်နှာလောက်ရှိပြီး ကိုယ်မှ အမြဲ အခိုးအလျှံထွက်ပြီး တကိုယ်လုံး မီးလောင်ကျွမ်းခံ ရသော ပြိတ္တာ ။ အဇဂရ ပြိတ္တာ 〰〰〰〰 စပါးကြီးမြွေ နှင့်တူသော ခန္ဒာရှိပြီး ညဥ့်အခါ တပြောင်ပြောင် တော်လောင်နေသော ကိုယ်နင့်သွားလာနေပြီး နေ့အခါ ဆင်းရဲမျိုးစုံ ခံရ သော ပြိတ္တာ ။ ဥပိုပါသိက ပြိတ္တာ 〰〰〰〰 ထမင်း ငတ် ရေငတ် အမြဲခံ နေရသော ပြိတ္တာ ။ နိဇ္ဈမတဏှိက ပြိတ္တာ 〰〰〰〰〰 ပါးစပ်မှ မီးလျှံ တပြောင်ပြောင် ထွက်နေပြီး ရေငတ် ထမင်းငတ် အမြဲခံနေရသော ပြိတ္တာမျိုး ။ ပရဒတ္တုပ ပြိတ္တာ 〰〰〰〰 မိမိအစွမ်းအစနှင့် ဘာမျှမစားရ လူ့ပြည် ဆွေမျိုးတွေက ကုသိုလ်ပေး အမျှအတန်း ပေးဝေမှ စားရသောက်ရ အသက်ရှင်ရသည် ။ ကာလကဉ္စိက ပြိတ္တာ 〰〰〰〰〰 ကိုယ်ခန္ဓာ သုံးဂါဝုတ်ရှိပြီး အသားအသွေးနည်းပါးပြီး သစ်ရွက်ခြောက်လို အရိုးကျဲအပ်နဖားပေါက်မျှ ပါးစပ်ရှိ စားသောက် ရသောအခါဇောက်ထိုးမိုးမျှော်ပြုပြီးမှ စားသောက် ရသည်။ ဝေမာနိက ပြိတ္တာ 〰〰〰〰 နေ့ခံညစံပြိတ္တာမျိုး ၊ ငရဲထိန်း အလုပ်လုပ်ရပြီး ငရဲခွေး ကိုက်ခံရသည် ။ဓါးလှံလှီးဖြတ်တာ ခံရသည် ။ ညအခါ နတ်ကဲ့သို့ စည်းစိမ်ခံစားရသည် ။ မဟိန္ခက ပြိတ္တာ 〰〰〰〰 ဝေမာနိက ပြိတ္တာမျိုးပင်ဖြစ်သည် ။ငရဲပြည်မှာ ယမမင်း လုပ်ရသည် ။အဆင်းလှသည် ။ စည်းစိမ်ကြီးသည် ။ စားသောက်ချင်တိုင်းမစားရ ။ တခါတရံ စားသောက်ရသည် ။ တောင့်တမှု့ အာသာဆန္ဒ ပြင်းစွာခံရ သော ပြိတ္တာပါ ။ #ပြိတ္တာတို့_အနေအထား 〰〰〰〰〰〰 🔹ယခုခေတ်လူတို့သည် အမည် အမျိုးမျိုး ဖြင့် ပြိတ္တာနွယ်ဝင် တို့ကို မှင်စာ ၊ အစိမ်း ၊ သရဲ ၊ သဘက် ၊ဖုတ် ၊ကျက် ၊ဥစ္စာစောင့် ၊ ရုက္ခစိုး ၊စုန်းဘီလူး စသည်ဖြင့် ခေါ်ဝေါ်ကြသည် ။ ပြိတ္တာ တို့သည်ပင် အဆင့်အတန်းအမျိုးမျိုးရှိသည် ။ 🔸ဇရပ်အို ကျောင်းအိုတို့ ၌ နေရသော ပြိတ္တာများ သုသာန်သင်္ချိုင်းနေရသူ ၊ လူတို့ ပတ်ဝန်းကျင်တွင် သွားလာနေရသူ ၊ တော တောင် ချောက်ကမ်းပါး၌ နေရသူ သစ်ပင် ခြုံပုတ်များ၌ နေရသူ ဘုံဗိမာန်၌နေရသူ ဘုရားတရားသံ မကြားချင် မကြားဝံ့သူ ကြားနာချင်သော်လည်း ကြားနာခွင့်မရသူ တရားသံကြားလျှင်ထွက်ပြေးသူ ၊ ဘုရားသံ တရားသံကြားလျှင် သာဓုခေါ်ပြီးကျွတ်တန်းဝင်နိုင်သူ ။ 🔹ပြိတ္တာတို့သည် လူတို့နှင့်အနီးတဝိုက်တွင် နေသဖြင့် စားကြွင်းစားကျန်များမ၀တ၀ စားသောက်ရသည် ။ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အကောင်ပုပ်၊ သွေးပုပ် ၊ ပြည်ပုပ် ၊ သားအိမ်မှထွက်သောအချင်း ၊နှပ်၊သလိပ် ၊တံတွေး တို့ကို စားသောက်ကြရသည် ။ #တေစ္ဆ ➖➖ 🔸ဖုတ် ၊ပြိတ္တာ တို့သည် လူတို့ကို ခြောက်လှန့်တက်သောကြောင့် တစ္ဆေဟုခေါ်သည် ၊ တစ္ဆေခြောက်သည် ဆိုရာတွင် ကိုယ်ထင်ပြခြင်း ၊ညည်းညူခြင်း ၊အနံ့ပေးခြင်း ၊၀င်ပူးခြင်း ၊ခြောက်လှန့်ခြင်းများကို လုပ်တက်ကြသည် ။၎င်းတို့သည် ကံနိမ့်သူများကို ခြောက်တတ်ကြသည် ။ 🔹 တစ်ခါတရံ နောက်ပြောင်ကျီစားလိုခြင်း ၊ချစ်ခင်ခြင်း ၊စားသောက်လိုခြင်း ၊ဥစ္စာပေးလိုခြင်း ၊မှာကြားလိုခြင်း ၊အမျှအတန်းပေးဝေမှု့ကိုခံလိုခြင်း ၊နှုတ်ဆက်လိုခြင်း၊သားမယားကိုစွဲလမ်းခင်မင်၍ ခြောက်ခြင်းများပြုလုပ်တက်ပါသည် ။ ( သား ၊မယား၊လင် ၊ဇနီး ၊ တို့ကို စွဲလမ်းသောသူများ တစ္ဆေ္ဆအဖြစ်များပြီး ခြောက်တက်ကြပါသည် ။ သားသမီး ဇနီးက ဘုန်းကြီးပင့်၍ မောင်းထုတ်ပါသည် ။ ) #တစ္ဆေခြောက်သည် ... 〰〰〰〰〰〰 🔹တစ္ဆေခြောက်သည်ဆိုရာမှာ တကယ်တော့ လူတွေကို ကြောက်အောင်လုပ်၍ မိမိကိုယ်ကို အရုပ်ဆိုး အကျည်းတန်ဖန်ဆင်းခြင်းမဟုတ် ၊လူတွေ တွေ့သလို ခေါင်းက ပုတ်လောက်ကြီး ၊မျက်လုံးကြီးက လင်းကွင်းလောက်၊ ကိုယ်ခန္ဓာက ထန်းပင်လောက်ကြီး ၊လျှာကြီး တစ်တောင် လောက်ထွက်နေသည် ။ အမွှေးက စုတ်ဖွားကြီး စသည်ဖြင့် ပြောကြသည် တကယ်အမှန်တော့ ဖန်ဆင်းခြင်းမဟုတ် ၊ သူတို့ အကုသိုလ်ကြောင့် ဖြစ်နေ ခံစားနေရသော မူရင်းကိုယ်ခန္ဓာသာ ဖြစ်သည် ။ 🔸 အနံ့ပေးခြင်းမှာလည်း သူပြုခဲ့ သော မကောင်းမှု အကုသိုလ်ကြောင့်ဖြစ်ပေါ်နေသော အနံ့သာဖြစ်ပြီး ၊ တခါတရံ မွှေးကြိုင်သောအနံ့ပေးလျှင် ကုသိုလ်အဖို့ ဘာဂ အမျှရ၍ ချမ်းသာသော ဘ၀သို့ ရောက်ရှိကြသူ တို့က ကျေးဇူးတင်ကြောင်းလာရောက်ပြသသည့် သဘောဖြစ်ပါသည် ။ #ဥစ္စာစောင့် (ရိက္ခိုသ် ၊ကုမ္ဘဏ် ) 〰〰〰〰〰〰〰 🔹ဥစ္စာစောင့်ကို ( အဘိဓမ္မာသံခိပ်၌ ) ကြီးသော ၀မ်းဗိုက်ရှိကြကုန်သော ကျယ်သော၊ပြူးသော၊နီသော မျက်စိရှိကြကုန်သော ရက္ခိုသ် တို့ကို ကုမ္ဘဏ် ဟု ခေါ်ဆို၏ ။ ထို ကုမ္ဘဏ် တို့ကို ယခု လောက၌ ဥစ္စာစောင့်ဟု ခေါ်သည်။ ဥစ္စာစောင့်သည် မြေဖုတ်ဘီလူးအနွယ် ၀င် များဖြစ်ကြသည် ။ 🔸ကုဝေရ နတ်မင်းကြီးလက်အောက်အတော်အတန် ဘုန်းတန်ခိုးကြီးကြသည် ။ ဘုမ္မစိုး နတ်ဘီလူးတို့၏ အအုပ်အချုပ်ခံ ဘုန်းတန်ခိုးနည်းသော ပြိတ္တာ မျိုးနွယ်ဖြစ်သည် ၊မူလ ရုပ်ဆင်းဆိုးဝါးသူများ ဖြစ်ကြသည် ။ 🔹 သို့သော် မိမိကိုယ်ကို လှအောင် ဖန်ဆင်းနိုင်ကြပြီး သိုက်နန်းအတွင်း ၌ ပျော်ပျော်ရွှင်ရွှင် နေကြ ကြောင်း ၊ သူတို့ဘ၀ကိုစွဲလမ်းသာယာနေကြသည် ။ 🔸 လူတို့က ဖိတ်လျှင် တရားနာနိုင်သည် သာဓုခေါ်နိုင်သည် ၊အိပ်မက်ပေးနိုင်သည် ။ ဘုရားတည်သူများသည် ဥစ္စာစောင့်များနှင့် ၀င်ပူး၍ စကားပြောခြင်းသော်လည်းကောင်း ၊အမျိုးသမီး ငယ်ပုံစံ ဖန်ဆင်း၍ အတူတကွ ယှဉ်စကားပြော နိုင်ပါသည် ။ အိပ်မက်လည်းပေးနိုင်ပါသည် ။ အလှူပစ္စည်းများလည်း ပေးနိုင်သည် ။ သက်ဆိုင်သောသူသာသိပေမယ့် အခြားသူများက ဥစ္စာစောင့် ဟု မပြောနိုင်ပါ ။ 🔹အိပ်မက်ပေး၍လည်း ဘုရားကို ပြုပြင်ခိုင်းပြီး လိုအပ်သည်များကို တောင်းဆိုခြင်းများလည်း ပြုလုပ်ခိုင်းနိုင်ပါသည် ။ သူတို့ရှိနေသော ဘုရားကြီးများထင်ရှားလာအောင် ထိုင်လျှက် ကျောက်ဆင်းတု ပေ ၂၀လောက်ကိုလည်း ယိမ်းယိုင်ပြတက်သည် ။ ( ပေါင်းတည်ကျီကျီးကုန်း ဘုရားကြီး) ၊အခြားထူးခြားမှု့ပြုလပ်ခြင်းများလည်း ပြုလုပ်နိုင် ကာ လူတွေ သဒ္ဓါပေါက်လာပြီး လှုတန်းကာ ဘုရားကြီး ထင်ပေါ်ကျော်ကြားလာအောင်လည်း လုပ်တက်သည် ။ 🔸ဘုရားပျက်များရှိလျှင်လည်း ပြန်တည်ရန် သက်ဆိုင်သူများသို့ အကြောင်းအမျိုးမျိုး ဖြင့် လှုံ့ဆော်တက်ပါသည် ။ လူတို့အားလည်း ရွှေငွေအစအခြားဝတ္ထုများ ပေးကမ်းနိုင်သည် ။ ကျေးဇူးလည်း သိတတ်ကြပါသည် ။ 🔸 ၎င်းတို့ဘ၀ကို စွဲလမ်းပြီးပျော်နေတက်သည် ။ တော်တော်တန်တန် ကုသိုလ်ပြု၍ အမျှဝေသော် လည်း ကျွတ်လွတ်သူနည်းပါးကြသည် ။ 🔸 ဘုရားစေတီများတွင် နှစ်ပေါင်းထောင်နှင့်ချီ၍ နေကြရသူများလည်းရှိပါသည် ။ 🔸အခြားနေရာများမှ ထိုဘုရားသို့ ပြောင်းရွှေ့လာ ကြသူများလည်း ရှိပါသည် ။ အချို့နေရာများတွင် သိုက်ချုပ်နှင့် လည်း အတူတူ ရှိတတ်ကြပါသည် ။ 🔹ပင်ကိုယ် အရုပ်ဆိုးသော်လည်း သူတို့မှာ လှလှပပလေးများ ဖန်ဆင်းထားသဖြင့် အိပ်မက်အရသော်၎င်း ၊ အပြင်မှာတွေ့ရရင် သော်၎င်း ၊အမျိုးသမီး လှလှ လေးများကိုသာ တွေ့ရသဖြင့် ဘုရားများတွင် ရွှေတိဂုံ ၊ဗိုလ်တစ်ထောင် ဘုရားအပါအ၀င်တွင် သိုက်စောင့် ဆိုပြီး အမျိုးသမီးလှလှလေးများ ထုလုပ်ပြီး နတ်နန်းဟုခေါ်သည့် အဆောက်အဦးလေးများတွင် ထားပြီး ပူဇော်နေကြသည် ၊ အမျှအတန်းပေးဝေကြပါ ။ မိမိ က ထိုင်ရှိခိုးနေလျှင် မိမိ အဆင့် ဘယ်လောက် မှာ ရှိသည်ကို စဉ်းစားပါ ။ 🔸တကယ်တော့ ဥစ္စာစောင့် ကို မူရင်းပုံအတိုင်း ဘာကြောင့် မထုလုပ်သည်မှာ အံ့ဩစရာပင် ။ နာမည်ပေးသော်လည်း ယခုခေတ်သုံး နာမည်များ တွေ့ရသည် ။ မြစိမ်း ၊စောနန်းနွယ် ၊နန်းကလျာ ၊ မြတ်နန်းနွယ် ၊နန်းနွယ် အစရှိသဖြင့် တွေ့ရသည် ။ 🔹၎င်းတို့မှာ နှစ်ပေါင်းထောင်ကျော်က ပုဂ္ဂိုလ်များ ဖြစ်သော်လည်း အဲဒီခေတ်က နာမည်မျိုး တွေ့ရတာ လည်း အံ့ဩစရာပင် ။ သိုက်နန်းရှင်ကလေးတွေနဲ့ ဘယ်ဘ၀တုန်းက ဇနီးမယားတော်ခဲ့တယ်ဆိုရင် ကျေနပ်နေကြတာ ။ 🌟 ဘုရားပေါ်က ရုပ်ထုလှလှ လေးတွေကို ကျေနပ်နေ တာပါ ။ မူရင်းပုံ ပြလိုက်ရင် လင်တော်မောင် အမယ်လေး တပြီး အော်ပြေးမှာ သေချာသည် ။ 🔹သနားပါ ။ 🔹မေတ္တာပို့ပါ ။ 🔹အမျှအတန်းပေးဝေကြပါ ။ ဂန္ဓဗ္ဗနတ်=ဇော်ဂနီ = စုန်း ➖➖➖➖➖➖ 🔹မွှေးကြိုင်သော နံသာပင်တို့၌ တွယ်ကပ်၍နေသော နတ်ကို ဂန္ဓဗ္ဗနတ်ဟုခေါ်သည် ။ သစ်ပင်အတွင်း ၊သစ်ခေါင်းအတွင်းနေသော သစ်ဘီလူးခေါ် ဂန္ဓဗ္ဗနတ်တို့ကမူ ၊ သစ်တုံးဆွေးမြေ့ ပျက်စီးသည်အထိနေကြသည် ။ 🔸 အိမ်ဆောက်တဲ့ အခါ သစ်ခြောက်ပါသည် ဆိုသည်မှာ ဤနတ်မျိုး ကပ်ပါလာခြင်းကိုဆိုလိုသည် ။ဗေဒင်ဆေးကျမ်းများ ၊မှော်ကျမ်းများတွင် ဇောဂနီနတ်ဟူ၍လည်းခေါ်သည် ။ ညအခါ မိမိတို့တန်ခိုးဖြင့်တောက်ပသည့် အလင်း ထွက်လေ့ရှိသဖြင့် ပါဠိလို ဇုဏှမှဇုဏ်း =စုန်း ဟုခေါ်လာသည် ။ ဂန္ဓဗ္ဗတည်ရာ မိန်းမကို စုန်းမ ဟုခေါ်သည်။ 🔹ထို စုန်းမသည် မိမိကိုယ်တွင်းကိန်းအောင်းနေသာ ဂန္ဓဗ္ဗနတ်၏အစွမ်းဖြင့် အခြားသူကိုနှိပ်စက်ဖမ်းစား ခြင်း အမှုပြု၏ ။ ပဋိသန္ဓေ တည်သည်မှစ၍ ထိုဂန္ဓဗ္ဗနတ်ထပ်ကြပ် ပါလာသော မိန်းမကို ၀မ်းတွင်းစုန်းဟုခေါ်သည် ။ဗူးရှိသည်၊ဗူးသွင်းသည်ဟုပြော၏ ။ ထိုဂန္ဓဗ္ဗနတ်မျိုးမှာ အမျိုးအစား (၁၀) မျိုးရှိကြောင်း မဇ္ဈပဏ္ဏသ အဋ္ဌကထာ၌ ဟောထားသည် ။ #အသူရာနတ် (ဝေမာနိက ပြိတ္တာ ) ➖➖➖➖➖➖➖➖ 🔹တစ်ခါတစ်ရံ နတ်ကဲ့သို့ စည်းစိမ်ခံစားရ၍ တစ်ခါတစ်ရံဆင်းရဲခံစားရသော ဝေမာနိက ပြိတ္တာ အသူရကယ်နတ်ငယ်များဖြစ်ကြသည် ။ မိမိတို့ တန်ခိုးက္ကဒ္ဓိပါတ်မရှိသဖြင့် ဘုံဗိမ္မာန် သီးသန့်မရှိ၊တော ၊ခြုံ ၊ သုသာန်ဇရပ် ၊ အိမ် ၊ကျောင်းဂူတို့ ၌ ကပ်နေရသည် ။ လူတို့ စွန့်ပစ်ထားသော အစာကို စားရသည် လည်း ရှိသည် ။ မရလျှင် ရတနာသုံးပါး မမြဲသောလူများကို ၀င်ရောက်ပူးကပ် ခြောက်လှန့်၍စားသည် ။ 🔸အထက်ဖော်ပြပါ ပြိတ္တာ ၊ တစ္ဆေ ၊ အသူရကယ် အစရှိသည်များသည် ရတနာသုံးပါး မြဲသူများ , သီလ သမာဓိ ပညာ ပြည့်စုံသူများကို ကြောက်ရွံကြလေသည် ။ 💠သာယာချမ်းမြေ့ကြပါစေ💠 . 🌟သစ္စာနီ🌟 #Credit Ref: ရတနာ့ဂုဏ်ရည်

via အလင်းရောင် ဓမ္မ https://ift.tt/2YqqdPd

ငါသည် သူတစ်ပါးအပေါ် ကောင်းနေပါလျက် ငါ့အပေါ်ကို ဘာကြောင့်မကောင်းကျပါသလဲ သေချာပါသည် အတိတ်က ပေးဆပ်ရမည့် အကြွေးမကုန်သေးဘူးဆိုတာ ပေးဆပ်လိုက်ပါ "ရော်ရွက်ကြွေခြင်းသည် ရွက်သစ်ဝေဖို့ အစပြုလိုက်ခြင်းပဲဖြစ်ပါတယ်" မင်းကွန်းဆရာတော်ကြီး

via အလင်းရောင် ဓမ္မ https://ift.tt/2T5wGcB

"သူတို့ကကျုပ်ကိုမုန်းတယ် ကျုပ်ကိုကျုပ်မုန်းနေတာ ကြာပေါ့။" 🌷🌷🌷🌷🌷🌷🌷🌷🌷 သူတောင်းစား ••••••••••••••••• တရားကျအားမထုတ်ချင်ပဲနဲ့ ခင်ဗျားတို့ကနိဗ္ဗာန်ရချင်.. ဘုန်းကြီးရှေ့သွားကန်တော့ သည်တော့ဘုန်းကြီးကဆုပေးတယ်.. "ဝဋ်ဘဝတိုတိုနဲ့မဂ်ဖိုနိဗ္ဗာန်ကို ရလွယ်ကြသည်ဖြစ်စေ"တဲ့ အဲလိုဆိုတော့ခင်ဗျားတို့ကလည်း အချောင်သမားတွေ။ တရားအလုပ်မလုပ်ချင်ဘူး။ ဘာပြန်ပြောတုန်းဆိုတော့.. "ပေးတဲ့ဆုအတိုင်းပြည့်စုံရပါလို၏"တဲ့.. ခက်လိုက်တဲ့ဖြစ်ခြင်း.. အတော်ဆိုးတဲ့လူတွေ... ဘယ်ရမလဲဗျ။ ပေးတဲ့ဘုန်းကြီးကလည်း ထုံးစံအတိုင်းပေးတာ။ခင်ဗျားတို့ကလည်းအလကား လိုချင်တာဆိုတော့ကိုက်နေတာပဲ.. ခင်ဗျားတို့ကဘုရားနားသွားပြီး ရှေ့ကနေပိတ်ထိုင်။ ပြီးတော့ကျယ်လောင်ကျယ်လောင်နဲ့ ဘုရားရှိခိုးကြတယ်... အမှန်ကတော့ခင်ဗျားတို့ဟာက ကျက်ထားတဲ့စာမေ့သွားမှာစိုးလို့ ဘုရားရှေ့သွားပြန်တာနဲ့တူနေတယ်။ ဘာလို့လဲဆိုတော့ ပါးစပ်ကသာဆိုနေတာ စိတ်ကဘုရားဂုဏ်တော်ဆီကို ရောက်မှမရောက်ဘဲ။ (မှန်ပါဘုရား..) နှုတ်တတ်ရနေလို့သာဆုံးသွားတာ။ ဒီတော့စာပြန်တာနဲ့တူနေတာပေါ့။ ပြီးတော့ဆုတောင်းကြသေးတယ်။ ဒီလိုဘုရားရှိခိုးရသည့်အတွက်ပေါ့လေ.. ပဋိသန္ဓေအို'နာ'သေဘေးမှလွတ်ရပါလို၏တဲ့.. (မှန်ပါ..) ဘယ်...ဒီဆုမျိုးဘုရားကပေးလိမ့်မလဲ ပေးနိုင်တာမှမဟုတ်တာ။ ဒါကိုခင်ဗျားတို့ကဇွတ်တောင်းနေကြတယ်။ ဘုရားကိုနားပူနားဆာလုပ်ကြတယ်။ ရုပ်တုတော်မိုလို့ပေါ့ဗျာ.. သက်တော်ထင်ရှားဘုရားသာဆိုလို့ရှိရင် 'နားငြီးတယ်'ဆိုပြီးခြေထောက်နဲ့ ဆီးကန်ချင်စရာ။ (မှန်ပါဘုရား) ခင်ဗျားတို့ကတော်တော် အတောင်းရမ်းထူတဲ့လူတွေ။ အတောင်းရမ်းထူတဲ့ လူတွေဆိုတာဘယ်အမျိုးတုံးး သူတောင်းစားမျိုးပါဘုရားး အေး.. အဲဒီအထဲကဖြစ်နေပြီခင်ဗျားတို့က ဒါမျိုးကဆုတောင်းယူလို့ရတာမဟုတ်ဘူး။ လုပ်ယူမှရတာ။အဲတာလုပ်ယူကြ။ တစာစာတောင်းမနေနဲ့။ တန်ရာတန်ကြေးလုပ်အားပေးပြီးယူကြ။ မိုးကုတ်ဆရာတော်ဘုရားကြီး တစ်ဘဝသာသနာ စာမျက်နှာ=၂၇၄-၂၇၅ crd to ဦးဇောတိက via: bhikkhu tejaniya

via အလင်းရောင် ဓမ္မ https://ift.tt/2OEQ81i

သတိတရား အရေးကြီးပုံ ( ၁ ) 🌷🌷🌷🌷🌷🌷🌷🌷 သတိ ဆိုတာ ဒီအာရုံကို ထင်ထင်ရှားရှား မှန်မှန်ကန်ကန် ဖွင့်ပြတဲ့ သဘောပေါ့ … အခု ဖြစ်နေတာလေးကို သူ အမှန်အကန်သိတာကို ပြောတာ … အရပ်ထဲမှာ သုံးနူန်းနေတဲ့ သတိရဲ့ အဓိပ္ပါယ်နဲ့ မတူဘူး … အရပ်ထဲမှာ ပြောနေတဲ့ သတိရဲ့ အဓိပ္ပါယ်က - " ဖြစ်ခဲ့တာတွေကို အမှတ်ရနေတာကို သတိလို့ ပြောတာ " … ဟုတ်တယ် အဲဒီ သတိလည်းပဲ သတိပါပဲ … သို့သော် … တရားအားထုတ်တဲ့ နေရာမှာ လိုအပ်တဲ့ သတိက ထင်ရှားဖြစ်နေတဲ့ , လက်တွေ့ ဖြစ်နေတဲ့ အာရုံကို အမှန်အကန် သိနေတဲ့ သဘောလေးကို သတိလို့ ပြောတာ … အခုဖြစ်နေတာလေးကို သိနေတယ် အမှန်အတိုင်း သိနေတယ် … အဲဒီ သတိရှိတဲ့ အချိန်တိုင်း အချိန်တိုင်းဟာ - ကိုယ့်စိတ်ကို စောင့်စည်းပြီးသား ဖြစ်တယ် - ကိုယ့်စိတ်ကို စောင့်ရှောက်ပြီးသား ဖြစ်တယ် - ကိုယ့်စိတ်ကို ဆုံးမပြီးသား ဖြစ်တယ် - သတိရှိခြင်းသည် စိတ်ကို ဆုံးမခြင်းပဲ - သတိရှိခြင်းသည် စိတ်ကို စောင့်ရှောက်ခြင်းပဲ - သတိရှိခြင်းသည် စိတ်ကို စောင့်စည်းခြင်းပဲ အထူးသဖြင့် သတိရှိလို့ရှိရင် ပညာရမယ် … #သစ္စာရွှေစည်_ဆရာတော်_ဘုရား

via အလင်းရောင် ဓမ္မ https://ift.tt/31kyjpQ

နောက်ဆုံးအမွေ 🌷🌷🌷🌷🌷 လောကမှာ မြင်မြင်သမျှ သတ္တ၀ါတွေဟာ ငါပဲဖြစ်ဖြစ် သူပဲဖြစ်ဖြစ် ကိုယ်လုပ်သမျှ ဟာ ကိုယ်နဲ့သာ သက်ဆိုင်ပါတယ်။ “ကမ္မဒါယာဒ” တို့တစ်တွေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို တို့တစ်တွေ နောက်ဆုံး အမွေခံရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း ဆင်ခြင်စဉ်းစားပေးရပါမယ်၊ “ကောင်းတာလုပ်ရင်လည်း ကောင်းတဲ့အမွေ အကျိုးခံစားရပြီး၊ မကောင်းတာလုပ်ရင်လည်း မကောင်းတဲ့အမွေ ဆိုးကျိုးခံစားကြရမှာ ပဲ” ဒီလိုဆင်ခြင်စဉ်းစားပေးခြင်းဖြင့် မကောင်း တာ မလုပ်ဖြစ်အောင် ရှောင်ရှားရပါမယ်။ မကောင်းတဲ့အမွေဆိုတာ ဘယ်သူမှ မခံချင်ကြပါ။ ကောင်းတဲ့အမွေသာ ခံချင်တာ ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းတာကို သတိထားပြီး ရှောင်ကြဉ်လာတယ်၊ ကောင်းတာတွေကို ကြိုးစားပြီးလုပ်ဖြစ်လာတယ် ဒါဟာ ကြီးမားတဲ့ အမြတ်ကြီး တစ်ခုပါပဲ။ နောက်တစ်ခု ဆင်ခြင်သင့်တာက မိသားစုနဲ့ပဲ နေနေ၊ မိတ်ဆွေသင်္ဂဟတွေနဲ့ပဲနေနေ ပစ္စည်းဥစ္စာတွေ ပိုင်ဆိုင်တာပဲဖြစ်ဖြစ် “ငါမြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေ၊ ငါမြတ်နိုးတဲ့ပစ္စည်းဥစ္စာတွေ တစ်နေ့ကျလို့ရှိရင် ငါနဲ့ ကွဲသွားမှာပဲ၊ ခွဲခွာရမှာပဲ” လို့ ဒီသဘောကို ဆင်ခြင်စဉ်းစားပေးရပါမယ်။ အဲဒီလို ဆင်ခြင်စဉ်းစားပေးခြင်းအားဖြင့် တွယ်တာမှုတွေကို လျှော့ချ ပေးပါတယ်၊ တွယ်တာမှုကို လျှော့ချပေးလိုက်နိုင်တာနဲ့ တစ်ပြိုင်တည်း သောကဆိုတာ လျော့ကျသွားပါတယ်။ တွယ်တာမှုကို မလျှော့ဘဲနဲ့ သောကကို လျော့ကျသွားအောင် လုပ်လို့မရပါ။ တို့တစ်တွေက များသောအားဖြင့် တွယ်တာမှုကို မလျှော့ဘဲနဲ့ သောကလျှော့ဖို့ ကြိုးစားနေကြပါတယ်၊ တွယ်တာမှုကြောင့် သောကဖြစ်တယ်လို့ သိပ်မသိကြပါ။ သားသမီးအပေါ် တွယ်တာတာတို့၊ ပစ္စည်းဥစ္စာ အပေါ် တွယ်တာတာတို့၊ မိတ်ဆွေ သင်္ဂဟအပေါ် တွယ်တာတာတို့ ရှိနေသရွေ့ တွယ်တာမှုမှန်သမျှ သောကကိုဖြစ်စေ တတ်ပါ တယ်။ အဲဒီ တွယ်တာမှုတွေကို လျှော့ချပြီး တွယ်တာမှုကို မေတ္တာနဲ့ အစားထိုးရပါမယ်၊ မေတ္တာဆိုတာ တွယ်တာတာ မဟုတ်ပါ။ မေတ္တာက အကျိုးစီးပွားကို လိုလားတာပါ၊ မိတ်ဆွေတွေ အပေါ်မှာထားတဲ့ စိတ်ဓာတ်မျိုး ထားတယ်၊ အင်မတန်မှ သန့်ရှင်းပါတယ်။ လောကမှာ မိသားစုမှာလည်းပဲ သံယောဇဉ်နဲ့ မနေဘဲနဲ့ မေတ္တာနဲ့နေလို့ရပါတယ်၊ မေတ္တာနဲ့ နေတာက ပိုပြီးတော့ အဆင်ပြေပါတယ်၊ သူ့ကောင်းကျိုးကို လိုလားတယ်၊ ပတ် ၀န်းကျင်ကောင်းအောင် အာရုံစိုက်တယ်။ သံယောဇဉ်ဆိုတာက သူ့ကို မြင်နေရမှ၊ မမြင်ရလို့ရှိရင် ကိုယ့်စိတ်ထဲမှာပူနေပါတယ်၊ ကိုယ့်မျက်စိအောက်က ပျောက်နေလို့ရှိရင် ပူနေတယ်၊ တစ်စုံတစ်ခုများ ဖြစ်သလားလို့တွေးပူကြပါတယ်၊ ဒီလို-သောကတွေကို ဝေစေတတ်ပါတယ်။ ဒါကြောင့် အဲဒီ သောကဆိုတာတွေကို လျှော့ချချင်လို့ရှိရင် ပစ္စည်းအပေါ် တွယ်တာတာပဲ ဖြစ်ဖြစ်၊ လူအပေါ် တွယ်တာတာပဲဖြစ်ဖြစ် အဲဒီ-တွယ်တာမှုကို လျှော့ချနိုင်ရပါမယ်။ (၁၀)ရက် တရားစခန်း ၀င်လိုက်တယ်၊ အာရုံတစ်ခုအပေါ်မှာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားတယ်၊ တစ်ခါတစ်ရံကျတော့ (၁၀)ရက်သာ ပြည့်သွားတယ် အာရုံစူးစိုက်မှု ဟုတ်တိပတ်တိ မရခဲ့ဘူး တရားစခန်းမှ ပြန်ထွက်လာတယ်၊ အသိဉာဏ် ပါမလာဘူး၊ ဒုန်ရင်းအတိုင်းပဲ ပြန်ဖြစ်သွားတယ်၊ တိုးတက်မှု မရှိဘူးဆိုရင်အရှုံးကြီး ရှုံးပါတယ်။ ဒါကြောင့်မို့လို့ ဘယ်လို ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် နောက်ဆုံး အမွေခံအဖြစ် ကောင်းတာလုပ်ရင် လည်း ကောင်းတဲ့အမွေ၊ မကောင်းတာလုပ်ရင်လည်း မကောင်းတဲ့အမွေ ရကြမှာဖြစ်တယ်လို့ သိ ရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းဆင်ခြင်မှု၊ မိမိစိတ်ကလေးမှာ အကုသိုလ်တွေ မဖြစ်ရလေအောင်၊ အကုသိုလ်တွေနဲ့ ဆိုင်ရာတွေ မတွေးတောလေအောင် ကောင်းတဲ့အာရုံနဲ့ အစားထိုးတာ ဖြစ်တယ်လို့ သိရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ အကုသိုလ် မဖြစ်အောင် သတိဆောင်၍ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေသတည်း။ ။ { ၁၃၇၂-ခုနှစ်၊ တပို့တွဲလဆန်း(၃)ရက်၊ ၆-၂-၂၀၁၁၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာ လာဘိဝံသ ဟောကြားသော ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား- တရား ဒေသနာတော်မှ ကောက် နုတ်ရေးသား ပူဇော်ပါသည်။ } (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား) Credit - Myat Thu

via အလင်းရောင် ဓမ္မ https://ift.tt/2ZyH132

လုပ်​ငန်းတိုင်းကိစ္စတိုင်းမှာ အ​နှောင့်​ယှတ်​ဆိုတာရှိစမြဲပါပဲ ကုသိုလ်​​ရေးပဲဖြစ်​ဖြစ်​ စီးပွား​ရေးပဲဖြစ်​ဖြစ်​​ပေါ့။ ဒါကိုပဲအ​ကြောင်းပြတစ်​ခုလိုသတ်​မှတ်​ပြီး လုပ်​ငန်းမတွင်​ကျယ်​ဘူးဆိုရင်​... ကုသိုလ်​​တွေမလုပ်​ဖြစ်​ဘူးဆိုရင်​...။ မာရ်​နတ်​ရဲ့... အချိန်​ပြည့်​​နှောက်​ယှတ်​ခြင်းကို ခံ​နေရတဲ့ သိဒ္ဓတ္ထမင်းသားသည်​ ငါတို့ကိုးကွယ်​အားထားရာ သဗ္ဗညုတဗုဒ္ဓဆိုတာဖြစ်​လာမည်​မဟုတ်​။ တကယ်​​တော့... အ​နှောင့်​အယှတ်​ အခက်​အခဲဆိုတာ ဖြတ်​​ကျော်​လိုသူအတွက်​ ပါရမီ​တွေပြည့်​ဝလာဖို့ အခွင့်​လမ်းပါပဲ။ အရှင်​မဟာဝံသ မန်း​မြေ။

via အလင်းရောင် ဓမ္မ https://ift.tt/2OBC48G

Sunday, August 4, 2019

ဘဝ၏ အကောင်းဆုံး ကာကွယ်ရေးဥပဒေကြီး 🌷🌷🌷🌷🌷🌷 🌷ကုသိုလ်ကောင်းမှုဟူသည် လူသားတိုင်း၏ ဘဝအား အထက်တန်းသားသို့ရောက်အောင် ပို့ဆောင်တက်သော အရာဖြစ်ပါ၏ ကုသိုလ်ကောင်းမှုနှင့်ကင်းလျက် လူသားအဖြစ် လူသားဘဝ၏ အဓိပ္ပာယ်ကို ရှာဖွေလို့ မရစကောင်း။ ကုသိုလ်ကောင်းမှုမရှိသော် လူကောင်းစင်စစ်မဖြစ်နိုင်တော့ပေ။ 🌷မကောင်းမှုဟူသည် လူသားတိုင်းအတွက် အန္တာရာယ်ဖြစ်၏ဘေးဒုက္ခဖြစ်၏ အဆိပ်စူးဖြစ်၏ မကောင်းမှုနှင့် ထိစပ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုလူ၏ဘဝတွင် မလိုလားအပ်သော လောကဓံဆိုးများ ရစ်ဝိုင်းလွမ်းခြုံလာတော့၏ အကုသိုလ်မှု၏ ဆိုးကျိုးဆိုးပြစ်ကို မည်သူမျှတားစီးလို့မရ ဟန့်တားလို့မရ တန်ခိုးရှင်လည်းမတက်နိုင်။ သိဒ္ဓိရှင်လည်း မစွမ်းနိုင်။ မြတ်စွာဘုရားသော်မှ ကယ်တင်လို့မရပေ။ 🌷သို့ဖြစ်၍ အကုသိုလ် ကြိုတင်ရှောင်ရှားခြင်းသည် ဘဝ၏ အကောင်းဆုံးအရံအတား တစ်နည်းအားဖြင့် ဘဝ၏ အကောင်းဆုံး ကာကွယ်ရေးဥပဒေကြီး ဖြစ်တော့၏။ 🔰မင်းနန်မော်ကျွန်း (ဘဝ၏ ရွေစည်းမျဉ်းများမှ) ထုတ်နှုတ်ပြီး မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။ အားလုံးကျန်းမာချမ်းသာလို့ ဘဝအောင်မြင်ကြပါစေ CR#tzwin

via အလင်းရောင် ဓမ္မ https://ift.tt/2LZ5wU0

အကြင်သူသည် မိတ်ကောင်း ဆွေကောင်းနှင့် အတူတကွ နေထိုင်ရ၏။ စကားပြောဆိုရ၏။ ဆွေးနွေးတိုင်ပင်ရ၏။ ထိုသူလောက် ကံကောင်းသူ ဤလောက၌ မရှိတော့ပေ။ လူမိုက်နှင့် အတူတကွ ရန်လည်းမပြုသင့်ပေ။ ချစ်ခင်ပေါင်းသင်းခြင်းလည်း မပြုသင့်ပေ။ မီးကျီခဲသည် ပူခိုက်ဖြစ်မူ ကိုင်သောလက်ကို လောင်တတ်သည်။ အေးခိုက်ဖြစ်မူ မည်းညစ် စွန်းပေတတ်သည်။ ယုတ်ညံ့သူနှင့် ပေါင်းသင်းလျှင် မိမိပညာ သည် ဆုတ်ယုတ်သွားမည်သာ ဖြစ်၏။ တန်းတူသူနှင့် ပေါင်းသင်းလျှင် မိမိပညာ တိုးတက်ခြင်း မရှိနိုင်ပေ။ မိမိထက် ပညာသာသူနှင့် ပေါင်းမှ မိမိပညာက တိုးတက်နိုင်သည်။ ရွှေနှင့် ပေါင်းဖက်မိခြင်းကြောင့် ဖန်သည် မြရောင်ထွက်သကဲ့သို့ ပညာရှိနှင့် ပေါင်းဖက်မိလျှင် လူမိုက်သည် လူလိမ္မာ ဖြစ်လာနိုင်သည်။ ပိုးကောင်သည် ပန်းပွင့်နှင့်အတူနေခြင်းကြောင့် လူကြီးလူကောင်းတို့၏ ဦးခေါင်းထက်သို့ ရောက်ရလေ၏။ ကျောက်တုံး ကျောက်ခဲသည် လူကြီးလူကောင်း တို့ တည်ထား ကိုးကွယ်ခြင်းကြောင့် ဘုရား ဆင်းတု အဖြစ်သို့ ရောက်ရလေသည်။ ဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရ ပညာကထာ ပညာကဗျာ #Via - Paral Lel >>> thank

via အလင်းရောင် ဓမ္မ https://ift.tt/2YFCRFA

via အလင်းရောင် ဓမ္မ https://ift.tt/2yyKbbo

စိတ်ထားလေးတွေ ပြင်ကြမယ်

via အလင်းရောင် ဓမ္မ https://ift.tt/33d7ZPZ

#ပေးတယ်ဆိုတာ သတ္တိရှိမှ ပေးရဲတာ၊ သဒ္ဓါရှိမှ ပေးရဲတာ၊ စေတနာရှိမှ ပေးရဲတာပါ။ မစ္ဆရိယဆိုတဲ့ အတွယ်ရှိတဲ့သူက မပေးရဲဘူး။ ပေးရမှာကြောက်တယ်။ ရှိထားတဲ့အရာတွေအပေါ်မှာ တွယ်ထားတဲ့အတွက် စွန့်ရမှာလည်းကြောက်တယ်။ ဖယ်ရမှာလည်းကြောက်တယ်။ နေရာကိုတွယ်တာ၊ အမျိုးကိုတွယ်တာ၊ ပစ္စည်းကိုတွယ်တာ၊ အလှကိုတွယ်တာ၊ ဓမ္မကိုတွယ်တာတွေဟာ မစ္ဆရိယမျိုးနွယ်တွေပဲ။ ဘာပဲတွယ်တွယ် အတွယ်မှန်သမျှ ပူတာပါပဲ။ နေရာဖယ်ပေးတာ၊ ပစ္စည်းပေးတာ စတာတွေဟာ စွန့်လွတ်နိုင်တဲ့ သတ္တိရှိလို့သာ လုပ်နိုင်ကြတာပါ။ ရယူသူနဲ့ ပေးဆပ်သူ။ ဖြစ်နိုင်ရင် ​ပေးနိုင်တဲ့သူဖြစ်အောင် ကြိုးစားရမယ်။ ရလိုက်လို့ ဖြစ်ရတဲ့ ကျေနပ်မှုနဲ့ ပေးလိုက်ရလို့ ဖြစ်ရတဲ့ ဝမ်းသာမှု နှိုင်းတုလို့တောင် မရဘူး။ ရလို့ကျေနပ်တဲ့ ခံစားမှုနောက်မှာ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ ရှိတတ်တယ်။ ရရှိလာတဲ့ အရာတွေ ပျောက်ပျက်သွားမှာ၊ ပျက်စီးသွားမှာ စတာတွေကြောင့် ရယူခြင်းရဲ့ နောက်မှာ စိတ်မချမှု၊ သောကဖြစ်မှုတွေ ရောက်နေတတ်တယ်။ ဒါကြောင့် အယူများတဲ့သူက အပူပွားတတ်ပြီး စွန့်နိုင်မှသာ လွတ်နိုင်တဲ့အတွက် ရယူဖို့ထက်၊ စွန့်လွှတ်နိုင်အောင် ကြိုးစားပါ။ တွယ်တာမှုကို စွန့်လွှတ်မှုနဲ့ လျှော့ချနိုင်အောင် ကြိုးစားပါ။ အပူပေါ့ချင်ရင် အယူ လျှော့နိုင်အောင် ကြိုးစားပါ။ အတွယ်လျှော့ရင် တကယ်ပေါ့တယ်။ ဘာပဲဖြစ်ဖြစ် လျှော့ကြည့်လိုက်ပါ။ မေတ္တာဖြင့် ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ 🙏🙏🙏

via အလင်းရောင် ဓမ္မ https://ift.tt/2KfDcdY

ဂေါတမမြတ်ဗုဒ္ဓ ၏ ဗုဒ္ဓဝင် 🌷🌷🌷🌷🌷🌷🌷 ဖက်ရှုနိုင်ရန်ပြန်တင်ပေးပါတယ် ဂေါတမ ဘုရားအလောင်းတော်သည် ဤ ဘဒ္ဒ ကမ္ဘာ မှ ပြန်၍ ရေတွက်သည် ရှိသော် လေးအင်္သချေ နှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာ ရသေ့ ဖြစ်ခဲ့လေသည်။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကာရာမြတ်စွာဘုရား ခြေတော်ရင်း၌ မိမိတစ်ကိုယ်တည်း နိဗ္ဗာန်ချမ်းသာကို ရယူနိုင်သော်လည်း ဩဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါးကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနားကြင်နာတော်မှုလှသဖြင့် ယူတော်မမူခဲ့ပေ။ သုမေဓာ ရှင်ရသေ့ ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက်နိုင်သော ဘဝများစွာတို့၌ - ရွှေ၊ ငွေ၊ ဆင်၊ မြင်း အစရှိသည်တို့ကို လှူခြင်း၊ ခြေ၊ လက်၊ နား၊ နှခေါင်း အစရှိသည်တို့ကိုလှူခြင်း၊ မိမိ အသက်ကို လှူခြင်း၊ ….အစရှိသော ပါရမီ သုံးဆယ် တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။ ထို့ပြင် အလွန်စွန့်နိုင်ခဲ့စွာသော - ပဒေသရာဇ်၊ ဧကရာဇ်‌၊ စကြာမင်းတို့၏ စည်းစိမ်ရတနာကို စွန့်ခြင်း သားသမီးကို စွန့်ခြင်း မယားကို စွန့်ခြင်း ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်တို့ကို စွန့်ခြင်း မိမိအသက်ကို စွန့်ခြင်းဟုဆိုအပ်သော စွန့်ခြင်းကြီးငါးပါး ကို ဖြည့်စွန့်တော်မူခဲ့လေသည်။ ဤသို့ ဘဝများစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုတိသာနတ်ပြည်၌ သေတကေတုမည်သော နတ်သားဖြစ်ခဲ့လေသည်၊ နတ်သားဖြစ်စဉ် စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က "ဘုရာဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ" ဟု ဘုရားအလောင်းတော်ကိုတောင်းပန်ကြလေသည်။ သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတု နတ်သားသည် - ကာလ - ဘုရားဖြစ်ရာ အချိန်ကာလ၊ ဒီပ - ဘုရားဖြစ်ရာ ကျွန်းအရပ်၊ ဒေသ - ဘုရားဖြစ်ရာ အရပ်ဒေသ၊ ကုလ - ဘုရားဖြစ်ရာ အမျိုးအနွယ်၊ မာတု အာယု ပရိစ္ဆေဒ - ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့်သူ၏ သက်တမ်းအပိုင်းအခြား ဟူသော ကြည့်ခြင်းကြီးငါးပါး တို့ကို ကြည့်ရှုတော်မူလေသည်။ ယင်းသို့ ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇ ခု၊ ဝါဆိုလပြည့် ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေဝီမိဘုရားကြီး မယ်တော်မာယာ(သိရီမဟာမာယာဒေဝီ) ဝမ်း၌ ပဋိသန္ဓေ တည်နေလေသည်။ ဘုရားအလောင်းတော်သည် ဘီစီ ၆၂၃ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြောနေ့ဝယ် ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှုးသန့်စင် ဖွားမြင်တော်မူလေသည်။ ဘုရားလောင်းပဋိသန္ဓေနေ၍ ဆယ်လပြည့်ရာ ကဆုန်လပြည့်နေ့တွင် မယ်တော်မာယာသည် ဆွေတော်မျိုးတော်များရှိရာ ဒေဝဒဟပြည်သို့ သွားလိုပါကြောင်း သုဒ္ဓေါဒနမင်းကြီးအား အခွင့်တောင်းလေသည်။ မင်းကြီးသည် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့ သွားရာလမ်းတစ်လျှောက်လုံးတွင် တန်ဆာဆင် စေ၍ မင်းခမ်းမင်းနားဖြင့် ထွက်တော်မူစေလေသည်။ ခရီးအကြား၌ လုမ္ဗိနီအင်ကြင်းဥယျာဉ်တော်ကို ခေတ္တ ဝင်တော်မူလေသည်။ ထိုအချိန်တွင် ဥယျာဉ်တစ်ခုလုံး၌ အင်ကြင်းပန်းတွေ ပွင့်နေသဖြင့် အလွန်သာယာပေသည်။ မယ်တော်မာယာသည် အင်ကြင်းကိုင်းကို လက်တော်ဖြင့် လှမ်းကိုင်လိုက်တုန်းမှာ ဝမ်းတော် လှုပ်လာ သောကြောင့် အဝတ်အကာအရံကို ကာရံစေ၍ မတ်မတ်ရပ်လျက်သာပင် ဘုရားအလောင်းတော်ကို ဖွားမြင်လေသည်။ ဤအချိန်သည် မဟာသက္ကရာဇ် ၆၈ ခု (ဘီစီ ၆၂၃) ကဆုန်လ ပြည့် သောကြာနေ့ ဖြစ်သည်။ ဖွားမြင်ပြီးသောအခါ သုဒ္ဓါဝါသဗြဟ္မာ့ဘုံမှ ရဟန္တာဗြဟ္မာမင်းက ဇာတဘက်ဖြင့် ခံယူ၍ မယ်တော် ၏ ရှေ့၌ပြကာ “အရှင်မိဖုရား၊ ဝမ်းမြောက်တော်မူပါ။ သားရတနာကို ဖွားမြင်ပါပြီ” ဟုဆို၏။ ထို့နောက် စတုမဟာရာဇ်နတ်မင်းကြီးများက သစ်နက်သားမွေးထည်ဖြင့် လှမ်းယူ၍ လူတို့လက်ကို လှမ်းလိုက်လေ သည်။ ထို့နောက် လူတို့လက်မှ ဆင်းလျက် မြေ၌တည့်မတ်စွာရပ်တော်မူ၍ အရပ်ဆယ်မျက်နှာသို့ ရှုစားတော်မူလေရာ အားလုံးသောနတ်ဗြဟ္မာတို့က အရိုအသေပေးကြသဖြင့် မြောက်အရပ်သို့ ခုနစ်ဖဝါးကြွပြီးလျှင် အဂ္ဂေါဟမသ္မိ လောကဿ (တစ်လောကလုံး၌ ငါသာလျှင် အမြတ်ဆုံးဘုရား ဖြစ်သည်) ဟု ကြေညာဟစ်ကြွေးခဲ့၏။ ဘုရားလောင်း ဖွားမြင်သောအချိန်မှာပင် ယသော်ဓရာမင်းသမီး၊ ညီတော် အာနန္ဒာ၊ ကာဠုဒါယီ အမတ်၊ ဆန္ဒအမတ်လောင်း တို့ကိုလည်း အသီးသီးဖွားမြင်သည်။ ကဏ္ဍဍကမြင်းကိုလည်း မွေးသည်။ ရွှေအိုးကြီး လေးလုံးလည်း ပေါ်လေသည်။ ဗောဓိပင်လည်း ပေါက်သည်။ ဤသည်မှာ ဘုရားအလောင်း၏ ဖွားဖက်တော် ခုနစ်ဦး ဖြစ်သည်။ အမည်ပေးတော်မူပုံဘုရားလောင်း ဖွားမြင်သည်ကြားသဖြင့် ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်မှ ဆွေတော်မျိုးတော် များ စေုဝးရောက်လာကြသည်။ မာယာဒေဝီနှင့် ဘုရားလောင်းကို ကပိလဝတ်ပြည်သို့ ခေါ်ဆောင်သွားကြ သည်။ သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော ကာလဒေဝီလ ရသေ့ကြီးသည် နန်းတော်သို့ ကြွရောက်လာသည်။ မင်းကြီးက သားတော်ကို ရသေ့ကြီးအား ပြ၍ “သားတော် ဆရာမြတ်ကို ရှိခိုးလော့” ဟုဆို၏။ ဘုရားလောင်းက ရှိမခိုး။ ရသေ့ကြီး၏ ဦးခေါင်းထက်၌ ခြေစုံရပ်လျက် တည်သည်။ အံ့ဖွယ်သရဲ ထူးကဲလှသဖြင့် ရသေ့ကြီးက ဘုရားလောင်းကို ရှိခိုးသည်။ မင်းကြီးကလည်း သားတော်ကို ပထမဆုံးအကြိမ် ရှိခိုးသည်။ ရသေ့ကြီးသည် ဘုရားလောင်းကို စူးစိုက်ကြည့်ကာ ရယ်လည်း ရယ်သည်။ ငိုလည်း ငိုသည်။ မင်းကြီးက မေးသောအခါ ရသေ့ကြီးက “မင်းမြတ်၊ သင့်သားတော်သည် ဘုရားဖြစ်လိမ့်မည်။ ထို့ကြောင့် ငါဝမ်းသာ၍ ရယ်သည်။ သို့ရာတွင် သားတော် ဘုရားဖြစ်ချိန်၌ ငါသေလွန်ပြီး ဖြစ်နေမည်။ ထို့ကြောင့် ဝမ်းနည်း၍ ငိုသည် ဟု ဆို၏။ ဘုရားလောင်းဖွားမြင်ပြီး ငါးရက်မြောက်သောနေ့တွင် မင်းကြီးက ပုဏ္ဏားတော်များကို ဖိတ်သည်။ သားတော်၏ လက္ခဏာတော်တို့ကို ကြည့်ရှုဖတ်သားစေသည်။ ပုဏ္ဏားတော် ခုနစ်ယောက်တို့က “သားတော်သည် စကြဝတေးမင်း သော်လည်းကောင်း၊ ဘုရားသော်လည်းကောင်း ဖြစ်လိမ့်မည်” ဟူ၍ နှစ်ခွ ဆိုကြသည်။ အငယ်ဆုံးဖြစ်သော ကောဏ္ဍည ပုဏ္ဏားကမူ “အရှင့်သားတော် သည် တောထွက်၍ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်” ဟူ၍ တစ်ခွန်းတည်းသာ ဆိုလေသည်။ မင်းကြီးက “ငါ့သားတော်သည် အဘယ်အရာကို မြင်၍ တောထွက်မည်နည်း” ဟုမေးသည်။ “သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ် ကြီးလေးပါးကို မြင်၍ တောထွက်ပါမည်” ဟူ၍ ကောဏ္ဍည ပုဏ္ဏားက ဖြေသည်။ ထို့နောက် ဘုရားလောင်း ကို ‘သိဒ္ဓတ္ထ’ (Siddhartha) ဟုအမည်ပေးသည်။ အဓိပ္ပါယ်မှာ အကျိုးအားလုံးကို ပြီးစီးစေသောသူ ဟူ၍ ဖြစ်သည်။ ဂေါတမအနွယ်ဖြစ်သောကြောင့် ‘သိဒ္ဓတ္ထဂေါတမ’ ဟုလည်း ခေါ်ကြသည်။ ဘုရားအလောင်း တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး သည် ဆွေတော်မျိုးတော်မင်းများထံသို့ သမီးရတနာ ပို့ဆက်လာရန် ရာဇသံ ပေးသည်။ သမီးရှင် မင်းများက ဘုရားလောင်းမင်းသားကို “အဆင်းသာလှ၍ ပညာမတတ်” ဟု ကဲ့ရဲ့ကာ သမီးရတနာ မပို့ဘဲနေကြ လေသည်။ ထိုအကြောင်းကို သုဒ္ဓေါဒနမင်းကြီးက သားတော်အားပြောပြလေရာ ဘုရားလောင်းက အခက်ဆုံး လေးအတတ်ကို ပြရန် ဝန်ခံလိုက်လေသည်။ ထို့နောက် တိုင်းပြည်ရှိ ထင်ရှားသော လေးဆရာတို့ကို နန်းတော်မြေပြင်၌ စုရုံးစေကာ လေးဆရာလေးယောက်ကို လေးမျက်နှာကထား၍ ဘုရားလောင်းကိုယ်တိုင် အလယ်ကနေပြီးလျှင် “အသင် တို့က ငါ့ကို တစ်ပြိုင်နက်ပစ်ကြလော့” ဟု ဆိုလေသည်။ လေးဆရာလေးယောက် ပစ်လိုက်သော မြားတို့ မိမိအားမထိအောင် မြှားတစ်ဆင်းတည်းဖြင့် ကာကွယ်နိုင်လေသည်။ ဤသို့ လေးအတတ်ပြပြီးမှ ဆက်သလာသော သမီးကညာတို့တွင် သုဒ္ဓေါဒနမင်းကြီး၏ ညီမတော် အမိတ္တာနှင့် ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသော်ဓရာ အမည်ရှိသော မင်းသမီးနှင့် လက်ဆက်ကာ နန်းသိမ်းပွဲ ခံယူလေသည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်အတွက် ဆောင်းဥတုတွင် စံမြန်းရန် ‘ရမ္မ’ မည်သော ဘုံ ၉ ဆင့် နန်းဆောင်၊ နွေရာသီတွင် စံမြန်းရန် ‘သုရမ္မ’ မည်သော ဘုံ ၅ ဆင့် နန်းဆောင်၊ မိုးဥတုတွင် စံမြန်းရန် ‘သုဘ’ မည်သော ဘုံ ၇ ဆင့် နန်းဆောင် ဟူသော နန်းဆောင်ကြီးသုံးဆောင်ကို ဥတုအလိုက် ခံစားရန် ဆောက်လုပ်ပေးလေသည်။ ဤသို့ဖြင့် ဘုရားလောင်းသည် မင်းစည်းစိမ်ကို သက်တော် ၂၉ နှစ်အထိ ၁၄နှစ်မျှ စံစားတော်မူလေသည်။ ဘုရားလောင်းသည် မင်းစည်းစိမ်ကို ၁၄နှစ်မျှ ခံစားပြီးနောက် သက်တော် ၂၉ နှစ် အရွယ်သို့ ရောက်သောအခါ များစွာသော အခြွေအရံတို့ဖြင့် ဥယျာဉ်တော်သို့ ထွက်တော်မူလေရာ ဗြဟ္မာမင်းတို့က သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နမိတ်ကြီးလေးပါးကို အစဉ်တိုင်းဖန်းဆင်းလျက် ဘုရားလောင်းနှင့် ရထားထိန်းမြင်ရုံမျှ ပြကြလေသည်။ ထိုအခါ သူအို၊ သူနာ၊ သူသေ တို့ကို တစ်ကြိမ်မျှ မမြင်ဖူးသော ဘုရားလောင်းသည် မိမိနှင့်တကွ ဆွေတော်မျိုးတော် အားလုံးပင် အိုကြရ နာကြရ သေကြရဦးမည်ဟူ၍ သေံဝဂဖြစ်တော်မူတုန်း သပ္ပါယ်သော ရဟန်းတော်ကို ဖူးမြင်ရသောအခါ ဘဝအဆက်ဆက်က နှစ်သက်ခဲ့သော အသွင်ဖြစ်ရကား အားရရွှင်လန်းလျက် ရဟန်းပြုဖို့ရန် အဓိဋ္ဌဌာန်ပြုတော်မူလေသည်။ ထို့နောက် ညနေချမ်း၌ ဥယျာဉ်တော်မှ ပြန်တော်မူလေသည်။ ထိုပြန်ခါနီး၌ သားတော်ဖွားမြင်ကြောင်းကို သံတော်ဦးတင်လာသဖြင့် “ရာဟုဇာတော - အနှောင်အဖွဲ့ဖြစ်ပါပကော” ဟု ညည်းတွားတော်မူလေသည်။ ထိုစကားကို အကြောင်းပြု၍ သားတော် လေးကို ရာဟုလာ ဟု အမည်ပေးတော်မူလေသည်။ ဘုရားလောင်းသည် နန်းတော်သို့ ရောက်တော်မူပြီးနောက် ကချေသည် မောင်းမတို့ ကပြတီးမှုတ်လျက် ဖျော်ဖြေကြသည်ကို ရှေးကလို စိတ်ဝင်စားတော်မမူဘဲ သလွန်တော်၌ လျောင်းစက် တော်မူလေသည်။ ထိုအခါ ကချေသည်မောင်းမတို့လည်း သီဆိုတီးမှုတ်မှုများကို ရပ်တန့်၍ အိပ်ကြလေသည်။ ထိုသို့ မောင်းမများ ဒူးပေါ်ပေါင်ပေါ် စသည်ဖြင့် အိပ်ပျော်နေကြပုံကို ဘုရားလောင်း စက်တော်ခေါ်ရာမှ အထတွင် မြင်တော်မူ၍ ရှေးကထက် သံဝဂရပြီးလျှင် “ယနေ့ညတွင်ပင် တောထွက်တော့အံ့” ဟု ကြံတော်မူကာ ငယ်ကျွန်တော်ရင်း ဆန္နအမတ်ကို နှိုးလျက် ကဏ္ဍဍကမြင်းကို ဆက်ဖို့ရန် အမိန့်ပေးလေသည်။ ထိုအခါ နန်းတော်၏ အတွင်းအပြင်၌ နတ်ဗြဟ္မာများတို့ ရောက်နေကြ၏။ နန်းတော်အတွင်းရှိ လူအများနှင့်တကွ တစ်မြို့လုံး မနိုးကြရအောင် နတ်များက စီမံထား၏။ ကဏ္ဍက မြင်းဆက်ဖို့ရန် ဆန္ဒ အမတ်သည် အတော်ဝန်လေး၏။ တောထွက်မည်ကို အမှန်ပင် မလိုလား။ ဘုရားလောင်းမင်းသား စကြဝတေးမင်း ဖြစ်သည်ကိုသာ လိုလား၏။ သို့သော် အမိန့်တော်ကို မလွန်ဆန်ဝံ့ရုံသာမက မည်သူမျှလည်း မနိုးကြသဖြင့် ကဏ္ဍဍကစီးတော်မြင်းကို ပြင်ဆင်ရရှာလေသည်။ ဘုရားလောင်းသည် တောသို့ ထွက်ခွာတော်မူခါနီးဝယ် သားတော်ကို ရှုစားတော်မူလိုသောကြောင့် ယသော်ဓရာမိဖုရား၏ အဆောင်တော်သို့ ကြွတော်မူလေသည်။ ထိုအခါ အဆောင်တော်အတွင်းဝယ် နံ့သာတိုင်များကို ထွန်းညှိထား၏။ ယသော်ဓရာမိဖုရား သည် မြလေးပန်းတို့ဖြင့် ရောပြွမ်းနေသော သလွန်ပေါ်၌ သားတော်လေး၏ ဦးခေါင်းပေါ်မှာ ရွှေလက်တော်တင်လျက် စက်တော်ခေါ်နေ၏။ ဘုရားလောင်းသည် အဆောင်တော်၏ တံခါးခုံအတွင်းသို့ ချင်းနင်းဝင်ရောက်လာသောအခါ လွန်စွာ ကျက်သရေရှိလှသော တိုက်ခန်းအတွင်းဝယ် တင့်တယ်သော သလွန်တော်ထက်၌ မြလေးပန်းတို့၏ အလယ်တွင် သားတော်လေးနှင့် ကြင်ယာတော်မိဖုရားတို့ စက်တော်ခေါ်နေပုံကို ရှုစားတော်မူရသောအခါ ရင်သွေးတော်လေးအား အားရပါးရ ပွေ့ယူတော်မူလိုသော်လည်း မိဖုရားနိုးလျှင် ထွက်နိုင်ဖို့ လမ်းမမြင်သောကြောင့် “ဘုရားဖြစ်မှ သားတော်ကို ရှုတော့အံ့” ဟု ဆုံးဖြတ်တော်မူကာ အဆောင်တော်မှ ထွက်ခွါတော်မူပြီးလျှင် ကဏ္ဍဍကမြင်းတော်ပေါ်သို့ တက်လေသည်။ ဤအချိန်သည်ကား မဟာသက္ကရာဇ် ၉၇ ခု ဝါဆိုလပြည့်နေ့ တနင်္လာ ဖြစ်သည်။ ဘုရားအလောင်းတော်သည် သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် ၂၉ နှစ်အရွယ် (ဘီစီ ၅၉၄) ရောက်သောအခါ တောထွက်၍ ရဟန်းပြုလေသည်။ ဘုရားလောင်းသည် နတ်ဗြဟ္မာများ ခြံရံလျက် ဖွားဖက်တော် ဆန္နအမတ်အား မြင်းမြီးကို ကိုင်ဆွဲစေပြီးလျှင် ကဏ္ဍဍကမြင်းကို စီးလျက် မြို့ တော်မှ ထွက်လေသည်။ မြို့ တံခါးအနီးသို့ ရောက်သော အခါ မြို့ စောင့်နတ်များက လူတစ်ထောင်ဖွင့်မှ ပွင့်နိုင်သော တံခါးကို တန်ခိုးဖြင့် ဖွင့်ပေးကြသည်။ ထိုအချိန် တွင် မာရ်နတ်ရောက်လာ၍ “အသင်မင်းသား ….. တောထွက်ဖို့ မလိုပါ။ မကြာခင် ခုနစ်ရက်မြောက်၌ စကြာရတနာ ဆိုက်ရောက်ပါလိမ့်မည်” ဟုပြော၍ တားလေသည်။ သို့သော် ဘုရားလောင်းကမူ ဂရုမထားဘဲ သွားမြဲအတိုင်းသွားလေသည်။ ထိုသို့ တောထွက်တော်မူလာရာ အနော်မာမြစ်ကမ်းသို့ ဆိုက်ရောက်တော်မူလျှင် မြင်းတော်ကို အချက်ပေး၍ ရှစ်ဥသဘ (၆၃.၉၈ မီတာ) ဝေးသော တစ်ဖက်ကမ်းသို့ ခုန်ပျံစေ၏။ တစ်ဖက်ကမ်းသို့ ရောက်သော် သဲသောင်ပြင်တွင် ထိုင်တော်မူ၍ သန်လျက်ဖြင့် ဆံတော်ကို ကိုယ်တိုင်ပယ်လေသည်။ ထိုသို့ ပယ်၍ “ဘုရားဖြစ်မည်မှန်လျှင် ဆံတော်သည် ကောင်းကင်မှာ တည်ပါစေသား” ဟု အဓိဋ္ဌဌာန်၍ မြှောက် လိုက်ရာ ဆံတော်သည် ကောင်းကင်၌ တည်လေသည်။ ကောင်းကင်၌ တည်နေသော ဆံတော်ကို သိကြား မင်းက ခံယူ၍ တာဝတိံသာနတ်ပြည်တွင် “စူဋ္ဌာမဏိစေတီ” တည်ထားလေသည်။ ထို့နောက် ယဋိကာရ ဗြဟ္မာ ဆက်ကပ်လာသော သင်္ကန်းဖြင့် ရဟန်းပြုတော်မူ၍ ဝတ်လဲတော်ပုဆိုးကိုလည်း ယဋိကာရဗြဟ္မာမင်း ယူ၍ ဗြဟ္မာ့ပြည်ဝယ် “ဒုဿ စေတီ” တည်ထားကိုးကွယ်လေသည်။ ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲလှစွာသော ဒုက္ကရ စရိယာ အကျင့်ကို ရဟန်းအဖြစ်နှင့် ၆ နှစ်ပတ်လုံးကျင့်တော်မူခဲ့သည်‌။ ဘုရားလောင်းသည် ရဟန်းပြုပြီးနောက် ဒေသစာရီ လှည့်လည်တော်မူစဉ် အာဋ္ဌဌာရ ရသေ့နှင့် ဥဒကရသေ့တို့ထံ ဝင်၍ တရားထူးကို စုံစမ်းတော်မူရာ လောကီဈာန်လောက်ကိုသာ ထိုရသေ့တို့အထံမှ ရရှိ သဖြင့် တင်းတိမ်အားရတော်မမူသေးသောကြောင့် ဥရေုဝဠတောသို့ ကြွ၍ ဒုက္ကရစရိယာအကျင့်ကို ကျင့် တော်မူသည်။ ကျင့်တော်မူပုံ အစီအစဉ်မှာ - ရှေးဦးစွာ ‘သေနာ’မည်သော နိဂုံးသို့ ဆွမ်းခံဝင်ကာ ဆွမ်းဘုဉ်းပေး တော်မူပြီးလျှင် မေတ္တာဘာဝနာကို ပွားများလျက် ထိုနေ့ကာလကို လွန်စေတော်မူသည်။ ထို့နောက် ဆွမ်းအာဟာရကို သုံးဆောင်တော်မမူတော့ဘဲ အလိုအလျောက် ကြွကျေလာသော သစ်သီးကိုသာ ကောက်ယူ၍ ဘုဉ်းပေးတော်မူ၏။ ထို့နောက် ထိုထိုဤ သစ်ပင်အောက် လှည့်လည်ကောက်ယူ၍ စားရ ခြင်းကိုပင် အလုပ်ပျက်သည်ဟု အယူရှိသဖြင့် ကိုယ်တော်မြတ်နေရာ သစ်ပင်အောက်၌သာ ကြွေကျသော သစ်သီးများဖြင့်ပင် မျှတတော်မူလေသည်။ ထို့နောက် အစာအာဟာရ စားသောက်နေခြင်းကိုပင် အလုပ်ပျက်သည်ဟု ထင်တော်မူ၍ လုံးဝ အစာမစားဖို့ရန် ကြံတော်မူသည်။ သို့သော် နတ်များက အစာမစားလျှင် နတ်သြဇာသွင်းပေးမည်ဟု လျှောက်လေသည်။ ထိုသို့ နတ်သြဇာ အသွင်းအခံလိုသောကြောင့် တစ်လက်ခုပ်လောက် ပဲရည်၊ ဆီးသီး လေးကိုမျှ ဘုဉ်းပေးတော်မူလေသည်။ ထိုသို့ ကြီးစွာသော ဝီရိယဖြင့် အစာအနည်းငယ်သာ စားကာ အားထုတ်မှုကြောင့် ဘုရားလောင်း၏ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော ခန္ဓာကိုယ်သည် ညိုမဲခြောက်ကပ်၍ နေလေသည်။ သွေးသားဟူ၍ မရှိတော့ ဘဲ အရိုးနှင့် အရေသာ ကျန်လေတော့၏။ ဤသို့ ဘုရားဖြစ်ရန် ခက်ခဲပင်ပန်းစွာကျင့်တော်မူလေသည်။ ဘုရားလောင်းသည် ဒုက္ကရစရိယာ အကျင့်ကို ခြောက်နှစ်တိုင်တိုင်ကျင့်သော်လည်း တရားထူး မရသောကြောင့် ထိုအကျင့်ကို စွန့်လိုက်လေသည်။ ထို့နောက် သေနာနိဂုံး၌ ဆွမ်းခံ၍ အာဟာရကို ပြန်လည် မှီဝဲလေသည်။ ထို့ကြောင့် မကြာမီပင် အားအင်တိုးပွား၍ ယခင်အသားအရေများ ပြန်လည်ဖြစ် ပေါ်လာလေသည်။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာ မည်သော သူ‌ဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်း ကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ကြွသွားတော်မူလေသည်‌။ ဘုရားအလောင်းတော်သည် သုဒ္ဓိယ ငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ် ကို ကြဲဖြန့် လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့သည် မြက်ရိပ်အသွင်သဏ္ဌန်ဖြင့် မတည်ကြကုန်။) ဤကဲ့သို့ နွေကာလဝယ် စိမ်းစိုသော မြက်ခင်းပေါ်တွင် “ဘုရား မဖြစ်သမျှ ဤထက်ဝယ်ဖွဲ့ခွေထား သော တင်ပျဉ်ကို မဖျက်တော့အံ့” ဟု ဓိဋ္ဌဌာန်၍ထိုင်နေတော်မူသောအခါ နတ်သိကြားများ ရောက်လာလေ သည်။ သိကြားမင်းသည် ဝိဇယုတ္တရ အမည်ရှိ ခရုသင်းကို မှုတ်လျက် အောင်သံပေးနေလေ၏။ ပဉ္စသီခနတ်သား သည် ဗေဠုဝစောင်းကို တီးနေလေသည်။ သုယာမနတ်မင်းနှင့် သန္တုသိတနတ်မင်းတို့ကမူ သားမြီးယပ် နှင့် ပတ္တမြားရပ်များကို တငြိမ့်ငြိမ့် ခတ်နေ၏။ သဟမ္ပတိဗြဟ္မာမင်းမှာ ထီးဖြူတော်ကို ဆောင်းမိုးနေ၏။ ကာဠနဂါးမင်း ၏ ကိုယ်ရံတော် နဂါးပျိုမလေးများက ဘုန်းတော်ဘွဲ့များကို သာယာစွာ ရွတ်ဆိုနေကြ၏။ အခြားသော နတ်ဗြဟ္မာအပေါင်းတို့သည် ပန်းနံ့သာအမျိုးမျိုးဖြင့် ပူဇော်ကြလေသည်။ ဤသို့သော အခြင်းအရာကို မာရ်နတ်မင်းမြင်သော် ချက်ချင်းပင် နတ်ပြည်တက်၍ မိမိစစ်သည် တပ်သားများကို စုစည်းလျက် မိမိကိုယ်တိုင်က လက်နက်အမျိုးမျိုးဆွဲကိုင်သော လက်ရုံးတစ်ထောင် ဖန်ဆင်းပြီးလျှင် ဂီရိမေခလာ မည်သော ဆင်ပြောင်ကြီးကို စီးကာ ဗောဓိပင်သို့ ချီတက်လာလေသည်။ သို့သော် ဗောဓိပင် အနားသို့ မကပ်ဝံ့ဘဲ အဝေးကနေသာ အမျိုးမျိုးသော လက်နက်များဖြင့် ပစ်ခတ်ကြ လေသည်။ မာရ်နတ်၏ စစ်သည်များ တက်လာကာစကပင် နတ်ဗြဟ္မာတို့သည် ဝေးရာအရပ်မှ ရှောင်လွှဲ၍ အောင်ပွဲကို ကြည့်ရှုကြလေသည်။ ဘုရားလောင်းသည် တစ်ပါးတည်းကျန်ရစ်သော်လည်း အနည်းငယ်မျှ စိုးရွံ့တော်မမူဘဲ မာရ်နတ် ကို မေတ္တာဖြင့် ကြည့်တော်မူလျက် နှစ်သက်ဖွယ်စကားများကို တုံ့ပြန်ပြောဆို တော်မူပြီးလျှင် ဤ ပုလ္လင်နေရာရဖို့ အတွက် မရေမတွက်နိုင်သော ကာလတုန်းက စွန့်လွှတ်ခဲ့ရသည်ကို ထားလိုက်ပါဦးတော့။ နောက်ဆုံးဖြစ်သော ဝေဿ န္တရာမင်း ဘဝ၀ယ် ကြင်ရာတော် မဒ္ဒီမိဖုရား ကို လှူတုန်းက ဤမဟာပထဝီမြေကြီးသည် ပဲ့တင်ဟီးလျက် ရိုက်တီးဆော်ခတ် အသိအမှတ်ပြုခဲ့ဖူးလေပြီ” ဟု မိန့်တော်မူလျက် လက်တော်ဖြင့် မြေကိုသုံးသပ်တော်မူလိုက်သောအခါ မြေကြီးသည် ပြင်းထန်စွာ လှုပ်ခတ်လေသည်။ မဟာပထဝီမြေကြီး ၏ တုန်လှုပ်သံမှာ ပြင်းစွာ ဆူညံသည့်အပြင် ကောင်းကင်တစ်ပြင်လုံးလည်း တဂျုံးဂျုံးထစ်ချုန်းလျက် မိုးကြိုးများ ကျရောက်လေ၏။ ထိုသို့ တစ်ပြိုင်နက် အကြီးအကျယ် ကြောက်မက် ဖွယ်များ ဖြစ်ပေါ်လာသောအခါ မာရ်နတ်သည် ကြောက်လန့်၍ ထွက်ပြေးလေသည်။ နောက်လိုက်နောက် ပါ စစ်သည်များအားလုံးလည်း အစုအရုံးပျက်ပြား၍ နတ်ပြည်သို့ တက်ပြေးကြလေသည်။ ဤသို့ဖြင့် ဘုရားလောင်းသည် မာရ်နတ်ကို နေမဝင်မီ အောင်တော်မူလေသည်။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်‌၌ ထက်ဝယ်ဖွယ်ခွေနေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်) ကို အောင်မြင်တော်မူ၍ ညဉ့်ဦးယံ၌ ရှေးက နေခဲ့(ဖြစ်ခဲ့)ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့တတ် သိတတ်သော "ပုဗ္ဗေ နိဝါသာနုဿ တိဉာဏ်" ကိုရတော်မူလေသည်။ သန်းခေါင်ယံ၌နတ်တို့၏မျက်စိနှင့်တူသော တစ်လောကလုံး၌ ရှိသော သတ္တဝါ စသည်တို့ကို မြင်တတ်သော "ဒိဗ္ဗစက္ခု ဉာဏ်"ကိုရတော်မူလေသည်။ မိုးသောက်ယံ၌ အာသဝေါတရားလေးပါးတို့၏ ကုန်ခြင်းကို ပြုတတ်သော ကိလေသာဟူသမျှကို အကြွင်းမရှိ ပယ်သတ်နိုင်သော "အာသဝက္ခယဉာဏ်"ကိုရတော်မူ၍ သက်တော် ၃၅ နှစ်အရွယ် (ဘီစီ ၅၈၈) မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်ဝယ် လောကသုံးပါးတွင် အတူမရှိ၊ အတုမရှိသော သဗ္ဗညုတဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။ ဘုရာလောင်းသည် ဘုရားဖြစ်တော်မူပြီးနောက် တရားဦးဟောထိုက်သူကို ဆင်ခြင်တော်မူသော အခါ ထိုရသေ့ငါးဦးကို မြင်တော်မူ၍ ဗောဓိပင်မှ တစ်ဆယ့်ရှစ်ယူဇနာ (၂၂၈.၉၆ မိုင်) ဝေးကွာသော ဣသိပတန မိဂဒါဝုန်တော (ဘုရား ပစ္စေကဗုဒ္ဓါတို့ ဆင်းသက်ရာ၊ သားသမင်တို့အား ဘေးမဲ့ပေးရာတော) သို့ ခြေကျင်ကြွတော်မူသည်။ ရှေးရှေးသော ဘုရားရှင်တို့သည် ဓမ္မစကြာ တရားကို ဟောကြားရန် ကောင်းကင်ခရီးဖြင့် ကြွတော်မူသော်လည်း ဂေါတမဘုရားရှင်ကမူ မဂ်ဖိုလ်မျိုးစေ့ရှိသော ဥပကနှင့် တွေ့လို၍ ၂၂ မိုင် ခရီးကို ခြေဖြင့်သာ ကြွတော်မူလေသည်။ ထို့နောက် မဟာသက္ကရာဇ် ၁၀၃ ခု ဝါဆိုလပြည့်နေ့ စနေနေ့၏ ညနေချမ်း၊ အနောက်ဘက်၌ နေဝင်၍ အရှေ့ဘက်၌ အာသဠီနက္ခတ်နှင့် ယှဉ်လျက် လပြည့်ဝန်းပေါ်ထွက်လာသော အချိန်တွင် ပဉ္စဝဂ္ဂီရသေ့ငါးပါးအား ဓမ္မစကြာ တရားဦးကို ဟောကြားတော်မူလေသည်။ တရားအဆုံး၌ တစ်ဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့ နှင့်အတူ အရှင်ကောဏ္ဍဍည သောတာပန် တည်လေသည်။ ထို့နောက် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄ ရက်နေ့တွင် အရှင်အဿဇိတို့ အသီးသီး သောတာပန်တည်ကြလေသည်။ ထို့နောက် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် အနတ္တလက္ခဏာ သုတ်တော်ကို ဟောတော်မူသောအခါ ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာ ဖြစ်သွားကြလေသည်။ ပဉ္စဝဂ္ဂီ တို့အား ရဟန်းပြုပေးပြီးသောအခါ ဗုဒ္ဓ၊ ဓမ္မ၊ သံဃဟူ၍ ရတနာသုံးပါး အစုံအလင် ပေါ်ထွန်း လာပြီး မကြာမီမှာပင် ဗာရာဏသီမှ ယသသူဋ္ဌေဌးသားအမှူးပြုသော သူငယ်ချင်း ၅၅ ဦးတို့သည် ဘုရားရှင် ၏ တရားတော်ကို နာကြားရကာ ဧဟိဘိက္ခူ ရဟန္တာများ ဖြစ်လာခဲ့ကြသည်။ ဤအရှင်မြတ် အပါး၆၀သည် ဗုဒ္ဓသာသနာတွင် အဦးဆုံးသော သံဃအဖွဲ့အစည်းပင် ဖြစ်သည်။ ဘုရားရှင်နှင့်တကွ ထိုသံဃာတော်များသည် ရှေးဦးစွာ မိဂဒါဝုန်တော၌ သီတင်းသုံး နေထိုင်ခဲ့ကြ သည်။ မိုးလေကင်းလွတ် ဝါကျွတ်သောအခါ ဘုရားရှင်သည် ဝေနေယျတို့အား ဆုံးမသွန်သင်ရန် သံဃာ တော်အားလုံးကို ဒေသအသီးသီးသို့ သာသနာပြု စေလွှတ်တော်မူသည်။ စေလွှတ်ရာ၌ ရဟန်းတစ်ပါးလျှင် ခရီးတစ်ကြောင်းကျစီဖြင့် ခရီးထွက်ကြရန် ညွှန်ကြားတော်မူသည်။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဥရုဝေဠ တော သို့ ကြွတော်မူကာ သာသနာပြုလေသည်။ ဤအချိန်မှစ၍ ဘုရားရှင်သည် ၄၅ ဝါပတ်လုံး သာသနာပြု တော်မူခဲ့သည်။ သုံးလူ့သခင်သဗ္ဗညု ဘုရားရှင်သည် ၄၅ ဝါကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား ဓမ္မစကြာ စသည့်တ‌ရားတို့ကို ဟောပြတော်မူကာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ အကျိုးစီးပွား ကို ဆောင်ရွက်တော်မူခဲ့လေသည်။ ရဟန်းတော်များကို မိမိဟောကြားခဲ့သော တရားများသည် မိမိမရှိသည့်နောက် ရဟန်း တော်တို့အတွက် ဆရာဖြစ်တော်မူသည် ဟု မိန့်တော်မူသည်။ ထို့နောက် တရားတော်အပေါ် သံသယတစ်စုံ တစ်ရာရှိလျှင် ယခုပင်မေးရန် လျှောက်ထားတော်မူသည်။ သို့သော် မည်သူမှ မမေးဘဲ ဆိတ်ဆိတ်နေတော် မူကြသည်။ ထိုအခါ ဘုရားရှင်က ယခုစုဝေးနေသော ရဟန်းတော်တို့အနက် အနိမ့်ဆုံးမှာ သောတာပန်များ သာဖြစ်ကြောင်း မိန့်ကြားတော်မူသည်။ ထို့နောက် ဟန္ဒ ဒါနိ ဘိက္ခေဝ အာမန္တယာမိ ဝေါ၊ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ ရဟန်းတို့ ယခုအခါ၌ အကျဉ်းအားဖြင့် သင်တို့ကို ငါဘုရားမှာကြားတော်မူမည်။ ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းလေးပါး သင်္ခါရတရားတို့သည် ပျက်တတ်သော သဘောရှိကုန်၏။ သင်တို့သည် မမေ့လျော့သောသတိဖြင့် ပြည့်စုံကြစေကုန်လော့ ဤသို့ နောက်ဆုံးတရားတော်ကို ဟောတော်မူပြီးနောက် စတုတ္ထဈာန်ဝင်စားကာ ပဋိသန္ဓေနေ တော်မူစဉ်က စိတ်နှင့်တူသော စုတိစိတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူသည်။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းထန်စွာ မြည်ဟီး၍ အကြီးအကျယ်တုန်လှုပ်လေပါတော့သည်။ ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွါးကို မနားမနေဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုမြတ်စွာဘုရားရှင်သည် သက်တော် ၈၀ အရွယ်ရောက်သောအခါ (ဘီစီ ၅၄၃) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့ ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်တော်မူလေသည်။ #မဟာကရုဏာရှင်ရဲ့သားတော် ဓမ္မမိတ်ဆွေများ အသိဉာဏ် ဗဟုသုတနှင့် ကုသိုလ်တရားများ စဉ်ဆက်မပြတ် ပွားများနိုင်ကြပြီး မင်္ဂလာရှိသောနေ့တနေ့ဖြစ်ပါစေ။ Cardit to့အားလုံးပဲ မင်္ဂလာပါ ⊙.☉ပြန်​လည်​မျှ​ဝေသူ ❤◦.¸¸. ◦✿ခရီး သည်​❀◕ ‿ ◕❀

via အလင်းရောင် ဓမ္မ https://ift.tt/319h2jg

ရဟန္တာ ဖြစ်ချင်ရင် ဥပုသ်စောင့် ~~~~~~~~~~~~~~~~~~~~ သိကြားမင်းကြီးက တစ်ခါက ပြောတယ်၊ လူ့လောကမှာရှိတဲ့ ပုဂ္ဂိုလ်တွေ လဆန်း၈-ရက် လဆုတ်၈-ရက် လပြည့် လကွယ်တွေမှာ ဥပုသ်စောင့်ကြမယ်ဆိုလို့ရှိရင်- အဲဒီပုဂ္ဂိုလ်တွေ သူ့လို သိကြားဘဝ ရောက်ချင်လို့ရှိရင်တဲ့ ဥပုသ်စောင့်ကြပါ လို့ သိကြားမင်းကြီးက နတ်သဘင် အစည်းအဝေးတစ်ခုမှာ မိန့်ခွန်းပြောသတဲ့။ 🔹 အဲဒီလို မိန့်ခွန်း ပြောတာကို မြတ်စွာဘုရားက ဘာပြောတုန်းဆို - သိကြားမင်းပြောတဲ့ *ငါလို သိကြားဖြစ်ချင်လို့ ရှိရင် ဥပုသ်စောင့်* ဆိုတဲ့ စကားဟာ မပြည့်စုံဘူးတဲ့၊ တကယ်ပြောရမှာက ရဟန္တာပုဂ္ဂိုလ်က `ငါ့လို ရဟန္တာ ဖြစ်ချင်ရင် ဥပုသ်စောင့်´ လို့ ပြောရမယ်တဲ့။ 🔹ဒါကြောင့်မို့လို့ ဥပုသ်စောင့်တယ်ဆိုတာ နည်းတဲ့ကုသိုလ် မဟုတ်ဘူးတဲ့၊ ရဟန္တာပုဂ္ဂိုလ်ကသာလျှင် `ငါ့လို ရဟန္တာဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ဥပုသ်စောင့်ကြပါ´လို့ ပြောရတဲ့ - အဓိပ္ပါယ်ရှိလှတဲ့ ဗုဒ္ဓဘာသာတို့ရဲ့ ကျင့်စဉ်တစ်ခုဟာ တစ်ပါးသီလစောင့်မယ် နှစ်ပါးသီလစောင့်မယ်စတဲ့ ပုံပျက်ပန်းပျက်ဥပုသ်မျိုး မဖြစ်စေဘဲနဲ့ အဓိပ္ပါယ်ရှိရှိ ဥပုသ်ကို စောင့်သုံးနိုင်ဖို့ အင်မတန်မှအရေးကြီးပါတယ်၊ 🔹ဥပုသ်လို့ ပြောလိုက်တာနဲ့ ဘာသာခြားတွေက သူတို့လည်း ဥပုသ်၊ ဗုဒ္ဓဘာသာကလည်းဥပုသ် အတူတူပဲလို့ တချို့က ထင်နေတတ်ကြတယ်ပေမယ့် အနှစ်သာရပိုင်းမှာ အလွန်ကွာခြားတယ်ဆိုတာအားလုံးသဘောပေါက် နားလည်ပြီး ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ တကယ့်စစ်မှန်တဲ့`အရိယုပေါသထ´လို့ ခေါ်တဲ့ သူတော်စင်သူတော်မြတ်တို့ စောင့်သုံးတဲ့ ဥပုသ်ကို ကိုယ်စီကိုယ်ငှ ကျင့်ကြံကြိုးကုတ် အားထုတ် စောင့်သုံးနိုင်ကြပါစေ။ 🔸သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။ ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု။ ဒေါက်တာအရှင်နန္ဒမာလာဘိဝံ🙏🙏🙏

via အလင်းရောင် ဓမ္မ https://ift.tt/2ZxmL1M