အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, November 28, 2019
မေ့လျော့ခြင်း (စိတ်ဓာတ်ဆုံရှုံးခြင်းနှင့် ဘဝဆုံးရှုံးခြင်း) 'ပမာဒ' ဆိုတာကတော့ မေ့လျော့ခြင်း ဖြစ်တယ်။ ဘာတွေကို မေ့လျော့ထားတုန်း ဆိုလျှင် ကုသိုလ်တရားတွေ မေ့လျော့နေတာကို ဆိုလိုပါတယ်။ ကုသိုလ်တရားတွေကို မေ့လျော့နေတယ် ဆိုလျှင် ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အကုသိုလ်တရားတွေသာ တိုးပွားဖြစ်ပေါ်နေပေလိမ့်မယ်။ အင်္ဂုတ္တရနိကာယ်၊ ဧကနိပါတ် ၁၀ မှာ ဤပမာဒတရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏ ဖြစ်ပေါ်ကြောင်း၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏ ဆုတ်ယုတ်ကြောင်း ဖြစ်သည်ဟု ဘုရားရှင် ဟောတော်မူတယ်။ သတ္တဝါတစ်ဦး၏ သန္တာန်မှာ ကုသိုလ်တရား မဖြစ်ပွားဘဲ အကုသိုလ်တရားတွေသာ အဖြစ်များနေလျှင် ထိုပုဂ္ဂိုလ်ဟာ ဆုံးရှုံးခြင်း နှစ်မျိုးနှင့် ရင်ဆိုင်နေရတယ်။ ဆုံးရှုံးခြင်းနှစ်မျိုး ဆိုတာက (၁) စိတ်ဓာတ်ဆုံးရှုံးခြင်းနှင့် (၂) ဘဝဆုံးရှုံးခြင်းတို့ ဖြစ်ပါတယ်။ စိတ်ဓာတ်ဆုံးရှုံးတယ် ဆိုတာ အကုသိုလ်စိတ်တွေကို ထပ်တလဲလဲ ပွားနေတဲ့အတွက် အကုသိုလ်အလုပ်တွေကို ထပ်တလဲလဲ ပြုနေတတ်တယ်။ အကုသိုလ်မှုတွေကို ထပ်တလဲလဲ ပြုနေမိတဲ့အတွက်ကြောင့်လည်း အကုသိုလ်စိတ်တွေ ထပ်တလဲလဲ ဖြစ်ပွားနေတတ်တယ်။ ဒီလိုနှင့် ထိုပုဂ္ဂိုလ်ရဲ့ စိတ်ဓာတ်ဟာ ကြည်လင်မှု သန့်ရှင်းမှု မဖြစ်ဘူး။ ရှေးရှေးသောဘဝ ရှေးရှေးသောကာလက ဖြစ်ပွားခဲ့ဖူးတဲ့ ကုသိုလ်ပါရမီမျိုးစေ့များသော်ပင် အကုသိုလ် ဖုံးလွှမ်းမှု များနေတဲ့အတွက် အညွန့်အညှောက် မပေါက်နိုင်ဘူး။ ရှေးက ဆည်းပူးခဲ့တဲ့ကုသိုလ်ပါရမီတွေဟာ တစ်ဘဝထက် တစ်ဘဝ ရှေ့သို့မတက်ဘဲ နောက်ပြန်ပြီး ဆုတ်သွားတတ်တယ်။ စိတ်ဓာတ်များဟာ ရင့်မလာဘဲ နုသွားတတ်တယ်။ ဒါကို စိတ်ဓာတ်ဆုံးရှုံးခြင်းလို့ ဆိုရပါတယ်။ ဘဝဆုံးရှုံးခြင်း ဆိုတာက အကုသိုလ်စိတ်ငွေ့ အလွန် ဖုံးလွှမ်းခံရတဲ့ သူဟာ စိတ်ဓာတ် မသန့်မရှင်း မကြည်လင်တဲ့အတွက် ယခုဘဝမှာလည်း လူကြီးလူကောင်း မဖြစ်နိုင်ဘူး။ သံသရာဘဝမှာလည်း မြင့်မြတ်တဲ့ သုဂတိဘဝကို မရနိုင်ဘူး။ ဒါကိုပင် ဘဝဆုံးရှုံးခြင်းလို့ ဆိုလိုပါတယ်။ ဒါကြောင့် ပမာဒ ဆိုသော မေ့လျော့ခြင်းဟာ ပစ္စုပ္ပန်ဘဝလည်း ရှုံး၊ သံသရာဘဝလည်း ရှုံးစေတတ်တယ်။ အပ္ပမာဒ ဆိုတဲ့ မမေ့မလျော့ခြင်းကတော့ ပစ္စုပ္ပန်ဘဝမှာလည်း ကြီးပွားနိုင်တယ်၊ သံသရာဘဝမှာလည်း ကြီးပွားစေနိုင်တယ်။ ကုသိုလ်တရားတို့၌ မေ့လျော့နေတဲ့ ပမာဒတရားဟာ အလွန် ကြောက်စရာကောင်းတဲ့တရား ဖြစ်တယ်။ လောကမှာ ဆင်းရဲခြင်းအမျိုးမျိုးဟာ မေ့လျော့ခြင်း ဆိုတဲ့ ပမာဒလျှင် အရင်းအစ ဖြစ်တယ်။ ကုသိုလ်ပြုလုပ်ရမှာ မေ့လျော့တဲ့ ဒီပမာဒတရားကြောင့် သူ့အသက် သတ်ခြင်း စတဲ့ အကုသိုလ်ကို ပြုမိကြတဲ့အတွက် ဆင်းရဲအမျိုးမျိုးကို ကြုံတွေ့ကြရတယ်။ ဒီအကြောင်းကို ဓမ္မပဒ အဋ္ဌကထာမှာ "မနုဿဒေါ ဘဂ္ဂံ ဝါ ဟိ အပါယုပ္ပတ္တိ ဝါ သဗ္ဗံ ပမာဒမူလကံ ယေဝ" လို့ ဖွင့်ပြထားတယ်။ အဓိပ္ပာယ်ကတော့ - ပမာဒတရားဟာ ဆင်းရဲခြင်းရဲ့ တရားခံ ဆိုတာ မှန်ပါတယ်တဲ့။ လူ့ဘဝမှာ လူဖြစ်လာသော်လည်း လူ့အောက်တန်းစား ဖြစ်ရခြင်း၊ အပါယ်လေးပါးသို့ လားရခြင်း ဒီအလုံးစုံသော ပျက်စီးခြင်းတွေဟာ ပမာဒ ဆိုတဲ့ မေ့လျော့ခြင်းလျှင် အကြောင်းရင်း တရားခံ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ (ထီးချိုင့်မြို့ တည်တောဆရာတော်ကြီး) Credit to Dhamma ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/34F2DNG
Newer Post
Older Post
Home