အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, July 27, 2019
နောင်မှ ရတဲ့ နောင်တ ❤❤❤❤❤❤ ဒေါက်...ဒေါက်.... ဒေါက်.... တံခါးခေါက်သံကြားလိုက်သည်.... ပြီး ... အပြင်မှ အဖေ့ ခေါ်သံကိုပါကြားလိုက် ရသည် ... . ❝ငါ့ သား အဖေမင်းကိုပြောစရာရှိလို့❞ အလုပ်မှအဆင်မပြေမှုများရှိနေ၍ .... စိတ်မကြည်လင်နေသဖြင့်.... ကျွန်တော် အသံကျယ်ကျယ်ဖြင့် ပြန်အော်ပြောမိသည် ၊ . ❝ နောက်မှပြော အဖေ ကျွန်တော် အလုပ်ကပြန်လာတာ စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းနဲ့ ...❞ စိတ်တိုမိတာတော့ အမှန်ပင်...အပြင်မှ .အဖေ့အသံမကြားရတော့ သူ့အခန်းပြန်သွားပြီးထင် အဖေ့ အသက်က ၈၅ ရှိပြီ ၊ တခါတခါ သူငယ်ပြန်တတ်သည်.၊ သူငယ်ပြန်ပြီဆိုလျှင် ကျွန်တော်တို့ စိတ်ညစ်ရသည် ၊ သူ့ကို မနည်းထိန်းရသည် ၊ ချီးပါ၊သေးပေါက် ၊ ထမင်းကျွေးတာက အစ ကလေးတယောက်လို ပြုစုနေရသည် ။ . တခါတလေလည်း တယောက်တည်း ဟိုပြောဒီပြော ပြောနေတတ်သည် ပြန်ကောင်းသည့်အခါဆိုလည်း သူဟာသူ ပုံမှန်ဖြစ်နေသည်။ စိတ်ပူစရာတော့မလို..... ခုတလော သူငယ်ပြန်နေသည်ကများသည် ။ ပြန်ကောင်းချိန်တောင်သိပ်မတွေ့ရတော့ ၊ တအောင့်ကြာသော် ငါးနှစ်သား ကျွန်တော့သား သူရ က စာရွက်ခေါက်လေးတခုယူလာပြီး... . ❝ဖိုးဖိုး ကပေးခိုင်းလိုက်တယ် အဖေ့အတွက် ...❞ ကျွန်တောလည်း အမှုမဲ့အမှတ်မဲ့ မဖွင့်ကြည့်ပဲ စားပွဲပေါ်တွင် ပစ်တင်ထားလိုက်သည် .... . အဲဒီနောက်ပိုင်း အဖေ လုံးဝ ပြန်မကောင်းလာတော့ပါ ဆိုးသထက်ဆိုး၍သာနေပါတော့သည် ။ . ကျွန်တော် တို့လည်း သူ့အတွက်ကြောင့် စိတ်သောကရောက် ကိုယ်ဒုက္ခရောက် ခဲ့ကြရသည် ..... . ဒီလိုနှင့် ခြောက်လလောက်ကြာပြီးသော်.... အဖေလည်း ... ကွယ်လွန်သွားလေသည် . သူကွယ်လွန်သွားတော့ မိသားစု အားလုံး ဝမ်းနည်းကြသည် ငိုကြယိုကြသည် ။ သူဆုံးသွားပြီး နောက်ပိုင်း ကျွန်တော်တို့လည်း အပူကင်းသလိုခံစားရသည် ၊ အရှုပ်ထုပ်ကြီးရှင်းသွားသလိုလည်း ခံစားရသည် . အဖေဆုံးပြီး တစ်နှစ်လောက်ကြာသော် .... တနေ့ ကျွန်တော် အိမ်ခန်း သန့်ရှင်းရေး လုပ်ရင်း စားပွဲခုံ အောက် ချောင်ကြိုချောင်ကြား မှ ဖုံထူထူတက်နေသော စာခေါက်လေး တခုတွေ့မိသည် ။ ဘာစာများလဲ ဆိုသောစူးစမ်းစိတ်ဖြင့် ဖွင့်ကြည့်မိသည် . သို့ ........... ငါ့သား အဖေမင်းကိုပြောချင်တဲ့စကား.. အဖေ ပြန်ကောင်းနေတုန်း စာနဲ့ရေးထားလိုက်တယ် ... ငါ့သားဖတ်မိပြီးရင် အဖေ့ အပေါ် စိတ်ရှည် နားလည်ပေးလာမယ်လို့ အဖေ မျှော်လင့်မိပါတယ်.... . သားရေ ........ အဖေ အသက်ကြီးပြီ တခါတခါ ကိုယ့်ကိုယ်ကို ဘယ်သူမှန်းတောင်မသိတော့ဘူး .... မင်းတို့ မွေးကင်းစ အရွယ်တုန်းကလိုပေါ့ . သားရေ ........... အဖေအသက်ကြီးပြီ သွားလာလှုပ်ရှားရတာ နှေးဖင့်လာတယ် ၊ အပြောအဆိုတွေကလည်း ဝိုးတိုးဝါးတား ဖြစ်လာတယ် ၊ စိတ်ရှည်ပေးပါ မင်းတို့ ငယ်ငယ်တုန်းက လမ်းလျှောက်တတ်အောင်၊ စကားပြော တတ်အောင် အဖေတို့ စိတ်ရှည်လက်ရှည်နဲ့ သင်ပေးခဲ့သလိုပေါ့ . သားရေ ......... အဖေအသက်ကြီးပြီ အဖေ့ရဲ့ တည်ရှိနေမှုဟာ မင်းတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရင်ဖြစ်နေမိမယ်.... ဒါပေမယ့် အဖေကတော့ မင်းတို့လေးတွေ လူ့လောကထဲကို အမေ့ဗိုက်က စထွက်လာကတည်းက ဝန်ထုပ်ဝန်ပိုး လို့ တခါမှ မထင်မိခဲ့ဖူးပါဘူး . သားရေ .......... အဖေ ဒီလိုပြောတယ်ဆိုတာ မင်းတို့ရဲ့ တန်ပြန်ကျေးဇူးကို လိုချင်လို့မဟုတ်ပါဘူး သေခြင်းတရား ဆိုတာ အဖေနဲ့ မဝေးတော့ပါဘူး မသေခင်လေးမှာ ငါ့သား၊ငါ့သမီး ငါ့မြေးလေးတွေနဲ့ ပျော်ပျော်ပါးပါး လူ့ဘဝရဲ့ နေဝင်ချိန်လေးကို ခံစားစံစားချင်တာပေါ့ . သားရေ ........... အဖေသေသွားတဲ့အခါ ဝမ်းမနည်းပါနဲ့ ငိုကြွေးမနေပါနဲ့ မိဘကျေးဇူးကို သိနားလည်တတ်တဲ့ သား၊သမီး တွေဟာမိဘ အသက်ရှင်နေတဲ့အချိန်မှာ အတတ်နိုင်ဆုံးနဲ့ အစွမ်းကုန် ပြန်လည်ပြု စုစောင့်ရှောက်ခဲ့ကြတဲ့အတွက် သူတို့မှာ နောင်တရစရာ ဆိုတာမရှိပါဘူး . သားရေ ......... အဖေသေသွားတဲ့အခါ မင်းတို့ရဲ့ သိတတ်နားလည်မှု၊ အမျှပေးဝေမှုနဲ့အတူ ကောင်းရာသုဂတိသို့လားမှာပါ . သားရေ ........... မင်းတို့ တစ်တွေအားလုံး စိတ်၏ချမ်းသာ၊ကိုယ်၏ကျန်းမာ ခြင်းနှင့် ပြည့်စုံနိုင်ကြပါစေလို့ပဲ .... အဖေဆုတောင်းပြုနိုင်ပါတော့မယ် . ( အဖေ ) . စာကိုဖတ်မိပြီး ကျွန်တော် ထိန်းမနိုင်သိမ်းမနိုင် ဟစ်ချုံးချ ငိုကြွေး မိသည် ရက်စွဲ က သားလေးသူရ ကျွန်တော့်ကိုစာ လာပေးသောရက်ပင် ... ကျွန်တော် အရမ်းနောင်တရမိသည် ၊ ကိုယ့်ကိုယ်ကို လည်း အပြစ်တင်လို့မဆုံးပေ ၊ တကယ်လို့ အဲဒီနေ့သာ စာကို ဖတ်ဖြစ်မယ်ဆိုရင် ခုချိန်မှာ ကျွန်တော် နောင်တရစရာ မလိုတော့ပါ အနည်းဆုံးတော့ သူအသက်ရှင်နေစဉ်အတွင်း ကျွန်တော် အရင်လို မငြိုငြင်တော့ပဲ ဝမ်းပန်းတသာ သူ့ကို ပြုစုစောင့်ရှောက် မှာတော့ ဧကန်မလွှဲပါ ↝ ↝ ↝ ↝ ↝ ↝ ↝ ↝ ↝ ❝မိဘ ဆိုတာ မသေခင်လုပ်ကျွေးပါ သေမှ မငိုပြပါနှင့် ❞ ဆိုတဲ့စကား ကျွန်တော်တို့အားလုံး ကြားဖူးကြမှာပါ ဆိုတဲ့စကားအတိုင်း မိဘကို လုပ်ကျွေးပြုစု ကြပါတယ် ၊ ကျေးဇူးဆပ်ကြပါတယ် ကောင်းတာကျွေးတယ် ၊ အားဆေးကောင်းတွေ ဝယ်ပေးတယ် ၊ သွားလာချင်တဲ့ နေရာတွေ လိုက်ပို့ပေးကြတယ် ၊ ကျန်းမာရေး အစစအရာရာ လိုလေသေးမရှိအောင် ဂရုစိုက်ပေးကြတယ် ။ ဒါတွေနဲ့တင်ပြည့်စုံပြီလား .... ဟုတ်ကဲ့ မလုံလောက်သေးပါဘူး အဓိက ကတော့ သူ့တို့အပေါ် စိတ်မရှည်တာတို့၊ သူတို့ကို အလေးမထားတာတို့ မလုပ်မိပါစေနဲ့ ... . အားတဲ့အချိန်တိုင်း သူတို့ကို အဖော်ပြုပေးပါ အနေဝေးတဲ့သူများ အချိန်ရတိုင်း သွားကြည့်ပေးကြပါ . သူတို့မှာ ဂုဏ်ယူစရာဆိုလို့ ငါ့သား ၊ငါ့သမီး ငါ့အပေါ် ဂရုစိုက်တယ် လေးစားတယ် ဆိုတာပဲ ရှိပါတော့တယ် . လူအိုကို လူအိုလို သဘောထားပါ လူပို လို့သဘောမထားမိကြပါစေနဲ့ . သူငယ်ချင်း တို့အားလုံးပဲ ကိုယ့်မိဘအပေါ် သိနားလည် တတ်တဲ့ သားကောင်း သမီးရတနာ လေးတွေ ဖြစ်ပါစေလို့ ဆန္ဒပြုရင်းဖြင့် ....။ 😌😌😌 Credit: သူငယ်ချင်း
via အလင်းရောင် ဓမ္မ https://ift.tt/2LJzw65
Newer Post
Older Post
Home