အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, November 26, 2019
ဘယ်လမ်းက ပြန်ကြမှာလဲ-? ********************** ဖတ်ကြည့်နော်… အားလုံးဟာ… အချိန်တန်ရင် တမလွန်ခရီးကို ပြန်ကြရမှာပါ။ ပြန်ကြရမယ့် လမ်းက လမ်းနှစ်သွယ်သာ ရှိပါတယ်။ ပမာဒလမ်း နှင့် အပ္ပမာဒလမ်းတဲ့။ ဒီတမလွန်လမ်းနှစ်သွယ်ကို မသေခင်လေးမှာသာ ရွေးချယ်ပိုင်ခွင့် ရှိကြတာပါ။ မိမိသည် ဘယ်လမ်းက သွားမှာလဲဆိုတာကိုပေါ့။ ပမာဒလမ်းကနေ တမလွန်ခရီးကို ပြန်ကြမယ့်သူများဟာ ဒါန သီလ ဘာဝနာ ကုသိုလ်အလုပ်တွေကို ပြုလုပ်ကြရမှာ မေ့နေကြတယ်။ မိမိကိုယ်ကို မိမိ မသေတော့ဘူး အထင်နဲ့ လူ့ဘဝရရှိလာတဲ့ အချိန်တိုလေးအတွင်းမှာ အိပ်မယ် စားမယ် ကာမဂုဏ်မှုတို့မှာ ပျော်ပါးနေကြမယ် ဆိုပြီး တန်းဖိုးရှိလှတဲ့ လူ့ဘဝရဲ့အချိန်တွေကို တန်ဖိုးမဲ့စွာ ဖြုန်းတီးနေကြတယ်။ အပ္ပမာဒလမ်းကနေ တမလွန်ခရီးကို ပြန်ကြမယ့်သူများဟာ ဒါန သီလ ဘာဝနာ ကုသိုလ်အလုပ်တွေကို မေ့မထားကြဘူး။ အခါအခွင့်သင့်ရင် သင့်သလို မိမိစွမ်းနိုင်သမျှ ကုသိုလ်ကောင်းမှုတို့ကို မမေ့မလျော့ ပြုလုပ်ကြတယ်။ တန်ဖိုးရှိလှတဲ့ လူ့ဘဝရဲ့လက်ကျန်အချိန်တိုလေး အတွင်းမှာ ကုသိုလ်အမှုတို့ဖြင့် တန်ဖိုးရှိစွာ ဖြတ်သန်းသွားကြတယ်။ ပမာဒလမ်း နှင့် အပ္ပမာဒလမ်းကနေ တမလွန်ကို ခရီးနှင်ကြသူများဟာ ရောက်ရာဌာနကတော့ မတူ ကွဲပြား ခြားနားလို့နေပါလိမ့်မယ်။ ပမာဒလမ်းမှ တမလွန်ခရီးပြန်ကြသူများရဲ့ ရောက်ရှိရာ ဌာနတွေကတော့… ဆင်းရဲမှုအပေါင်း သရဖူဆောင်ထားသော ရက်စက်မှုအပေါင်း သရဖူဆောင်ထားသော ဆာလောင်မှုအပေါင်း သရဖူဆောင်ထားသော ကြမ်းတမ်းမှုအပေါင်း သရဖူဆောင်ထားသော ငရဲဌာန-ငရဲသားဘဝ၊ တိရစ္ဆာန်ဌာန-တိရစ္ဆာန်ဘဝ၊ ပြိတ္တာဌာန-ပြိတ္တာဘဝ၊ အသူရကာယ်ဌာန-အသူရကာယ်ဘဝ တို့ကို များသောအားဖြင့် ရောက်ရှိကြပြီး ထိုထိုအပါယ်ဘဝတို့မှာ ပင်ပန်း ဆင်းရဲကြီးစွာ ခံကြရမှာပါ။ ဤအပါယ်လေးဘုံသည် ပမာဒ-ကုသိုလ်အလုပ်မှာ မေ့လျော့နေသူများရဲ့ အမြဲနေအိမ်ဖြစ်ပါတယ်။ ထိုအိမ်မှာ ချမ်းသာကင်းပြီးတော့ ဆင်းရဲခြင်းတွေသာ ပြည့်နှက်နေပါတယ်။ အပ္ပမာဒလမ်းမှ တမလွန်လမ်း ပြန်ကြသူများရဲ့ ရောက်ရှိရာ ဌာနတွေကတော့… ဆင်းရဲနည်းသော လူ့ဘဝ ဆင်းရဲနည်းသော နတ်ဘဝ ဆင်းရဲနည်းသော ဗြဟ္မာဘဝ-တို့ကို ရောက်ကြရမှာဖြစ်ပြီး လုံးဝ ဆင်းရဲခြင်းကင်းသော ဆင်းရဲမရှိသော အေးငြိမ်းခြင်းချမ်းသာ တစ်ခုတည်းသာရှိသော နိဗ္ဗာန်ကိုရောက်ကြရမှာ ဖြစ်ပါတယ်။ ဦးဇင်းရဲ့ ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်းတို့လည်း… တမလွန်ခရီးကို ရွေးချယ်ပြန်ကြရမယ့် လမ်းနှစ်သွယ်အနက် ဘယ်လမ်းကနေ ဘယ်လို ပြန်ကြမှာလဲ-? ဘယ်လမ်းကို ရွေးချယ်ထားပြီးပြီလဲ-? ပမာဒလမ်းကိုလား… အပ္ပမာဒလမ်းကိုလား… Credit မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း )
via အလင်းရောင် ဓမ္မ https://ift.tt/34n4QNT
Newer Post
Older Post
Home