အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, November 1, 2019
`စွန့်နိုင်မှ ချမ်းသာမည်´ ✿✿✿✿✿✿✿✿✿ မြတ်စွာဘုရားလက်ထက်တော် ကာလတုန်းက ရာဇဂြိုဟ်မြို့မှာ သုပ္ပဗုဒ္ဓဆိုတဲ့ ဆင်းရဲသား တစ်ယောက် ရှိခဲ့တယ်။ သူဆင်းရဲပုံကတော့ အမိဝမ်းထဲ ပဋိသန္ဓေနေ ကတည်းက ဆင်းရဲလာခဲ့တယ်။ အမိဝမ်းတွင်း ကတည်းက နူနာရောဂါ စွဲကပ်လာခဲ့တယ်။ နှာခေါင်းနဲ့ နားရွက်တွေ ပျက်စီးလာခဲ့တယ်။ သူ့မိခင်လည်း သူပဋိသန္ဓေနေကတည်းက စားစရာ မပြည့်စုံဘဲ ဆင်းရဲဒုက္ခ ရောက်လာခဲ့ရတယ်။ မွေးဖွားပြီးတဲ့နောက်လည်း ဆင်းဆင်းရဲရဲနဲ့ သူ့ကို စောင့်ရှောက်လာခဲ့ရတယ်။ ခွက်လက်ဆွဲပြီး တောင်းရမ်းစားနိုင်လောက်တဲ့ အရွယ်ရောက်တဲ့အခါကျတော့ မိခင်ကလည်း သည်းမခံနိုင်တော့ဘူး။ သူ့အား တောင်းရမ်းစားဖို့ ခွက်တစ်ခုပေးပြီး စွန့်ပစ်သွားတယ်။ အဲဒီ ကလေးအရွယ်ကတည်းက စောင့်ရှောက်မည့်သူ မရှိဘဲ အလွန် ဆင်းရဲ ပင်ပန်းစွာနဲ့ တောင်းရမ်းစားသောက်ပြီး အသက်မွေးလာခဲ့ရတယ်။ နေစရာလည်း သူ့မှာ မရှိဘူး။ မြို့ထဲက လမ်းဘေးတစ်နေရာမှာ အိပ်ရတယ်။ နူနာရောဂါကလည်း အပြင်းအထန် နှိပ်စက်လို့ အလွန် နာကျင်တဲ့အတွက် ညမှာလည်း ကောင်းကောင်း မအိပ်ရဘူး။ ညည်းညူ မြည်တမ်း နေရတယ်။ အဲဒီ ညည်းညူမြည်တမ်းသံကြောင့် အနီးအပါးက အိမ်များက လူတွေလည်း ကောင်းကောင်း မအိပ်ရဘူး။ နိုးနေကြရတယ်။ အဲဒီလို ဖြစ်ပုံကြောင့် သူ့ကို `သုပ္ပဗုဒ္ဓ´လို့ ခေါ်ကြတယ်။ သု = ကောင်းစွာ ပဗုဒ္ဓ = နိုးစေတယ် သုပ္ပဗုဒ္ဓ = `ကောင်းစွာ နိုးစေလျက် အိပ်ရေးပျက်စေတဲ့ သူ´လို့ ဆိုလိုပါတယ်။ အဲဒီလို အတိဒုက္ခရောက်ရခြင်း၏ အကြောင်း ကတော့ သူဟာ တစ်ခုသော ဘဝတုန်းက `တဂရသိခီ´အမည်ရှိတဲ့ ပစ္စေကဗုဒ္ဓါကို `အနာကြီးရောဂါသည် အဝတ်ကို ရုံပြီး လှည့်လည်နေတဲ့ လူနူကြီးဟာ ဘယ်သူလဲ?´လို့ ဆဲရေးပြီး ပြစ်မှားခဲ့ဖူးတဲ့ အကုသိုလ်ကံကြောင့်ပဲ။ အဲဒီ အကုသိုလ်ကံကြောင့် ငရဲကျပြီးတော့ ကြာမြင့်စွာ ဒုက္ခရောက်ခဲ့ရတဲ့အပြင် အဲဒီ ကံကြွင်းကြောင့် လူနူလူဆင်းရဲ ဖြစ်ပြီး ဒုက္ခရောက်နေရရှာပါသတဲ့။ တစ်နေ့သောအခါမှာ မြတ်စွာဘုရားက ဆွမ်းခံကြွ၍ ဆွမ်းဘုဉ်းပေးပြီးနောက် မြို့ထဲတွင် သင့်လျော်တဲ့ တစ်နေရာမှာ ခေတ္တနေစဉ် ရဟန်းတော်များနှင့် ဆွမ်းလှူတဲ့ ဒါယကာတွေ လာရောက်ပြီး စုဝေးမိတဲ့အခါ တရားတော်ကို ဟောကြားနေတော်မူတယ်။ အဲဒီအခါ သုပ္ပဗုဒ္ဓက အရပ်ထဲ လှည့်ပြီး တောင်းရမ်းနေရင်း လူထုပရိသတ်ကို တွေ့မြင်ရတော့ စားစရာ ဝေငှနေတယ် ထင်ပြီး တောင်းခံဖို့ရာ ချဉ်းကပ်လာတယ်။ ချဉ်းကပ်မိတဲ့အခါမှာ မြတ်စွာဘုရားရှင်၏ တရားသံကို ကြားနာရပြီးတော့ အစွန်အဖျားကပင် ထိုင်ပြီး ရိုသေစွာ တရားနာနေတယ်။ အဲဒီအခါ မြတ်စွာဘုရားက သုပ္ပဗုဒ္ဓ၏ ဥပနိဿယကို သိတော်မူတဲ့အတွက် သူနဲ့သင့်လျော်တဲ့ တရားကို ဟောတော်မူပါတယ်။ အဲဒီတရားကို နာနေရင်း နှလုံးသွင်း ရှုသိပြီး ဝိပဿနာဉာဏ်အစဉ်ဖြင့် သောတာပတ္တိဖိုလ်ကို ရောက်ပြီး သုပ္ပဗုဒ္ဓဟာ သောတာပန် ဖြစ်သွားပါသတဲ့။ ... .. . သုပ္ပဗုဒ္ဓ သောတာပန်ဖြစ်ရာမှာ ပဓာနအကြောင်းက နှစ်ခု ရှိတယ်။တစ်ခုက မဂ်ဖိုလ်ရနိုင်လောက်တဲ့ ပါရမီ ဥပနိဿယပါပဲ။ အခြားတစ်ခုကတော့ ဆင်းရဲအကြောင်းပြုပြီး သံဝေဂစိတ်ဖြင့် တရားကို ရိုရိုသေသေ နာပြီး၊ တရားကို ရိုရိုသေသေ နှလုံးသွင်းတာပါပဲ။ လူတွေဟာ ချမ်းသာနေရင် အများအားဖြင့် သံဝေဂစိတ် မဖြစ်ဘဲ ရှိနေတတ်တယ်။ တရားနဲ့စပ်ပြီး သဒ္ဓါတရားလည်း မထက်သန်ဘဲ ရှိနေတတ်တယ်။ သုပ္ပဗုဒ္ဓမှာတော့ စားရမဲ့ သောက်ရမဲ့ ဖြစ်နေတာက တစ်ကြောင်း၊ နူနာရောဂါနှိပ်စက်ခံနေရတာက တစ်ကြောင်း၊ ဒီဆင်းရဲဒုက္ခရောက်နေတဲ့အကြောင်း နှစ်ပါးကြောင့် သံဝေဂရပြီး သဒ္ဓါတရားထက်သန်စွာ ဖြစ်တယ်။ ဒါကြောင့် တရားကို ရိုရိုသေသေ နာယူနှလုံးသွင်းပြီး တရားနာနေစဉ်မှာပဲ သောတပတ္တိမဂ်ဖိုလ်ကို ရသွားတယ်။ အဲဒီလို တရားထူးရပြီးတော့ မိမိရထားတဲ့ တရားထူးကို မြတ်စွာဘုရားအား လျှောက်ထားချင်တယ်။ ဒါပေမယ့် လူထုပရိသတ်ကြီးထဲ မဝင်ဝံ့တာနဲ့ မြတ်စွာဘုရား ကျောင်းသို့ ပြန်ကြွသွားတဲ့အခါ လျှောက်ထားရန် မြတ်စွာဘုရား၏ ကျောင်းတော်သို့ လိုက်သွားတယ်။ အဲဒီအခါ သိကြားမင်းက စုံစမ်းလိုတဲ့အတွက် လမ်းခုလတ်က ဆီးကြိုပြီး သုပ္ပဗုဒ္ဓအား မိမိ၏ တန်ခိုးအရှိန်အဝါများကိုလည်း ပြပြီး ဒီလို ပြောတယ်။ `ဟော့ သုပ္ပဗုဒ္ဓ၊ သင်ဟာ အင်မတန် ဆင်းရဲတယ်။ ငါပြောတဲ့ စကားကို လိုက်နာပြီး ပြုကျင့်ရင် သင့်အား ငါက မစ,မယ်။ သင့်ရောဂါကိုလည်း ပျောက်စေမယ်၊ စည်းစိမ်ဥစ္စာတွေကိုလည်း ပေးမယ်´လို့ ပြောပြီးတော့ `ဂေါတမဘုရားဟာ ဗုဒ္ဓဘုရား မဟုတ်ဘူး၊ ဂေါတမဘုရား ဟောတဲ့ တရားဟာလည်း တရားအစစ် မဟုတ်ဘူး၊ ဂေါတမဘုရား၏ တပည့်သံဃာဟာလည်း သံဃာအစစ် မဟုတ်ဘူး၊ ငါဟာ ဂေါတမဘုရားဖြင့် အလိုမရှိ၊ တရားဖြင့် အလိုမရှိ၊ သံဃာဖြင့် အလိုမရှိဘူးလို့ ကြေညာပြောဆိုပါ။ အဲဒီလို ကြေညာ ပြောဆိုရင် သင့်အား အတိုင်းမသိ များစွာသော ဥစ္စာကို ပေးမယ်´လို့ သိကြားမင်းက ပြောတယ်။ `ခင်ဗျားက ဘယ်သူလဲ?´လို့ သုပ္ပဗုဒ္ဓက မေးတယ်။ `ငါက သိကြားမင်း´လို့ သိကြားမင်းက ဖြေကြားတယ်။ ဒီတော့ သုပ္ပဗုဒ္ဓက - `ခင်ဗျားဟာ သိကြားမင်းဆိုပေမယ့် မပြောသင့်တာတွေကို ပြောတယ်။ အန္ဓဗာလ-မိုက်ကန်းတဲ့သူ၊ အဟိရိက-အရှက်မဲ့တဲ့သူပဲ။ ကျွန်ုပ်နှင့် စကားပြောဖို့တောင် မထိုက်တန်ပါဘူး။ နောက်ပြီးတော့ ခင်ဗျားက ကျွန်ုပ်ကို အင်မတန် ဆင်းရဲတဲ့သူလို့ ဆိုတယ်။ ကျွန်ုပ်ဟာ မြတ်စွာဘုရား၏ သြရသပုတ္တ သားတော်အစစ် ဖြစ်ပါတယ်။ လူဆင်းရဲ လူမွဲ မဟုတ်ပါ။ သဒ္ဓါ၊ သီလ၊ ဟိရီ၊ သြတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာ ဆိုတဲ့ အရိယာသူတော်ကောင်းဥစ္စာ ခုနစ်ပါးတို့နှင့် ပြည့်စုံတဲ့သူကို ဆင်းရဲသူမဟုတ် ချမ်းသာကြွယ်ဝသူလို့ ဘုရားအစရှိသော ပညာရှိတို့က မိန့်ဆိုတော်မူကြပါတယ်။ အဲဒီ အရိယာသူတော်ကောင်းဥစ္စာ ခုနစ်ပါး ကျွန်ုပ်မှာ ရှိနေပါတယ်´လို့ ချေပ ပြောဆိုလိုက်ပါသတဲ့။ သိကြားမင်းက မြတ်စွာဘုရားထံ အရင် သွားရောက်ပြီး အဲဒီ အကြောင်းအရာများကို လျှောက်ထားတယ်။ အဲဒီတော့ မြတ်စွာဘုရားက သုပ္ပဗုဒ္ဓကို ဘုရားမဟုတ် စသည်ဖြင့် ယူဆစေရန် ပြောဆိုစေရန် သင်သိကြားမင်းလို နတ်တွေ တစ်ရာလည်း မဖြားယောင်းနိုင်ဘူး၊ တစ်ထောင်လည်း မဖြားယောင်းနိုင်ဘူး´လို့ မိန့်တော်မူလိုက်ပါတယ်။ အဲဒါဟာ တရားအစစ်အမှန်ကို တကယ် တွေ့သိထားပြီး ဖြစ်လို့ပါပဲ။ သုပ္ပဗုဒ္ဓလည်း မြတ်စွာဘုရားထံ သွားရောက်ပြီးတော့ သူ ရသိထားတဲ့ တရားဂုဏ်များကို လျှောက်ထားတယ်။ မြတ်စွာဘုရားကလည်း သင့်လျော်တဲ့ တရားစကားကို ဟောကြားတော်မူပါတယ်။ အဲဒီ တရားစကားကို ရိုသေစွာ နာယူပြီး မြို့ဆီ ပြန်လာတဲ့အခါ - အစိရပက္ကန္တံ - ဘုရားထံမှ ပြန်လာစဉ် မကြာမီပင်၊ သုပ္ပဗုဒ္ဓကုဋ္ဌိံ - သုပ္ပဗုဒ္ဓဆိုတဲ့ လူနူကို၊ ဂါဝီတရုဏဝစ္ဆာ - သားငယ်ရှိသော နွားမသည်၊ အဓိပတိတွာ - ဝှေ့၍၊ ဇီဝိတာ ဝေါရောပေသိ - အသက်မှ ကျစေ သေစေသည် လို့ ဥဒါန်းပါဠိမှာ ပြဆိုထားပါတယ်။ ဒီပါဠိအရဆိုရင် နွားမဝှေ့သတ်လို့ သေတာပါပဲ။ အဋ္ဌကထာများမှာတော့ တစ်ခုသော ဘဝတုန်းက သေဋ္ဌေသား လေးယောက်ဟာ အခစားလိုက်တဲ့ မိန်းမတစ်ယောက်ကို ဆိတ်ကွယ်တဲ့ အရပ်သို့ ခေါ်လာခဲ့ပြီး ကာမဂုဏ်ဖြင့် ပျော်ပါးကြတယ်။ ပျော်ပါးပြီးတော့ အဲဒီ မိန်းမကို သတ်ပြီး သူ့လက်ဝတ်လက်စား ပစ္စည်းတွေကို ယူကြတယ်။ အဲဒီတော့ အဲဒီ မိန်းမက `တယ်ဆိုးတဲ့ လူတွေပဲ၊ ငါ့ကိုလည်း ခေါ်လာပြီး ပျော်ပါးကြတဲ့အပြင် ငါ့ကိုသတ်ပြီး ပစ္စည်းဥစ္စာတွေကိုလည်း ယူကြသေးတယ်၊ သူတို့က ငါ့ကို ဒီတစ်ကြိမ်သတ်တာ ရှိပါစေတော့၊ နောက်နောက်ဘဝတွေမှာ ငါက ဘီလူးမဖြစ်ပြီး သူတို့ကို အကြိမ်များစွာ သတ်ရပါစေ´ဟု ဆုတောင်းသွားသတဲ့။ အဲဒီဆုတောင်းအတိုင်း အဲဒီ လူလေးယောက်ကို အဲဒီ မိန်းမက ဘီလူးမအဖြစ်နဲ့ အကြိမ်ပေါင်းများစွာ လိုက်သတ်နေပါသတဲ့။ ဘုရားလက်ထက်က နောက်ဆုံးဘဝမှာလည်း ပုက္ကုသာတိရယ်၊ ဒါရုစီရိယရယ်၊ တမ္ဗဒါဌိကရယ်၊ သုပ္ပဗုဒ္ဓရယ် ဒီလေးဦးဟာ အဲဒီ သေဋ္ဌေးသားလေးယောက်က ဖြစ်လာတဲ့ သူတွေလို့ ဆိုပါတယ်။ အဲဒီလေးဦးကို ဝှေ့သတ်တဲ့ နွားမဟာလည်း ဟိုတုန်းက အသတ်ခံရတဲ့ မိန်းမက ဖြစ်လာတဲ့ ဘီလူးမပဲလို့လည်း ဆိုပါတယ်။ အဲဒီ ဘီလူးမက ရန်ငြိုးရှိခဲ့တဲ့အတွက် နွားမယောင် ဖန်ဆင်းပြီး ဝှေ့သတ်တယ်လို့ ဆိုပါတယ်။ အဲဒီ အဋ္ဌကထာအဆိုကို ယခုခေတ် လူငယ်တွေ တချို့က သဘောမကျဘဲ ရှိကောင်း ရှိကြပေလိမ့်မယ်။ အဲဒီလို သဘောမကျရင် ဘီလူးမက နွားမကိုယ်မှာ ပူးကပ်ပြီး ဝှေ့သတ်တယ်လို့လည်း ယူနိုင်ပါတယ်။ အဲဒါကိုလည်း သဘောမကျနိုင်ရင်တော့ ပါဠိတော်မှာ ရှိရင်းအတိုင်း နွားမကပဲ ဝှေ့သတ်တယ်လို့ ယူရုံ ရှိတာပဲ။ ဒီနေရာမှာ အထူးသတိပြုစရာ အချက်တစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ ရန်ငြိုးထားပြီး လက်စားချေရန် ဆုတောင်းတာဟာ မိမိအတွက် အကျိုးမဲ့ နစ်နာဖို့သာ ဖြစ်တယ် ဆိုတာပါပဲ။ ဟိုအသတ်ခံရတဲ့ မိန်းမဟာ ရန်ငြိုးဖွဲ့ပြီး လက်စားချေဖို့ ဆုတောင်းခဲ့တယ်။ ဘုရားလက်ထက်တော်က နောက်ဆုံးအကြိမ်ကျတော့ ရဟန္တာဖြစ်တဲ့ အရှင်ဒါရုစီရိယကို သတ်ရတယ်။ အလွန် အပြစ်ကြီးမှာပေါ့။ အနာဂါမ်ဖြစ်တဲ့ ပုက္ကုသာတိကိုလည်း သတ်ရတယ်။ ဒါလည်း အပြစ်ကြီးမှာပဲ။ တမ္ဗဒါဌိကဆိုတာကတော့ ဝိပဿနာဉာဏ်လောက်သာ ရတဲ့ ပုထုဇဉ်ပါပဲ။ အဲဒီ တမ္ဗဒါဌိကကို သတ်တာလည်း သာမန်ပုထုဇဉ် သတ်တာထက်တော့ အပြစ်ကြီးမှာပဲ။ သေသွားရတဲ့ သူတွေမှာတော့ ဘာမှ မနစ်နာလှပါဘူး။ ဒါရုစီရိယက ပရိနိဗ္ဗာန်စံသွားတယ်။ ပုက္ကုသာတိက သုဒ္ဓါဝါသဗြဟ္မာ့ဘုံကို ရောက်သွားတယ်။ တမ္ဗဒါဌိကက တုသိတာနတ်ပြည် ရောက်သွားတယ်။ ယခု ပြောနေတဲ့ သုပ္ပဗုဒ္ဓဟာလည်း သောတာပန်ပဲ။ သောတာပန် သတ်တာလည်း အပြစ်ငယ်လှမယ် မဟုတ်ဘူး။ သုပ္ပဗုဒ္ဓဘက်ကနေ ကြည့်ရင် အမြတ်ထွက်တယ်လို့တောင် ဆိုနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ သုပ္ပဗုဒ္ဓဟာ စားဝတ်နေရေး အတွက် ဆင်းရဲသည့်ပြင် နူနာရောဂါက အကြီးအကျယ် နှိပ်စက်နေတဲ့အတွက်လည်း အလွန်ပင် ဆင်းရဲနေပါတယ်။ နွားမက ဝှေ့သတ်လို့ စုတိစိတ်ဖြင့် သေသွားသည်နှင့်တပြိုင်နက် တာဝတိံသာနတ်ပြည်မှာ ဘုံဗိမာန် နတ်သမီးများစွာ အခြွေအရံနှင့်တကွ အိပ်ရာမှ နိုးလာတဲ့လူလိုပင် နတ်သားကြီး ဖြစ်သွားတယ်။ ရှေ့ဘဝမှ စုတိဆိုတဲ့ နောက်ဆုံးစိတ် ပြတ်သွားသည်နှင့် တပြိုင်နက် ပဋိသန္ဓေစိတ်ဆိုတဲ့ နတ်ဘဝ၌ အစဆုံးစိတ်ဖြင့် နတ်ဖြစ်သွားတာဟာ တစ်စက္ကန့်လောက်တောင် မကြာခင် ပြောင်းလဲသွားတာပဲ။ ရှေးဘဝက ရုပ်ပျက်ဆင်းပျက် နူနာရောဂါတွေလည်း ဘာမှ မရှိတော့ဘူး။ လူ့ရုပ်ကိုယ် အယုတ်အညံ့ထဲမှ နတ်ရုပ်ကိုယ် အမြင့်အမြတ်ထဲ ဝင်ရောက်ပြီး ဖြစ်ရသလိုပင် ချက်ချင်းပဲ ချမ်းသာသွားတယ်။ ဒါပေမယ့် အများက ထင်ကြသလို လူ့ဘဝ အသက်ကောင်က နတ်ဘဝကိုယ်ထဲ ဝင်ရောက်သွားတာတော့ မဟုတ်ပါဘူး။ လူ့ဘဝက စုတိစိတ် ချုပ်ဆုံးသွားတာနဲ့ နတ်ဘဝ ပဋိသန္ဓေစိတ် အသစ် ဖြစ်သွားတာပါပဲ။ အကယ်၍သာ နွားမက မဝှေ့သတ်ရင် သုပ္ပဗုဒ္ဓဟာ လူ့ဘဝမှာ ဆင်းဆင်းရဲရဲ နေရဖို့ ရှိပါတယ်။ နွားမက ဝှေ့သတ်လိုက်တော့ အဲဒီ လူ့ဘဝ ဆင်းရဲတွေမှ တစ်ခဏကလေးအတွင်းမှာပဲ လွတ်မြောက်သွားတယ်။ ဒါကြောင့် သုပ္ပဗုဒ္ဓဘက်ကနေ ကြည့်ရင် အမြတ်ထွက်တယ်လို့ ဆိုနိုင်တဲ့အကြောင်း ပြောခဲ့ပါတယ်။ အဋ္ဌကထာများမှာလည်း အလွန်ယုတ်ညံ့တဲ့ သူ့ကိုယ်နဲ့ သောတာပန်အဖြစ်ဟာ မသင့်လျော်တဲ့အတွက် မြန်မြန်သေဖို့ အကြောင်းပေါ်လာရတဲ့ သဘောကို ပြဆိုထားကြပါတယ်။ ━━━━━━━━━━━━━━━━━━━━ Written by ►►► ✍✍ ဓမ္မ ကုန်သည် ((ဖတ်ရှူ ှ , နာယူ , မှတ်သားမိသမျှ ပြန်လည်မျှဝေသည်..။))
via အလင်းရောင် ဓမ္မ https://ift.tt/2Wxtqse
Newer Post
Older Post
Home