Tuesday, July 23, 2019

တရားနာကြားခြင်း၏ကေါင်းကျိုး (သို့မဟုတ်) သူတော်ကောင်းနှင့်ဆုံစည်းရခြင်းအကျိုး 🍀🌼🍀🌼🍀🌼🍀 လမင်းကြီးဟာ သူ့လမ်းကြောင်းက သူသွားပြီးတော့ အခြံအရံ နက္ခတ်တွေနားကနေ ဖြတ်သန်းပြီးတော့ ဆန်းဆန်းကြယ်ကြယ် ကောင်းကင်မှာ တင့်တောင်းတင့်တယ် သွားလာသလိုပဲ၊ ပညာရှိတဲ့ အခုလို ဂုဏ်ရည်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်မျိုးကို ဆည်းကပ်မှသာလျှင် ကောင်းကျိုးချမ်းသာတွေ ရမှာဖြစ်တယ်လို့ ဗုဒ္ဓမြတ်စွာကဒီလို ဟောခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသနာတော်ကို ဘယ်သူ့ကို အကြောင်းပြု ဟောတာတုန်းဆိုတော့ သိကြားမင်းကြီးကို အကြောင်းပြု ဟောတာ။ တာဝတိံသာနတ်ပြည်က သိကြားမင်းကြီးဟာ မြတ်စွာဘုရားနဲ့ ဆုံစည်းလိုက်ရသည့်အတွက် သူ့မှာ ကောင်းကျိုး ချမ်းသာတွေ အများကြီး ရသွားတယ်။ သိကြားက ဘယ်လို ကောင်းကျိုးချမ်းသာတွေ ရသွားတုန်းဆိုတော့ သိကြားဟာလည်း သတ္တဝါပဲလေ။ တာဝတိံသာနတ်ပြည်ကို အစိုးရတဲ့, တာဝတိံသာနတ် သိကြားမင်းကြီးဟာ သက်တမ်းစေ့တော့ သေတော့မယ်ဆိုရင် အရိပ်နိမိတ်တွေ ပေါ်လာတယ်။ နတ်နဲ့လူ ကွာခြားမှုက အဲဒါပေါ့။ သေတော့မယ်ဆိုလို့ရှိရင် နတ်တွေကျတော့ နတ်ဘဝ ဘုံဗိမာန်ပေါ်မှာ မပျော်တာဟာ သူသေမယ့် sign တစ်ခုပဲပေါ့။ နောက်တစ်ခုကတော့ သူပန်ဆင်ထားတဲ့ပန်းတွေဟာ ညှိုးနွမ်းလာတယ်။ အရင်က နတ်ပန်းဆိုတာ ဘယ်တော့မှ မညှိုးဘူး။ ဝတ်ထားတဲ့အဝတ်လည်း နည်းနည်းညှိုးနွမ်းလာတယ်။ ခန္ဓာကိုယ်အသားအရည် တွေလည်း ညှိုးနွမ်း လာတယ်။ချိုင်းကြားမှာ ချွေးယို လာတယ်၊ အဲဒီလို အနေအထားမျိုးတွေ တွေ့ရင် ဒီနတ်ဟာ နတ်ဘဝက သေဖို့ အချိန်နီးလာပြီလို့ ဒီလိုဆိုတာ။ သိကြားမင်းကြီးဟာလည်း အဲဒီလို နိမိတ်တွေ ပြလာတဲ့အခါမှာ စိုးရိမ်တယ်။ ဘယ်သူပဲဖြစ်ဖြစ်လေ စွန့်ရမယ် ဆိုရင် ကြောက်တယ်။ သိကြားမင်းကြီးလည်း ကြောက်တာပဲ။ကြောက်တော့ အားကိုးရာရှာတဲ့ အခါမှာ ဘယ်သူ့ တွေ့တုန်းဆို မြတ်စွာဘုရားတွေ့တယ်။ မြတ်စွာဘုရားဆီ သွားပြီးတော့ တရားနာမယ်၊ စိတ်ညစ်နေရတဲ့ ပူပန်နေရတဲ့ စိတ်တွေ ပြေပျောက်အောင် ဆိုပြီးတော့ ပဉ္စသီခကို လွှတ်လိုက်ပြီးတော့ ပဉ္စသီခကို မြတ်စွာဘုရားကို ကြိုတင် လျှောက်ထားပြီးတဲ့အချိန်မှာ သိကြားမင်းကြီးက မြတ်စွာဘုရားနဲ့ တွေ့တယ်၊ မေးခွန်းတွေ မေး, သက္ကပဉှာသုတ်အရ မေးခွန်းတွေ မေးပြီးတော့ မြတ်စွာဘုရားက ဖြေ၊ အဲဒီတရားနာရင်းနဲ့ပဲ သိကြားမင်းကြီးဟာ စိတ်ဓာတ်ကြည်လင်မှုတွေ ရပြီးတော့ သေတာကိုတော့ မတားဆီးနိုင်ဘူး။ အဲဒီမြတ်စွာဘုရားနားမှာပဲ။ မြတ်စွာဘုရားကို မေးခွန်းတွေ မေးပြီး သူဟာ သိကြားဘဝ အဆုံး သတ်သွားတယ်။ အဆုံးသတ်သွားပြီးပြီးချင်း လုပ်ခဲ့တဲ့ကုသိုလ်ကံရဲ့ အရှိန်အဝါတွေကြောင့် ဒီနေရာမှာပဲ သိကြားမင်းပြန်ဖြစ်တယ်၊ ဒီလိုဆိုတာ။ အိပ်ပျော်ပြီးတော့ မျက်စိလေး မှိတ်လိုက်တာနဲ့ ဘဝတစ်ခုဟာ ကူးသွားတယ်၊ သူက။ ဥပပါတ်ပဋိသန္ဓေလို့ ခေါ်တယ်၊ အတော် လျင်မြန်တယ်။ မြတ်စွာဘုရား သိလိုက်တယ်။ တန်ခိုးကြီးတဲ့နတ်တွေ သိလိုက်တယ်၊ ကျန်တဲ့နတ်တွေက မသိဘူး။ ဒီသိကြားပဲ အောက်မေ့တယ်။ သူက ဒီနားမှာပဲ စုတိစိတ်ကျပြီး ပျောက်သွားပြီ။ ချက်ချင်းကြီး ပြန်ပြီးတော့ ပေါ်လာတယ်။ အဲဒါဟာ သူ ကြီးမားတဲ့အကျိုး ကျေးဇူးဟာ မြတ်စွာဘုရားနဲ့ ဆုံတွေ့ရခြင်းပဲ။ သောတာပန်လည်း ဖြစ်သွားတယ်။ သိကြားဘဝလည်း ပြန်ရတယ်၊ အလွန်ကို အကျိုးကျေးဇူး သူရသွားတယ်။ အဲဒီလို မြတ်စွာဘုရားနဲ့ ဆုံစည်းလိုက်ရသည့်အတွက်ကြောင့် သူ့မှာ ကြီးမားတဲ့အကျိုးကျေးဇူးတွေကို ရသွားတာ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ရဟန်းတော်တွေ ပြောဆိုကြတဲ့အခါမှာ မြတ်စွာဘုရားက သူတော်ကောင်းနဲ့ ဆုံစည်းမှုရဲ့အကျိုးကျေးဇူးဟာ အခုလို ကြီးမားတဲ့ အကျိုးကျေးဇူးကို ရနိုင်တယ်ဆိုတာကို ဟောပြောတာပဲ ဖြစ်တယ်။ ဒါကြောင့်မို့ ဘုန်းကြီးတို့တစ်တွေလည်း ကြီးမားတဲ့အကျိုး ဖြစ်ထွန်းစေနိုင်တဲ့ ဆုံစည်းမှုမျိုးရအောင် ဘယ်လို ပုဂ္ဂိုလ်မျိုးတွေနဲ့ ဆုံစည်းရမလဲဆိုတာကို မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးရမယ်ဆိုရင် အသိပညာရှိတဲ့ ပုဂ္ဂိုလ်နဲ့ ဆုံစည်းရမယ်။ ဘုရားတရားတော်တွေကို ကြားနာပြီးတော့ ရရှိလာတဲ့အမှန်အကန်ကို သိတဲ့ပညာနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့ ဆုံစည်းရမယ်။ မြတ်စွာဘုရားရဲ့အဆုံးအမတွေ များစွာ သင်ယူထားတဲ့ပုဂ္ဂိုလ်နဲ့ ဆုံစည်းရမယ်။ နိဗ္ဗာန်တိုင် ခိုင်မာတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ ဆုံစည်းရမယ်။ ကောင်းမြတ်တဲ့အကျင့် တရားတွေနဲ့ ပြည့်စုံပြီးတော့ ကိလေသာတွေ ကွာဝေးတဲ့အသိဥာဏ်ရှိပြီးတော့ သူတော်ကောင်းစိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ ဆုံစည်းရမှာဖြစ်တယ်။ အဲဒီလို ဆုံစည်းမှသာလျှင် တို့တစ်တွေဟာ အကျိုးကြီးမားတဲ့ ဆုံစည်းမှုမျိုးဖြစ်မှာဆိုတာကို သိရှိနားလည်ကြပြီး မြတ်ဗုဒ္ဓရဲ့အဆုံးအမ အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေ ကုန်သတည်း။ ပါချုပ်ဆရာတော်ဘုရား ဒေါက်တာနန္ဒမာလာဘိဝံသ "အကျိုးကြီးမားသည့် ဆုံစည်းမှုများ" တရားတော်မှ


via အလင်းရောင် ဓမ္မ https://ift.tt/2Yce2k4