အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, July 21, 2019
ရက်တိုတိုဖြင့်မဂ်ဖိုလ်နိဗ္ဗာန်သို့ ◾◽◾◽◾◽◾◽◾ မာလုကျပုတ္တမထေရ် အထူးထူးသော ဝါဒရေးများနှင့်ရှုတ်ထွေးနေပြီး၊ ထိုဝါဒရေးရာများကို၊ မြတ်စွာဘုရား ဟောကြားလေမလားဟု သာသနာတော်အတွင်း ဝင်ရောက်လာသော မာလုကျပုတ္တသည်၊ မဂ်ဖိုလ်မှအချည်းနှီးဖြစ်သော ထိုဝါဒများကိုဖယ်၍မဂ်ဖိုလ်အကျိုးငှါ၊ အကျင့်မြတ်ကိုကျင့်ဆောင်သင့်ကြောင်း မြတ်ဗုဒ္ဓ၏လမ်းညွှန်မှုဖြင့် တရားထူးရရန် ဝိပဿနာဓုရကိုကျင့်သုံးရန် ဆုံးဖြတ်လိုက်လေ၏။ မာလုကျပုတ္တသည်၊ တရားကျင့်ပါတော့မည်ဆိုမှမိမိသည်အိုမင်းမစွမ်းဖြစ်နေသည်ကို သတိပြုမိတော့သည်။ စိတ်သွားရာကိုယ်မလိုက်နိုင်တော့။ ဘာဘြဲဖစ်ဖြစ်မြတ်စွာဘုရားထံမှ သင့်တော်ရာ ကမ္မဌာန်းတစ်ခုကိုတောင်းမည်။ ထိုကမ္မဌာန်းတရားကိုကျင့်မည်ဟု မြတ်စွာဘုရားထံချဉ်းကပ်၍ ဤသို့လျောက်ထားလေ၏။ "အရှင်ဘုရား၊ တပည့်တော်သည် ယခုအခါအိုမင်းမစွမ်းဖြစ်နေပါပြီ။ တပည့်တော်အား နိဗ္ဗာန်မဂ်ဖိုလ်သို့ ရက်တိုတိုဖြင့်ရောက်အောင်အားထုတ်နိုင်သောကမ္မဌာန်းတရားကို ချီးမြှင့်တော်မူပါအရှင်ဘုရား" မြတ်စွာဘုရားသည် မာလုကျပုတ္တ၏ လျောက်ထားမှုကိုနားဆင်ပြီး၊မာလုကျပုတ္တအားအရွယ်ရှိစဉ်က တရားမကျင့်ဘဲဝါဒရေးရာများဖြင့် အချိန်လွန်ခဲ့ခြင်းကိုထောက်ပြတော်မူခဲ့၏။ "မာလုကျပုတ္တ၊ သင်သည်နိဗ္ဗာန်မဂ်ဖိုလ်သို့ရက်တိုတိုဖြင့် ရောက်လိုသောကမ္မဌာန်းကိုတောင်း၏။ "မာလုကျပုတ္တ၊ ထိုသို့ဖြစ်လျင်ဤနည်းအတိုင်းကျင့် သုံးလေလော့။" "သင်သည်၊ မြင်လျင်မြင်ကာမတ္တဖြစ်လတ္တံ.့၊ ကြားလျင်ကြားကာမတ္တဖြစ်လတ္တံ.့၊ နံလျင်နံကာမတ္တဖြစ်လတ္တံ.့၊ စားလျင်စားကာမတ္တဖြစ်လတ္တံ.့၊ ထိလျင်ထိကာမတ္တဖြစ်လတ္တံ.့၊ သိလျင်သိကာမတ္တဖြစ်လတ္တံ.့။ "မာလုကျပုတ္တ၊ သင်သည်ဤအတိုင်းသာပင် ကျင့်သုံးပေတော့" ဟူ၍ကမ္မဌာန်းတရားကို ဟောကြားလိုက်လေသည်။ ဤတွင်မာလုကျပုတ္တသည်၊ မြင်လျင်မြင်ကာမျှသာဖြစ်လတ္တံ.့ဟူရာ၌၊ တစ်စုံတစ်ခုသောရူပါရုံကိုမြင်သောအခါ၊ မြင်စိတ်သည် ပကတိသဘောအားဖြင့်စင်ကြယ်သော စိတ်မနောသာဖြစ်၏ မြင်အပ်သောရူပါရုံကို လောဘဖြင့်လည်းမတပ်မက်၊ ဒေါသဖြင့်လည်းမပြစ်မှား၊ မောဟဖြင့်လည်းတွေဝေခြင်းမရှိပေ။ ဤသို့အားဖြင့်မြင်စိတ်မှာကိလေသာမရှိ။ ပကတိစင်ကြယ်နေသည်။ ထို့အတူ၊ သူ့နောက်မှာဖြစ်ပေါ်လာသော ဝီထိစိတ်များကိုလည်းဤသို့ထားရမည်။ ကိလေသာမယှဉ်စင်ကြယ်သော၊ ဝိပဿနာဇောစိတ်များသာဖြစ်နေပါစေဟု၊ ဆိုလိုကြောင်းကိုနားနှင့်တရားကိုနာ၍ ဉာဏ်ဖြင့်ထိုးထွင်းသိလေ၏။ ဒေသနာတော်သည် အတိုချုံးဟောထားသည်ဆိုသော်လည်း အနိစ္စ၊ဒုက္ခ၊အနတ္တ၊အသုဘလက္ခဏာ များအကျုံးဝင်နေ၏။ မြင်သောအခါမြင်ကာမျှဖြစ်၍ ရောက်တတ်ရာရာမတွေးတောတော့ဘဲအမြင်ဖြင့်သာရပ်လိုက်သဖြင့်၊ တင့်တယ်ဖွယ်ရာ၊လိုချင်စရာဟူသော သုဘနိမိတ်ပေါ်မလာတော့ချေ။ ထိုအယူအစွဲမပေါ်လာတော့သဖြင့် အသုဘဘာဝနာကို ဝိပဿနာဖြင့်အတူ အလိုလိုပွားပြီးသားဖြစ်၏။ ထို့အတူပင် သုခ၊နိစ္စ၊အတ္တအယူအစွဲတို့သည်လည်း ကပ်ရောက်ခွင့်မရတော့ချေ။ ဤသို့အားဖြင့်ဒုက္ခ၊အနိစ္စ၊ဘာဝနာတို့လည်း ပွားပြီးဖြစ်လေ၏။ ထိုမြင်အပ်သောရူပါရုံ သန့်သန့်သည်လည်းကောင်း၊ မြင်တတ်သော စိတ်သန့်သန့်သည်လည်းကောင်း၊ ပြု.သူမရှိ၊ခိုင်းသူမပါ သူ့သဘောအလျောက်ဖြစ်ပေါ်နေသော တရားသဘောမျှပါတကားဟူ၍၊အနတ္တဘာဝနာသည်လည်း ပွားပြီးဖြစ်လေသည်။ မြတ်စွာဘုရားဟောကြားတော်မူသော ဤကမ္မဌာန်းကိုပွားများရင်း မာလုကျပုတ္တသည် မြင်ကြားနံစားထိသိစသော အာရုံများနှင့်တိုက်တိုင်း,တိုက်တိုင်း ပကတိကိလေသာကင်းစင်သော စိတ်သာဖြစ်ပြီး၊ သူငါမနှောသောရုပ်နာမ်သဘောတို့၏ ဖြစ်ခြင်းပျက်ခြင်းအဆုံးတွင် ခန္ဓာတို့ချုပ်ငြိမ်းရာ အမှန်ဖြစ်သောနိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုဖြင့်မျက်မှောက်ပြုလေတော့၏။ သာဓု၊သာဓု၊သာဓု။ စူဠမာလုကျပုတ္တသုတ်၊ မဇ္ဈိမပဏ္ဏာသ၊မြန်မာပြန်။ လေးစားစွာဖြင့် LugyiMinရေးသားပူဇော်သည်။ #PhyoeMayOo
via အလင်းရောင် ဓမ္မ https://ift.tt/2y1nPz2
Newer Post
Older Post
Home