အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, July 22, 2019
" အပ္ပမာဒတရား " 🌷💫💫💫💫🌷 မမေ့မလျော့ခြင်းဖြင့် ပျော်မွေ့နိုင်ရမယ်။ မမေ့မလျော့နေရတာကိုပဲ ပျော်စရာလို့ စိတ်ထဲက ခံစားပြီးနေနိုင်ရမယ်။ မမေ့မလျော့ခြင်းမှာ ပျော်တယ် ဆိုတာသည် မမေ့မလျော့ခြင်းရဲ့ အရသာကို ကောင်းကောင်းခံစားရမှ မမေ့မလျော့ နေရတာကို ပျော်တဲ့သဘောဖြစ်မှာပါ။ မမေ့မလျော့ခြင်းဆိုတာ အပ္ပမာဒတရားပဲ။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံခါနီးထိ အပ္ပမာဒတရားနဲ့ပြည့်စုံဖို့ တိုက်တွန်းခဲ့တယ်။ ပန်းတကာ့ပန်းထဲမှာ မြတ်လေးပန်းသည် အမြတ်ဆုံး။ တရားတကာ့တရားထဲမှာ အပ္ပမာဒသည် အမြတ်ဆုံး။ ကုန်းသတ္တဝါတွေရဲ့ ခြေရာတွေထဲမှာ ဆင်ခြေရာသည် အကြီးဆုံး။ ကုန်းသတ္တဝါတွေရဲ့ ခြေရာမှန်သမျှကို ဆင်ခြေရာထဲထည့်ရင် အားလုံးဝင်သွားတာချည်းပဲ။ အဲလိုပဲ တရားတွေမှာ အပ္ပမာဒသည် အမြတ်ဆုံးပဲ။ အပ္ပမာဒရဲ့အဓိပ္ပါယ်က ကျယ်ဝန်းတယ်။ အဲထဲက (၂)ချက်က---- (၁) ကုသိုလ်ကောင်းမှုကို မမေ့တာ (၂) သဘာဝတရားကို မမေ့တာ။ (၁)ကုသိုလ်ကောင်းမှုကို မမေ့ခြင်း 💫💫💫💫💫💫💫💫💫💫💫 ကုသိုလ်ကောင်းမှုဟာ ငါ့ရဲ့ ကျေးဇူးရှင်ဖြစ်တယ်။ ချမ်းသာခြင်းမှန်သမျှကို ကုသိုလ်ကောင်းမှုကပဲ ဖန်တီးပေးတယ်။ ဒါကြောင့် ... ချမ်းသာချင်တဲ့သူဟာ ကုသိုလ်ကို မမေ့ရဘူး။ ကုသိုလ်ကို ကိုယ်ကမေ့ရင် ကုသိုလ်က ကိုယ့်ကိုမေ့လို့ ဘေးတွေ့တတ်တယ်။ ကုသိုလ်ကောင်းမှုကြောင့် " လူ " ဖြစ်လာရတာပါ။ ကုသိုလ်ကောင်းမှုဟာ ကိုယ့်ရဲ့ ကျေးဇူးရှင်ပဲ။ ကိုယ့်ကျေးဇူးရှင်ကို မေ့ထားလို့ ဖြစ်ပါ့မလား။ ချမ်းသာခြင်းရဲ့ အကြောင်းကိုမေ့ထားရင် ချမ်းသာသုခရဖို့ မဖြစ်နိုင်ဘူး။ ကုသိုလ်ကောင်းမှုဖြစ်တဲ့ ဒါန သီလ သမာဓိ ပညာ ကို မမေ့ရင် ချမ်းသာသုခရမယ်။ (၂) သဘာဝတရားကို မမေ့ခြင်း 💫💫💫💫💫💫💫💫💫💫 မိမိခန္ဓာရဲ့ သဘာဝကို မမေ့နဲ့။ ခန္ဓာရဲ့သဘာဝက ဘာလဲဆိုရင်--- ဘယ်သူမှ မတားဆီးနိုင် ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေတာက တဖြည်းဖြည်း အိုလာတယ် ဟောင်းလာတယ် ဆွေးမြေ့လာတယ်။ နှစ်ရှည်လများသုံးထားတဲ့စက်တစ်လုံးလိုပဲ ဟိုနားကချောင် ဒီနားကချွတ်ယွင်း ဟိုနားကပြုတ်ထွက်နဲ့ အင်္ဂါတွေ မစုံဖြစ်လာတော့ ငယ်ငယ်တုံးကလို နေလို့ထိုင်လို့ မကောင်းတော့ဘူး။ နာကျင်ကိုက်ခဲလာတယ်။ စက်တစ်လုံး ခိုင်းပါများတော့ ပျက်စီးလာပြီး ဝပ်ရှော့ ပို့သော်လည်း နောက်ဆုံးသုံးမရတော့ သံရည်ကျိုစက်ရုံကို ရောက်တယ်။ ပိဿာချိန်နဲ့ ရောင်းလိုက်ရတယ်။ အဲဥပမာလိုပဲ--- ခန္ဓာဟာ သုံးပါများတော့ ဟောင်းနွမ်းလာပြီး နောက်ဆုံး လက်ညှိုးလေးတောင် မလှုပ်နိုင်ဘူး။ မျက်တောင်မခတ်နိုင်တော့ဘူး။ နောက်ဆုံး ... သုံးမရတဲ့ ပျက်စီးခြင်းအဖြစ်ရောက်တာ သဘာဝပဲ။ ဒါကို ဘယ်သူမှ မတားနိုင်ဘူး။ ဒီလမ်းကြောင်းကို ပုံမှန်သွားနေတာ။ တစ်မိနစ်တောင်အနားမရှိဘူး။ အိပ်ပျော်နေလည်း နားခွင့်မရှိဘူး။ အိုရမယ် နာရမယ် သေရမယ် အဲဒါတွေဟာ သဘာဝတရားပဲ။ အဲဒီ့သဘာဝကို မမေ့ရင် အပ္ပမာဒပဲ။ ငါ အိုရဦးမယ် အိုခြင်းတရားကို မလွန်မြောက်နိုင်ဘူး။ ငါ နာရဦးမယ် နာခြင်းတရားကို မလွန်မြောက်နိုင်ဘူး။ ငါ သေရဦးမယ် သေခြင်းတရားကို မလွန်မြောက်နိုင်ဘူး။ အဲဒီ့ သဘာဝတွေကို မမေ့ရင် ကုသိုလ်ကောင်းမှုကိုပါ မမေ့ဘူး။ ကုသိုလ်ကို မေ့နေတယ်ဆိုတာ အဲဒီ့အချက်တွေကိုမေ့နေလို့ပါ။ မအိုခင် မနာခင် မသေခင်မှာ ကုသိုလ်သည်သာ အားကိုးရာဖြစ်ကြောင်း ကုသိုလ်ကို မမေ့အောင် နှိုးဆော်တာသည် အိုခြင်း နာခြင်း သေခြင်းဆိုတဲ့ တရားတွေပါပဲ။ သစ္စာရွှေစည်ဆရာတော်ဘုရားကြီး 💥💥💥 မေတ္တာဖြင့် #LaWarSo
via အလင်းရောင် ဓမ္မ https://ift.tt/2JUC1zf
Newer Post
Older Post
Home