အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, July 23, 2019
♦️သောတာပန်...ဇဝေဇဝါ♦️ ••••••••••••••••••••••••• ဝိပဿနာ ကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေ တို့ အတွက်... ခုလို ဝိပဿနာ နဲ့ ပတ်သက်ပြီးတော့ တရားအားထုတ်နည်းတွေ ၊ တရားအားထုတ်တာတွေ နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေကို မျှဝေတဲ့နေရာမှာ ကျင့်ကြံအားထုတ်နေဆဲ ဓမ္မမိတ်ဆွေများအတွက်သာမကဘဲ၊ သောတာပန်ဖြစ်ပြီးသား အရိယာပုဂ္ဂိုလ်တို့ အတွက်ပါ သိသင့်သိထိုက်တယ်ထင်လို့ မျှဝေတင်ပြပါစေ။ ဝိပဿနာအကျင့်မြတ်ကို ကျင့်ကြံအားထုတ်လာရင်းနဲ့ " သောတပတ္တိမဂ်" ဆိုက် လို့ သောတာပန်အရိယာ ပုဂ္ဂိုလ်တို့ ဟာ ၊ သောတာပန်ဖြစ်ပြီးတဲ့နောက် အကြောင်းအမျိုးမျိုးကြောင့် ကျင့်ကြံ အားထုတ်မှုတွေ ကို အရင်ကလောက် ဆက်လက် အားမထုတ်ဖြစ်ဘူးဆိုရင် အချိန်ကြာလာတာနဲ့ အမျှ အဲဒီ သောတာပန်အရိယာတို့ မှာ တစ်ခါတရံ ဘယ်လိုစိတ်မျိုးတွေ ဖြစ်ပေါ်တတ်သလဲ ဆိုရင်... သာမန် ပုထုဇဉ်တွေ လိုပဲ စိတ်နေစိတ်ထား၊ လုပ်ပုံကိုင်ပုံ အစရှိတာတို့ ဟာ တန်းတူ ဖြစ်လာသလို စိတ်မှာ ခံစားရရှိလာတဲ့အတွက် မိမိဟာ "သောတပတ္တိမဂ်"ဆိုက်ခဲ့တာ ဟုတ်မှဟုတ်ပါ့ရဲ့ လား ဆိုပြီး ပြန်ဆင်ခြင်မိကြပါတယ်၊ မိမိကိုယ်ကို မိမိလည်း ဇဝေဇဝါ ဖြစ်မိကြပါတယ်။ သေခြာပေါက် ဖြစ်လည်းဖြစ်တတ်ကြပါတယ်။ အဲဒီလို ဖြစ်တတ်ကြတဲ့အပေါ် ပြန်ပြီး မှန်ကန်တဲ့ ဆင်ခြင်မှုတွေ ရှိစေဖို့ အတွက် သောတာပန်အရိယာ သူတော်ကောင်းဓမ္မမိတ်ဆွေတို့ အတွက် ဒီတရားစုလေးကို တင်ပြပါရစေ။ " မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့" အနတ္တလက္ခဏသုတ်" ကို " ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက " အတ္တစွဲလေးမျိုး" အကြောင်းပြန်လည်ဟောကြားထားခဲ့ တဲ့ ဒီ အနတ္တလက္ခသုတ်တော် တရားတော် ကို ဖတ်ရှုမိရင်း .. အဲဒီလို ဇဝေဇဝါ ဖြစ်မိကြတဲ့ သောတာပန်တို့ အတွက် သိသင့်သိထိုက်တယ်လို့ ယူဆမိတဲ့အတွက်ကြောင့် အဲဒီ တရားတော် ထဲက တရားစာစုတစ်ချို့ ကို ကောက်နှုတ် ဖေါ်ပြပြီး ဓမ္မဒါနပြုလိုက်ပါတယ်။ သောတာပန်အရိယာပုဂ္ဂိုလ်ဟာ "အတ္တဒိဋ္ဌိစွဲ " မရှိတော့ပေမယ့် မာနစွဲတစ်ခု ဖြစ်တဲ့ " အသ္မိမာနစွဲ" က ရှိနေ၊ကျန်နေပါသေးတယ်။ အဲဒီလို ကျန်နေတဲ့ "အသ္မိမာနစွဲ" ကို အစွဲပြုရာက သောတာပန်ပုဂ္ဂိုလ်ဟာ ခုနပြောသလို မိမိကိုယ်မိမိ " သောတပတ္တိမဂ် "ဆိုက်ခဲ့တာ ဟုတ်ပါရဲ့ လား ဆိုတဲ့ စိတ် နဲ့ ပြန်ဆင်ခြင်မိကြတာပဲဖြစ်ပါတယ်။ ခုန ပြောသလို သောတာပန်အရိယာက " အတ္တဒိဋ္ဌိစွဲ " မရှိတော့ဘူး ဆိုတာ သံယောဇဉ်အစွဲသုံးပါးကို အကြွင်းမဲ့ ပယ်သတ်ပြီးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီ သံယောဇဉ် အစွဲ သုံးပါးဆိုတာကတော့... အကျဉ်းချုပ်ဖေါ်ပြရရင်... ♦️( ၁ ) ရုပ်၊နာမ် နှစ်ပါး ဖြစ်တဲ့ ခန္ဓာငါးပါးကို "ငါ " လို့ စွဲယူထားတဲ့ အယူမှားပဲ ဖြစ်ပါတယ်။ အလွယ်ဆုံးပြောရရင်.... ဓမ္မမိတ်ဆွေတို့ .. မိမိရဲ့ ဒီခန္ဓာကိုယ် ကို ငါ့ခန္ဓာ လို့ စွဲနေတဲ့ အယူ၊ ငါ့ပစ္စည်း၊ ငါ့ဥစ္စာ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ခင်ပွန်း၊ ငါ့မယား စတဲ့ ငါ ..ငါ..ငါ..စွဲ စွဲထင်နေခြင်းလို့ ခေါ်တဲ့..." သက္ကာယဒိဋ္ဌိ " အစွဲ ။ ♦️( ၂ ) ဟုတ်ပါရဲ့လား၊ ဖြစ်နိုင်ပါ့မလားဆိုတဲ့ ယုံမှားသံသယ၊ ဘာကိုယုံမှား သံသယ လဲ ဆိုရင်..ဘုရား၊တရား၊သံဃာ၊ အကျင့်သိက္ခာတို့နဲ့ စပ်လျင်းပြီးတော့ ယုံမှားသံသယဖြစ်ခြင်းလို့ ခေါ်တဲ့.." ဝိစိကိစ္ဆာ " အစွဲ။ ♦️( ၃ ) နောက် အစွဲ တစ်ခုက "သီလဗ္ဗတပရာမာသ " လို့ ခေါ်တဲ့ သစ္စာလေးပါး နဲ့  အရိယာမဂ္ဂင်အကျင့်လမ်း နဲ့ ဆန့်ကျင်ပြီး မိမိယုံကြည်ရာ တစ်ခြားစွဲလမ်းတဲ့အလေ့အကျင့်တွေကိုမှ အမှန်ထင်ပြီး ၊ ဒါမှ နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းဟု ယုံကြည် ပြီး အယူမှားခြင်း ဆိုတဲ့ အစွဲပါပဲ။ အခု ဖေါ်ပြခဲ့တဲ့ ဒီသံယောဇဉ် အစွဲ သုံးမျိုး ဖြစ်တဲ့ " အတ္တဒိဋ္ဌိစွဲ" ကို တော့ သောတာပန်အရိယာကိုက သေခြာပေါက် ပယ်ဖျောက်ပြီးသားကြပြီးဖြစ်ပါတယ်။ ဒါပေမယ့် အထက်က ဖေါ်ပြခဲ့သလို.. " အသ္မိမာနစွဲ " ကတော့ မကင်းသေးပါဘူး။ ရှိနေ၊ကျန်နေသေးတာပါပဲ။ " ငါတတ်တယ်၊ ငါမြတ်တယ် " စတဲ့ ဂုဏ်ယူပြီး ငါအနေနဲ့ တက်ကြွနေတဲ့ဒီ မာန ကို " အသ္မိမာန " လို့ ခေါ်ပါတယ်။ ဒါပေမယ့် အဲဒီ မာန ရှိတယ်ဆိုတဲ့နေရာမှာ... သောတာပန်ပုဂ္ဂိုလ်ဟာ မိမိမှာရှိတဲ့ "ဟုတ်မှန်တဲ့ဂုဏ် " ကိုသာ စွဲမှီပြီးတော့သာ ဖြစ်တာပါ။ မဟုတ်မမှန်တဲ့ဂုဏ်၊ မရှိတဲ့ဂုဏ်နဲ့ တော့ မာန်တတ်နေခြင်း၊ မာနရှိနေခြင်းတော့မရှိပါဘူး။ ဒါကြောင့်မို့ သောတာပန်တို့ မှာ မကင်းသေးတဲ့ အဲဒီ " အသ္မိမာနစွဲ" ကို ပယ်သတ်နိုင်အောင် ဝိပဿနာအလုပ်ကို ဆက်လက်ကျင့်ကြံအားထုတ်ကြရပါတယ်။ ဝိပဿနာ ရင့်သန် တဲ့ အခါကျတော့ တစ်ဆင့်တတ်လာတဲ့ " သကဒါဂါမိမဂ်" နဲ့  အဲဒီ မာန ကို အားနည်းစေပြီး တော့ တစ်စိတ်တစ်ပိုင်း အားဖြင့် ပယ်ပါတယ်။အကုန်လုံးတော့ မကင်းနိုင်သေးပါဘူး။ ဆက်ပြီး ကျင့်ကြံအားထုတ်လို့  "အနာဂါမိမဂ်" နဲ့ လည်း အဲဒီလိုပါပဲ၊တစ်စိတ်တစ်ပိုင်းကိုသာ ပယ်ပြန်ပါတယ်။ ဒါလည်းပဲ အကုန်မကင်းနိုင်သေးပါဘူး။ နောက်ဆုံး "အရဟတ္တမဂ်" နဲ့ ပယ်လိုက်တော့မှ အဲဒီ " အသ္မိမာန " က လုံးဝကင်းစင်သွားပါတော့တယ်။ ဒါ့ကြောင့် ခုလို သောတာပန် နဲ့ ပတ်သက်တဲ့ ကျန်နေသေးတဲ့ အစွဲအကြောင်း ကို မြတ်စွာဘုရားကိုယ်တော်တိုင် သောတာပန် ဖြစ်ပြီးခါစ ဖြစ်တဲ့ " ပဉ္စဝဂ္ဂီငါးပါး" တို့ကို ဒီကြွင်းကျန်နေသေးတဲ့ " အသ္မိမာနစွဲ " ကို ပယ်နိုင်အာင် အနတ္တလက္ခဏသုတ် တရားတော်ကို ဓမ္မစကြာသုတ်တရားတော်ဟောကြားအပြီး ငါးရက်မြောက် ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့ မှာ အဲဒီ အနတ္တလက္ခဏသုတ်တော် ကို ဗာရာဏသီမြို့ အနီး မိဂဒါဝုန်တောကျောင်း အရပ်မှာ သတင်းသုံးတော်မူစဉ် ဟောကြားတာပဲဖြစ်ပါတယ်။ ဒီ အနတ္တလက္ခဏသုတ် တရားတော် ကို နာယူပြီး နှလုံးသွင်းရှုကျင့်ကြတဲ့အတွက်ကြောင့် " ပဉ္စဝဂ္ဂီရဟန်းတော်" ငါးပါးစလုံး ဟာ အာသဝေါကုန်ခန်း ရဟန္တာဖြစ်တော်မူကြပါတယ်။ သိသင့်တာက... ရဟန္တာမဖြစ်သ၍ " အသ္မိမာနစွဲ " ကို အပြီးသတ်မပယ်နိုင်ကြသေးပါဘူး။ အဲဒီလို မပါယ်သတ်နိုင်သ၍ ဓမ္မမိတ်ဆွေ သောတာပန်အရိယာတစ်ယောက်အနေနဲ့  သာမာန်ပုထုဇဉ် လို့ ဖြစ်ဖြစ်သွားတယ်လို့ ထင်မှတ်သွားမိတယ် ဆိုတာ..မဆန်းပါဘူး။ သို့ သော် မိမိကိုယ်ကို မိမိ ငါးပါးသီလကျိုးခြင်း၊ ပျက်ခြင်းမရှိဘဲ သူ့သဘာဝအတိုင်းပင် လုံခြုံစင်ကြယ်လျက်ရှိတာကိုတော သတိထားမိကြမှာပါ။ အကျဉ်းချုပ်ရရင်တော့.. မိမိဟာ သောတာပန်အရိယာတစ်ယောက်ဖြစ်နေပြီဆိုရင် အထက်က တင်ပြခဲ့သလို မိမိဟာ " သောတပတ္တိမဂ်"ဆိုက်ခဲ့တာ ဟုတ်ရဲ့ လား ဆိုပြီး ဆင်ခြင် ဇဝေဇဝါ ဖြစ်မနေဘဲ နဲ့ မိမိ အားထုတ်နေဆဲဖြစ်တဲ့ ဝိပဿနာ ရှုမှတ်တဲ့အကျင့်ကိုသာ ဆက်လက်အားထုတ်လို့ ဝိပဿနာတရားတွေ ရင့်သန် သထက် ရင့်သန် လာတဲ့ အခါ၊ ခုလို ဖြစ်နေတဲ့ " အသ္မိမာနစွဲ " အကျန်ကို တဖြည်းဖြည်း နဲ့ အပြီးပယ်သတ်နိုင်ပြီဆိုရင် အစွဲမှန်သမျှကို အပြီးပယ်သတ်ပြီး ဖြစ်လာမှာပါလို့ အသိပေရင်း နဲ့ မိမိတို့ ရဲ့ ကျင့်ကြံနေတဲ့ ဝိပဿနာအားထုတ်မှု အစဉ်မပြတ် ကြိုးစားအားထုတ်ပွားများကြပါလို့ အကြံပြုရင်း ဤစာစုဖြင့် ဓမ္မဒါနပြုလိုက်ပါသည်။ ( ခန္ဓာ-၅ပါးတစ်ဦး ) •••••••••••••••••••• လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပါရန် မေတ္တာရပ်ခံပါသည်။ ကိုးကား..မဟာစည်ဆရာတော်ဘုရားကြီးဟောကြာတဲ့( အနတ္တလက္ခဏသုတ်တရားတော်ကြီး ) စာမျက်နှာ( ၂၇ )
via အလင်းရောင် ဓမ္မ https://ift.tt/32KFN6Z
Newer Post
Older Post
Home