အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, July 25, 2019
ငါမကြိုက်ရင် ငါမလုပ်နဲ့နှင့် မိမိကိုယ်ကို ဆင်ခြင်နည်း 🙏🙏🙏🙏🙏🙏 (၁) ပါပိစ္ဆာ အလိုဆိုးရှိသောသူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း အလိုဆိုးရှိသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည်မဟုတ်” ဟု ရှုဆင်ခြင်၍ အလိုဆိုးရှိသူ မဖြစ် ရအောင် စိတ်ကို ဖြစ်စေရမည်။ (၂) အတ္တုက္ကံသန ပရဝမ္ဘန မိမိကိုယ်ကို မြှင့်တင် သူတစ်ပါးကို ရှုတ်ချ တတ်သောသူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း မိမိကိုယ်ကို မြှင့်တင် သူတစ်ပါးကို ရှုတ်ချတတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါး တို့ ချစ်ခင် နှစ်သက်ကြမည်မဟုတ်” ဟု ရှု ဆင်ခြင်၍ … မိမိကိုယ်ကို မြှင့်တင် သူတပါးကို ရှုတ်ချသူ မဖြစ်ရအောင် စိတ်ကိုဖြစ်စေရမည်။ (၃) ကောဓန အမျက်ထွက်သူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း အမျက်ထွက်သူဖြစ်လျှင် ငါ့ကို လည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … အမျက်ထွက်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၄) ဥပနာဟီ အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် ရန်ငြိုးဖွဲ့သူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း ရန်ငြိုးဖွဲ့တတ်သူဖြစ်လျှင် ငါ့ကို လည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်ငြိုးဖွဲ့တတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၅) အဘိသင်္ဂိ အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် အစွဲကြီးသူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း အစွဲကြီးသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … အစွဲကြီးသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၆) ကောဓနော ကောဓသာ မန္တဝါစံ နိစ္ဆာရေတာ ရန်စကားပြောသူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း ရန်စကားပြောသူဖြစ်လျှင် ငါ့ကို လည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … ရန်စကားပြောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၇) ပရိပ္ဖရတိ စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက် ကြမည် မဟုတ်”ဟု ရှုဆင်ခြင်၍ … စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၈) အပသာဒေတိ စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသောသူကို ငါသည် မချစ် မနှစ်သက်။ “ငါလည်း စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်သူဖြစ်လျှင် ငါ့ကို လည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၉) ပစ္စာရောပေတိ စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သောသူကို ငါသည် မချစ် မနှစ်သက်။ “ငါလည်း စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက် ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၁၀) အညေနညံ ပဋိစရတိ ဗဟိဒ္ဓါ ကထံ အပနာမေတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော စကားကို အပသို့ လွှဲဖယ်တတ်သော အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူကို ငါသည် မချစ် မနှစ်သက်။ “ငါလည်း စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော စကားကို အပသို့ လွှဲဖယ်တတ်သော… အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော စကားကို အပသို့ လွှဲဖယ်တတ်သော… အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၁၁) အပဒါနေ န သမ္ပာယတိ စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆို နိုင်သောသူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း စောဒကက စောဒနာသော် မိမိ၏ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်သောသူဖြစ်လျှင် … ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက် ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် ဖြေဆိုတတ်သူ ဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၁၂) မက္ခီ ပဠာသီ ဂုဏ်ကျေးဇူး ချေဖျက်သူ ဂုဏ်ပြိုင်သူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း ဂုဏ်ကျေးဇူး ချေဖျက်သူ ဂုဏ်ပြိုင် သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … ဂုဏ်ကျေးဇူး ချေဖျက်သူ ဂုဏ်ပြိုင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၁၃) ဣဿုကီ မစ္ဆရီ မနာလိုဝန်တိုသူကို ငါသည် မချစ် မနှစ်သက်။ “ငါလည်း မနာလို ဝန်တိုသူဖြစ်လျှင် ငါ့ကို လည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ … မနာလို ဝန်တိုသူမဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၁၄) သဌော မာယာဝီ ဟန်ဆောင်သူ လှည့်ပတ်သူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း ဟန်ဆောင်သူ လှည့်ပတ်သူ ဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဟန်ဆောင်သူ လှည့်ပတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၁၅) ထဒ္ဓေါ အတိမာနီ ခက်ထန် မောက်မာသောသူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း ခက်ထန် မောက်မာသောသူ ဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ခက်ထန် မောက်မာသောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ (၁၆) သန္ဒိဋ္ဌိ ပရာမာသီ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ မိမိအယူကို စွဲလမ်းတတ်သော မြဲမြံစွာ ယူတတ်သော မစွန့်လွှတ်နိုင်သောသူကို ငါသည် မချစ်မနှစ်သက်။ “ငါလည်း မိမိအယူကို စွဲလမ်းတတ်သော မြဲမြံစွာ ယူတတ်သော မစွန့်လွှတ်နိုင်သော သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိအယူကို စွဲလမ်းတတ်သော မြဲမြံစွာ ယူတတ်သော မစွန့်လွှတ်နိုင်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ ဤသို့ နေ့ရော ညပါ အခါမလပ် ရှုဆင်ခြင် ပါက “ပီတိ ပါမောဇ္ဇ” တရား တနေ့တခြား တိုးပွားလာသည့်အပြင် … ကြေးမုံမှန်ပြင်ကို ကြည့်ရှုသောသူသည် မိမိမျက်နှာရိပ်ကို ထင်ရှားစွာ တွေ့မြင်ရ ဘိသကဲ့သို့ … “အပါယဂမနီယ အကုသိုလ် ပါပဓမ္မများ” ကို မိမိလက်ကို အတင်းအကြပ် ဆွဲခေါ်နေသော သူသတ်သမားအသွင် ထင်မြင်လာပါတော့ သည်။ ထိုအခါ အကုသိုလ်တရားများကို ပယ်ရှား ရန်အတွက် ကသိုဏ်း ပရိကံအလုပ်ကို အားထုတ်လျက် … ဝိပဿနာတရား ထပ်ဆင့်ပွားများပြီးလျှင် “သန္တိသုခ အမတနန်း” သို့ တက်လှမ်းနိုင် မည်သာ ဖြစ်ပါတော့သည်။ မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသီရိန္ဒာဘိဝံသ Credit : Paral lel.
via အလင်းရောင် ဓမ္မ https://ift.tt/2y9bQPI
Newer Post
Older Post
Home