Thursday, November 28, 2019

★ `ပြိတ္တာဖြစ်ပုံအကြောင်း (၁၂)မျိုး´ (၁) ၀န္တာသပြိတ္တာ ငတ်ပြတ်ဆာလောင် မွတ်သိပ်သလှဖြင့် သူတစ်ပါးတို့၏ ချွဲကန်း, သလိပ်, တံတွေး, အန်ဖတ်, နှပ် တို့ကိုသာ ကောက်ယူ စားသောက်နေရသော ပြိတ္တာမျိုး။ ရတနာသုံးပါးကို ပြစ်မှားတဲ့ပုဂ္ဂိုလ်၊ သူတော်ကောင်းများကို ပြစ်မှားတဲ့ပုဂ္ဂိုလ်၊ စားကြွင်း၊ စားကျန် နှပ်, တံတွေးတို့ဖြင့် ပြစ်မှားတဲ့ ပုဂ္ဂိုလ်များဟာ အလွန်အရုပ်ဆိုးပြီး သူတစ်ပါး အန်ဖတ်၊ နှပ်၊ တံ တွေးကို စားသောက်ရတဲ့ `၀န္တာသပြိတ္တာ´မျိုးဖြစ်တတ်၏။ _____________________________ (၂) ကုဏပါသ ပြိတ္တာ လူကောင်ပုပ်, ခွေးကောင်ပုပ်, မြွေကောင်ပုပ် စသော အကောင်ပုပ်တို့ကိုသာ စားသောက် နေရသည့် ပြိတ္တာမျိုး။ စက်ဆုပ်ဖွယ်ရာ အရာ၀တ္တုများကို မရိုမသေ ပေးတတ်တဲ့သူဟာ အကောင်ပုပ်ကို စားရတဲ့ `ကုဏပါသပြိတ္တာ´မျိုးဖြစ်တတ်၏။ _____________________________ (၃) ဂူထ ခါဒက ပြိတ္တာ မစင် ဘင်ပုပ်တို့ကိုသာ စားသောက် နေရသော ပြိတ္တာမျိုး။ သူတော်ကောင်းများရဲ့ အစာထဲ ရွံရှာဖွယ်တွေ ထည့်ကျွေးတဲ့သူဟာ `ဂူထခါဒကပြိတ္တာ´မျိုး ဖြစ်တတ်၏။ _____________________________ (၄) အဂ္ဂိဇာလပြိတ္တာ၊ ခံတွင်းမှ မီးလျှံထွက်၍ မီးကျီး မီးခဲတို့ကိုပင် စားသောက်နေရသော ပြိတ္တာမျိုး။ ပူလောင်တဲ့အစာမျိုး မရိုမသေ ကျွေးခဲ့ဖူးလျှင် `အဂ္ဂိဇာလပြိတ္တာ´မျိုး ဖြစ်တတ်၏။ _____________________________ (၅) သုစိမုခပြိတ္တာ၊ ကိုယ်လုံး ကြီးထွား၍ လည်ပင်းရှည်ပြီးလျှင် ခံတွင်းကား အပ်နဖားပေါက်မျှသာ ရှိသောကြောင့် ရသောအစာကို နားပေါက် နှာခေါင်းပေါက်တို့က သွတ်သွင်း စားသောက်ရသော ပြိတ္တာမျိုး။ သူတစ်ပါးအလှူ ပိတ်ပင်ဖူးသူဟာ `သုစိမုခပြိတ္တာ´မျိုး ဖြစ်တတ်၏။ _____________________________ (၆) တဏှာဋ္ဋိကပြိတ္တာ၊ ရေ အလွန် မွတ်သိပ်ခြင်းဖြင့် ဆင်းရဲခံနေရသော ပြိတ္တာတမျိုး။ ဆိုးမိုက်တဲ့စိတ်ဖြင့် ရေတွင်း,ရေကန်များကို ဖျက်ဆီးခဲ့ဖူးသူဟာ `တဏှာဋ္ဋိကပြိတ္တာ´ မျိုး ဖြစ်တတ်၏။ _____________________________ (၇) သုနိဇ္စျာမကပြိတ္တာ၊ မီးလောင်ငုတ်နှင့်တူသော ကိုယ်ရှိ၍ ဆိုးဝါးသော ရုပ်အဆင်း, မကောင်းသော ယနံ့ထွက်သော ပြိတ္တာမျိုး။ သက်ကြီး-သူအိုတို့ကို မရိုမသေ မလေးမစား ပြက်တိပြက်ချော် ပြုလုပ်ခဲ့ဖူးသူဟာ `သုနိဇ္စျာမကပြိတ္တာ´မျိုး ဖြစ်တတ်၏။ _____________________________ (၈) သတ္ထင်္ဂပြိတ္တာ၊ ဓားသွား, ငါးမျှားချိတ်သွား နှင့် တူသော လက်သည်းတို့ဖြင့် မိမိကိုယ်အင်္ဂါကိုကုတ်ဖဲ့၍အသား အသွေးတို့ကိုသာ စားသောက်ရသည့် ပြိတ္တာမျိုး။ မုဒိမ်းမှု ကျူးလွန်သူများဟာ `သတ္ထင်္ဂပြိတ္တာ´ဖြစ်တတ်၏။ _____________________________ (၉) ပဗ္ဗတင်္ဂပြိတ္တာ၊ တောင်ပမာဏရှိသော ကိုယ်မှ နေ့ညဉ့်မပြတ် အခိုးထွက်နေသော ပြိတ္တာတမျိုး။ သူတစ်ပါး ဆောက်လုပ်လှူဒါန်းတဲ့ ပြာသာဒ်၊ ကျောင်း၊ သိမ် စသည်များကို မီးတိုက် ဖျက်ဆီး ခဲ့ဖူးသူဟာ `ပဗ္ဗတင်္ဂပြိတ္တာ´မျိုး ဖြစ်တတ်၏။ _____________________________ (၁၀) အဇဂရင်္ဂပြိတ္တာ၊ စပါးကြီးမြွေနှင့်တူသော ကိုယ်ဖြင့် နေ့ညဉ့်မပြတ် လှည့်လည် သွားလာ၍ ဒုက္ခခံနေရသော ပြိတ္တာတမျိုး။ သူတစ်ပါးကြောက်အောင် ခြောက်လန့်ခဲ့ဖူးသူဟာ `အဇဂရင်္ဂပြိတ္တာ´မျိုး ဖြစ်တတ်၏။ _____________________________ (၁၁) ဝေမာနိကပြိတ္တာ၊ ဒုက္ခတလှည့်, သုခတလှည့် စက်လည်၍ အတည်မကျ ခံစား နေရသော ပြိတ္တာမျိုး။ ကုသိုလ်ကောင်းမှုကို တစ်ဘက်ကပြုပြီး၊ တစ်ဘက်က အကျင့်ပျက်တဲ့ မိန်းမများဟာ `ဝေမာနိကပြိတ္တာ´မျိုး ဖြစ်တတ်၏။ _____________________________ (၁၂) မဟိဒ္ဓိကပြိတ္တာ၊ ပြိတ္တာတို့အပေါ်၌ ကြီးမှူး နိုင်သော တန်ခိုးအာဏာရှိသော်လည်း ထမင်းအဖျော်တို့ကိုကား မစားမသောက်ရသော ပြိတ္တာမျိုး။ တန်ခိုးကြီးပါလျှက်နှင့် ဘာကြောင့် ပြိတ္တာဖြစ်နေရသလဲဆိုတော့ ကုသိုလ်၊ အကုသိုလ် ရောယှက်နေတဲ့ မိဿကံကြောင့်ဖြစ်၏။ သည်ပုဂ္ဂိုလ်ဟာ အစိုးရတဲ့ အာဏာလည်း ရှိတယ်။ ဥစ္စာပစ္စည်းလည်း ပေါများတယ်။ ဒါကြောင့် ကျောင်းအရာမ်ဗိမာန်များကို ဆောက်လုပ် လှူဒါန်းခဲ့တယ်။ လှူဒါန်းပြီး ကျောင်းဒကာ၊ ကျောင်းအမ ဆိုတဲ့ဂုဏ်နှင့် ကျောင်းပစ္စည်းများကို မတရား သုံးစွဲစားသုံး ခဲ့ဖူးတယ်။ ဒါကြောင့် သူသေတော့ တန်ခိုးကြီးသောပြိတ္တာ `မဟိဒ္ဓိကပြိတ္တာ´မျိုး ဖြစ်တတ်သည်။ _____________________________ မှတ်ချက်။ ။ ဝိနည်းပိဋက စသည်တို့၌လည်း ထိုထို ပြိတ္တာတို့ ၏အသွင်အပြင်နေရပ်ဌာန အစားအစာတို့ကိုစွဲ၍ မျိုးကွဲများစွာ လာသေး၏။ မာဃဒေ၀လင်္ကာသစ်-၄၅၁/ ၄၅၂။ ဆဂတိဒီပနီကျမ်း။ လောကပညတ္တိကျမ်း။᠌᠌᠌ Credit - ရောင်စဉ် မေတ္တာဖြင့် - စိုးဝင်းကျော်


via အလင်းရောင် ဓမ္မ https://ift.tt/2XVR9TE