အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, October 22, 2019
❝ ကျေးဇူးတရားအလေးထားခြင်း ❞ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ကျေးဇူးဆိုတဲ့ မြန်မာစကားဟာ တစ်ဖက်သားက ကိုယ့်အပေါ်မှာ တစ်စုံတစ်ခု လုပ်ခဲ့တဲ့၊ ကူညီခဲ့တဲ့ စောင့်ရှောက်ခဲ့တဲ့၊ ဖေးမခဲ့တဲ့ အရာတစ်ခုကို … အသိအမှတ်ပြုခြင်းပဲလို့ ဒီလိုပြောတာ။ အသိအမှတ်ပြုဖို့ လိုတယ်။ အသိအမှတ်ပြုရင် လူတော်လူကောင်း သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထား။ အသိအမှတ်မပြုဖူး ဆိုလို့ရှိရင် လူယုတ်မာတို့ရဲ့စိတ်နေသဘောထားလို့ ဒီလိုခွဲခြား မှတ်သားရတယ်ပေါ့။ အဲ့တော့ ကျေးဇူးသိသူကို ကတင်ညူလို့ ခေါ်တယ်။ ကျေးဇူးမသိသူကိုကျတော့ အကတင်ညူလို့ ခေါ်တယ်။ ကျေးဇူးသိသူနဲ့ ကျေးဇူးမသိသူဟာ အင်မတန်မှ ကွဲပြားခြားနားတယ်။ လောကမှာ ကျေးဇူးသိသူတွေဟာ လူတော် လူကောင်းလို့ သတ်မှတ်ခံရပြီးတော့ ကျေးဇူးမသိသူတွေဟာ… သူယုတ်မာလို့ အောက်တန်းကျတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ပညာရှိများက ရှုံ့ချကြတယ်။ အဲ့ဒီထဲမှာ… ကျေးဇူးမသိယုံမျှ မက ကျေးဇူးတရားကို ချေဖျက်တယ်ဆိုတဲ့စကားကျတော့ မက္ခလို့ ခေါ်တယ်။ မက္ခဆိုတဲ့ စကားလုံးက ချေဖျက်ပစ်တာ။ ရှိတဲ့အရာတစ်ခုကို ချေဖျက်ပြစ်တာ။ ဘောပေါ်မှာ ရေးခဲ့တဲ့ အရာတစ်ခုကို ဖျက်ပစ်လိုက်တာ။ တကယ်ရေးခဲ့တာကို အသိမှတ် မပြုယုံမျှ မက ဖျက်စီးပြစ်လိုက်တာ။ အများအပေါ်မှာဖြစ်စေ၊ သတ္တဝါ သက်ရှိအပေါ်မှာပဲဖြစ်စေ အကျိုးလိုလားတဲ့ သဘောတရားကို မေတ္တာလို့ ခေါ်တာ။ မေတ္တာဆိုတာ ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် ဆူကြုံနိမ့်မြင့်မရွေး ပုဂ္ဂိုလ်အားလုံးရဲ့ အကျိုးစီးပွားကို လိုလားတယ်ဆိုတဲ့ စိတ်ဓာတ်ဟာ အလွန်မွန်မြတ်တဲ့ စိတ်ဓာတ်ပဲ။ ကိုယ်ဆောင်ရွက်နိုင်တာ မဆောင်ရွက်နိုင်တာ အဓိက မဟုတ်ဘူး။ စိတ်ထားဖြူစင်မှုဆိုတာ မုန်းတီးမှုရဲ့ ဆန့်ကျင်ဘက်။ အလကားနေရင်… လူတွေဆိုတာ မုန်းတီးမှုတွေဆိုတာ ရှိတက်တယ်။ အဲ့ဒီမုန်းတီးမှုရဲ့ ဆန့်ကျင်ဘက်ဆိုတာ အကျိုးစီးပွားကို လိုလားတဲ့ မေတ္တာတရားဆိုတာပဲ ဖြစ်တယ်။ ဒါ့ကြောင့််မို့ အားလုံးသတ္တဝါတွေရဲ့ အကျိုးစီးပွား ဟိတ- ဆိုတာ အခြေကောင်း အနေကောင်းတွေ ဖြစ်ပါစေ။ လူတိုင်း အဆင်ပြေကြပါစေ ဆိုတဲ့ စိတ်နေသဘောထားတွေပဲ။ အေး… လောက လူသားတွေက ကိုယ်လိုရင် တစ်မျိုး၊ မလိုရင် တမျိုးဆိုတဲ့ စိတ်နေသဘောထားတွေ ရှိမယ်။ လူတွေက စိတ်မမှန်ဘူးဆိုတာ အရူးသာ ပြောနေကြတာ …။ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင်ရော ငါရော စိတ်မှန်ရဲ့လားလို့။ မမှန်ကန်တဲ့စိတ်တွေထားတဲ့ ပုဂ္ဂိုလ်ဟာ “ပုထုဇနော ဥမ္မာတကော” ဆိုသလိုပဲ အရူးပဲ …။ လိုရင်တမျိုး မလိုရင်တမျိုးဆိုတာ မမှန်ကန်တဲ့ စိတ်ပါပဲ။ ဒါကြောင့်… စိတ်ဟာ အင်မတန်မှ အရေးကြီးတယ်။ စိတ်ဖြူစင်မှုဟာ အင်မတန်မှ အရေးကြီးတယ်။ အဲ့ဒါကြောင့်မို့… လိုတမျိုး မလိုတမျိုးဆိုတဲ့ စိတ်ဓာတ်မျိုး မထားရဘူး။ အားလုံးအပေါ်မှာ တစ်ညီတည်း ကိုယ့်မိတ်ဆွေပဲ ဖြစ်စေ၊ ကိုယ့်ရန်သူပဲ ဖြစ်စေ၊ ကိုယ်နဲ့ မသိသူပဲဖြစ်စေ အဲ့ဒီပုဂ္ဂိုလ်တွေ အားလုံးအပေါ်မှာ အကျိုးစီးပွားကို လိုလားတယ်။ အားလုံး အဆင်ပြေကြပါစေ၊ သူ့ဘ၀မှာ ပျော်ရွှင်ကြပါစေ၊ ဘ၀မှာ အဆင်တပြေ ရှိကြပါစေဆိုတဲ့ စိတ်ထဲမှာ ထားနိုင်ပြီဆိုရင် ကိုယ့်ရင်ထဲ နှလုံးထဲမှာ အေးချမ်းလာတယ်။ လောက လူသားတွေက မေတ္တာပို့လေးသာ နားထောင်ကောင်းအောင် ရွတ်နေတာ။ တကယ်စိတ်ထဲ နှလုံးထဲမှာ အေးချမ်းအောင် မထားတက်ဘူး။ ကိုယ့်မေတ္တာစွမ်းဆိုပြီးတော့ ခုန မေတ္တာပို့တွေ ရွတ်ကြတယ်။ ဆိုကောင်းလို့ ဆိုနေတာမျိုး မဖြစ်စေရဘူး။ အားလုံးမေတ္တာဆိုသည်မှာ တကယ့်စိတ်ထဲမှာ ရှိနေဖို့ လိုအပ်တယ်။ စိတ်ထဲကိုက ဘယ်သူ့ အပေါ်မှာမှ အမုန်းတရား ကိုယ့်မှာ မရှိသင့်ဘူး။ အဲ့သလို မြင့်မြတ်တဲ့ စိတ်နေသဘောထားတွေရှိနေဖို့ မြတ်စွာဘုရားက ဟောတာဖြစ်တယ်။ မေတ္တာဆိုတဲ့ စကားလုံးလေးဟာ အင်မတန် သန့်စင်တဲ့ စကားလုံးဖြစ်လင့်ကစား လောက လူသားတွေက မဟုတ်တဲ့ဘက်မှာ အသုံးပြုပြီးတော့… သူ့မေတ္တာရှိရင် ငါ့မေတ္တာရှိတယ်နဲ့ တဏှာ ရာဂ အတွေးတွေကိုလည်း မေတ္တာလို့ သုံးနေကြတယ်။ တကယ်ကတော့ မေတ္တာဆိုတာ အလွန် သန့်စင်တယ်ပေါ့။ ကိုယ့်အတွက် စဉ်းစားတာမဟုတ်ဘူး။ သူ့အတွက် စဉ်းစားတာ။ တဏှာဆိုတာ … ကိုယ့်အတွက် စဉ်းစားတာ။ မေတ္တာရဲ့နောက်မှာ အေးချမ်းမှုတွေရှိတယ်။ တဏှာရဲ့နောက်မှာ ပူလောင်မှုတွေရှိတယ်။ လောဘ မပြည့်လို့ ရှိရင် တဏှာဟာ… မုန်းတီးမှု့ဘက် သယ်ဆောင်သွားတတ်တယ်။ မေတ္တာဟာ… ကိုယ့်လောဘ နဂိုတကည်းက ထားတာမဟုတ်ဘူး။ တဖက်သားရဲ့ အကျိုးကို မျှော်ကိုးတာဖြစ်သောကြောင့် ကိုယ့်လောဘ ပြည့်သည်ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ မေတ္တာဟာ အပြောင်းအလဲ မရှိဘူး။ ဒီလို ဆိုတာနော်။ အေး… ဒါကြောင့်မို့လို့ အကျိုးစီးပွားကို လိုလားတာဟာ မြင့်မြတ်တဲ့ စိတ်နေသဘောထားသာ ဖြစ်တယ်။ ဒါက အားလုံးကို ချုံငုံပြီးတော့ ပြောလို့ရှိရင် မေတ္တာဟာ… အရေးကြီးဆုံးပဲလို့။ မေတ္တာပျက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကရုဏာလည်း မထားနိုင်ဘူး၊ မုဒိတာလည်း မထားနိုင်ဘူးတဲ့။ ဒါကြောင့်မို့ မေတ္တာဟာ အရေးကြီးတယ်လို့ ဒီလိုပြောတာ။ ဒီမေတ္တာတရား ကြာရှည်စွာခံဖို့အတွက် နောက်က ဘာလိုက်ရသလဲဆိုတော့ ဥပေက္ခာလိုက်ရတယ်။ ဥပေက္ခာဆိုတာ… အကျိုးစီးပွားလိုလားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ့်က အကျိုးစီးပွားကို လိုလားလို့ ဆောင်ရွက်ပေးတယ်။ ဆောင်ရွက်ပေးတဲ့ အခါမှာ ဥပေက္ခာ မထားနိုင်ရင် ဘာဖြစ်လဲဆိုတော့… သူ့ဆီက ကျေးဇူးတင်ပါတယ်ဆိုတာလေးက အစ မျှော်လင့်လာတယ်။ ကိုယ်က လုပ်ပေးထားတဲ့ အပေါ်မှာ သူ့ဆီက တုန့်ပြန်မှုမလာဘူး၊ ကျေးဇူးတင်တဲ့သဘောတွေ မလာဘူး၊ ကိုယ့်အပေါ် ကျေးဇူးကန်းတယ်ဆိုရင် မခံမရပ်နိုင်တွေ ဖြစ်လာတယ်။ ဒါ… ဘာဖြစ်လဲဆိုတော့ ကိုယ်ကိုယ်တိုင်က ဥပေက္ခာမထားနိုင်လို့ ဖြစ်တာ။ မျှော်လင့်ချက်နဲ့လုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဥပေက္ခာမထားနိုင်ဘူး ဖြစ်တယ်။ ငါ ငယ်ငယ်တုန်းကတော့ သူ့ကို စောင့်ရှောက်ထားလိုက်ရတာ။ ငါ့ အပေါ်မှာ ကျေးဇူးမတင်ဘူးလို့… ဒီလိုဖြစ်လာ၊ အပြစ်တင်လာတတ်လို့ ရှိရင် ဘာကြောင့်လဲဆိုရင်… ဥပေက္ခာ မရှိလို့ပဲ။ ကိုယ်လုပ်တာ ကိုယ့်အတွက်ပဲလေ။ ကိုယ်လုပ်တာ… ကိုယ်ပဲ။ သူမလုပ်တာ ကိုယ်နဲ့ မဆိုင်ဘူး။ သူနဲ့ ဆိုင်တယ်။ ဒီလို… ထားနိုင်ရမယ်။ လောကလူတွေသားတွေဟာ လုပ်တော့ပေးတယ်။ သို့သော် မျှော်လင့်တယ်။ မျှော်လင့်ချက်ကြီးနဲ့ လုပ်ပေးတယ်။ အဲ့ဒါ… ဘာလို့လဲဆိုရင် ဥပေက္ခာပါရမီ အားနည်းနေတယ်ပေါ့။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ (အမ်တီအက်စ်)
via အလင်းရောင် ဓမ္မ https://ift.tt/2pJZb4N
Newer Post
Older Post
Home