အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, November 1, 2019
အင်္ဂုလိမာလ ဘာကြောင့် အပါယ်မကျရသလဲ။ ⬆️⬆️⬆️⬆️⬆️⬆️⬆️ တစ်ခါတစ်ရံ ရောဂါဘယ်လောက်ကြီးကြီး ဆေးစွမ်းတစ်ခွက်နဲ့တွေ့ရင် ရောဂါတွေ ပျောက်သလို … အကုသိုလ်တွေ ဘယ်လောက် လုပ်ထားထား အစွမ်းထက်တဲ့ ကုသိုလ် ကံတစ်ခုက ကယ်သွားတာလဲ ရှိတာပဲ။ ဥပမာတစ်ခုကြည့် … လူတွေမြောက်များစွာ သတ်လာတဲ့ လူသတ်သမားကြီး အင်္ဂုလိမာလ။ အဂုင်္လိမာလဟာ သာမာန်အားဖြင့် ငရဲက လွတ်စရာ အကြောင်းမရှိတော့ဘူး။ သူလုပ်ထားတဲ့ အကုသိုလ်တွေက အကျိုးပေးဖို့ အချိန်မကျသေးလို့သာ… သူရဲ့သန္တန်မှာတော့ အင်ပြည့်အားပြည့်နဲ့ စွမ်းရည်သတ္တိတွေ ရှိနေကြတယ်။ အဆင်သင့် ဖြစ်နေပြီးတော့ အင်အားအပြည့်အ၀နဲ့ ရှိနေကြပြီ။ ဒီဘ၀ရဲ့သေဆုံးချိန်ကို စောင့်နေတာ။ သေတာနဲ့တပြိုင်နက် ဒီအကုသိုလ်ဟာ ငရဲကို ကျစေမှာပဲ။ သို့သော် ကံကောင်းချင်တော့ မြတ်စွာဘုရားရဲ့အဆုံးအမကို ရလိုက်လို့ သူ့ရဲ့ဥာဏ်စွမ်းဥာဏ်စနဲ့ လူဆိုးဗိုလ်ကနေ လူကောင်းအဖြစ် ကိုယ်ကျင့်သီလတွေ ဆောက်တည်ပြီးတဲ့နောက်မှာ… "ပါဏာတိပါတ"အမှုကို လုံး၀ ရှောင်ကြဉ်လိုက်ပြီးတော့ … အစွမ်းထက်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ကျင့်လိုက်တာ … အစွမ်းထက်တဲ့ အရဟတ္တမဂ်ဆိုတဲ့ ကုသိုလ် မဂ်ဆိုတာ မဂ္ဂင်ရှစ်ပါးနဲ့ ဖွဲ့စည်းထားတာ။ မဂ္ဂင်ရှစ်ပါး အစုအဝေးကို မဂ်လို့ခေါ်တာ။ အဲဒီ မဂ်စွမ်းအားဟာ နံပတ် ၄ ဖြစ်တဲ့ အရဟတ္တမဂ်။ အရဟတ္တမဂ်ဆိုသည်မှာ သမ္မာဒိဌိ သမ္မာသင်္က သမ္မာဝါစာ သမ္မာကမန္တ သမ္မာအာဇီ၀ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ တစ်နည်းအားဖြင့် ပြောမယ် ဆိုလို့ရှိရင် "သီလ သမာဓိ ပညာ" အစွမ်းထက်တဲ့ သီလ အစွမ်းထက်တဲ့ သမာဓိ အစွမ်းထက်တဲ့ ပညာကို ရလိုက်တာနဲ့တပြိုင်နက် … သူလုပ်ထားတဲ့ အကုသိုလ်တွေဟာ အကုန်လုံး အရှုံးပေးသွားရတယ်။ ဘယ်လိုကြောင့် အရှုံးပေးရတာလဲ ဆိုတော့ သူတို့ရဲ့ အဖော်ဖြစ်တဲ့ ကိလေသာတွေကို … အရဟတ္တမဂ်က ဖယ်ရှားပစ်လိုက်သည့် အတွက်ကြောင့် ကံတွေဟာ အကျိုးပေး ချင်သော်လည်း ပေးလို့မရတော့ဘူး။ ဒီလိုဆိုလိုတာနော်။ အဲဒါကို မြတ်စွာဘုရားက ဘယ်လိုဟောလိုက်သလဲဆိုတော့ … "မိမိပြုခဲ့သောမကောင်းမှု အကုသိုလ်ကံကို အရဟတ္တမဂ် ကုသိုလ်ဖြင့် ဖုံးအုပ်သူသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤလောကကို အရဟတ္တဉာဏ်ရောင်ဖြင့် ထွန်းလင်းတောက်ပစေ၏" လို့ ဒီလိုဟော တယ်။ သူလုပ်ထားတဲ့ အကုသိုလ်တွေအားလုံးကို ကုသိုလ်နဲ့ ဆို့ပိတ်ဖျက်ဆီးပစ်လိုက်တယ်လို့ ပြောတယ်။ ဘယ်ကုသိုလ်လဲလို့ ပြောရင် မဂ္ဂင်ရှစ်ပါးနဲ့ စုစည်းထားတဲ့ "အရဟတ္တမဂ်"ဆိုတဲ့ကုသိုလ်။ အဲဒီကုသိုလ်ရဲ့စွမ်းအားနဲ့ အကုသိုလ် မှန်သမျှဟာ ဖျက်ဆီးခြင်း ခံလိုက်ရတော့ ဒီအကုသိုလ် ကံတွေက ဘ၀သံသရာမှာ လိုက်ပေးဖို့ အခွင့်အရေးမရတော့ဘူး။ သို့သော် လုံး၀အကျိုးမပေးတာလား ဆိုတော့ မဟုတ်ဘူး။ သူလုပ်ခဲ့တဲ့ အကုသိုလ်ကံတွေကြောင့် ရှင်အဂုင်္လိမာလ မထေရ်ဟာ … ဘယ်သူကပဲ ခဲနဲ့ပေါက်ပေါက် သူ့ခေါင်း လာကျတယ်။ သူ့ပေါက်တာ မဟုတ်လဲ သူ့ခေါင်း လာကျတယ်။ ကံဆိုတာလေ ကိုယ့်လုပ်တာ မဟုတ်ပေမယ်လို့ လာထိတက်တယ်။ ဆွမ်းခံသွားတယ်ဆိုရင် သပိတ်ကွဲ သင်္ကန်းတွေစုတ်ပြတ် ဆွမ်းမရဘဲ သွေးသံရဲရဲနဲ့ ပြန်လာရတာချည်းပဲ။ အဲလိုဒုက္ခတွေတော့ သူခံရတယ်။ သို့သော် နောင်ဘ၀ကို ဆက်စပ်ပေးနိုင်တဲ့ တဏှာဆိုတဲ့ ကိလေသာတွေ သူ့မှာမရှိတော့ ဘူးဆိုတဲ့အခါကျတော့ … အပင်ပေါက်စရာ မြေနဲ့ရေတွေ မရှိတော့သည့်အတွက်ကြောင့် … လုပ်လာတဲ့ အကုသိုလ်မျိုးစေ့တွေဟာ ဒီအတိုင်းပဲ ခမ်းခြောက်သွားရတယ်။ ဒီအဓိပ္ပါယ်ကို ပြောတာနော်။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ "ဒုစရိုက်အကျိုး အဆိုးပုံရိပ်"တရားတော်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။ #Via - Paral Lei
via အလင်းရောင် ဓမ္မ https://ift.tt/2oAZaA3
Newer Post
Older Post
Home