အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, September 1, 2019
တရားထူး တရားမြတ်ဆိုတာ မလုပ်ရင်မရဘူး 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဒီကနေ့ခေတ်လူတွေဟာ အသိဥာဏ်ရှိရက်သားနဲ့ ဘာဖြစ်လို့ သောတာပန်,သကဒါဂါမ်,အနာဂါမ်, ရဟန္တာ မဖြစ်ကြသလဲ?ဆို မလုပ်ကြလို့ မဖြစ်တာ။ အမှန်ကတော့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရမနေ မရအရ ကျင့်ကြံကြိုးကုတ် အားထုတ်မယ်လို့ မဟာသီဝမထေရ်ကြီးတို့လို အားလုံးကို စွန့်လွှတ်ပြီးတော့ အနှစ်(၃၀) တရားအားထုတ်မယ်ဆိုရင် ဒီထဲက သောတာပန်, သကဒါဂါမ်, အနာဂါမ်ဖြစ်မယ့် ပုဂ္ဂိုလ်တွေ အများကြီးပဲပေါ့။ ဘုန်းကြီးတို့တတွေ ဘာလို့မဖြစ်တုန်းဆိုလို့ရှိရင် မလုပ်လို့မဖြစ်တာ။ အဲဒါကြောင့်မို့လို့ သူ့ဘာသာသူတော့ ဖြစ်မလာဘူး။ မလုပ်လို့ရှိရင် မဖြစ်ရုံမဟုတ်ဘူး၊ အခြေအနေကောင်းလေးတွေပါ ပျက်စီးယိုယွင်း သွားတတ်သေးတယ်တဲ့။ သတိထားဖို့ပဲ။ လူတိုင်း လူတိုင်းဟာ ပါရမီနဲ့ အသိဥာဏ်လေးတွေဟာ အခြေခံအားဖြင့် ရှိနေကြတယ်။ အဲ့ဒီရှိတဲ့အခြေခံလေးကို အသုံးမချပဲနဲ့ စိတ်ဆန္ဒမပါလို့ တခြားဘက်မှာ အသုံးချနေမယ် ဆိုလို့ရှိရင် ဒီပါရမီတွေဟာ ကုန်ဆုံးသွားမှာပဲ။ ဒီအသိဥာဏ်လေးတွေဟာ တခြားနေရာ ရောက်သွားပြီးတော့ တရားထူး တရားမြတ်အတွက် အကျိုးဖြစ်လာမှာ မဟုတ်ဘူး။ ကြည့်လေ- ဗာရာဏသီ သူဋ္ဌေးသားပဲကြည့်- ကုဋေ(၈၀)ကြွယ်ဝတဲ့ ဗာရာဏသီသူဋ္ဌေးသားဟာ တကယ့် Great intelligence အသိဥာဏ်ထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ အသိဥာဏ်ထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လျက်သားနဲ့ နောက်ဆုံးမှာ သူ့ဘဝရဲ့ နိဂုံးချုပ် အဆုံးသတ်သွားတာ မကောင်းဘူး။ ဘာဖြစ်လို့ မကောင်းသလဲဆိုလို့ရှိရင် သူ့မိဘတွေရဲ့ အတွက် လွဲသွားတာပါတယ်။ အေး- ကုဋေ ၈၀ ဆိုတော့ ငါတို့သားလေး တစ်သက်စားလို့ မကုန်ဘူး။ ဘာလို့ ပင်ပန်းဆင်ရဲတာတွေ ခံမလဲ။ သူ့ဘာသူထိုင်စားပါစေ၊ သူပျော်သလိုသာနေပါစေလို့ သားကလေး ဆင်းရဲမှာ ကြောက်လို့ အဆို , အက လောက်ပဲ သင်ပေးတယ်၊ အတီးအမှုတ်လောက်ပဲ သင်ပေးတယ်။ ဘာပညာမှ သင်မပေးဘူး။ စီးပွားရှာနည်းကောနော်။ လုပ်ငန်းကိုင်တာနဲ့ ပက်သက်ပြီး ဘာမှသင်မပေးဘူး။ ဘာမှ မသိဘူး။ သင်မပေးလို့ သူသိတာ ဘာတုန်းဆိုရင် စောင်းတီးတတ်တယ်၊ သီချင်းဆိုတတ်တယ်၊ ဒါပဲ။ သူနဲ့အိမ်ထောင်ပြုတဲ့ ကလေးမလေးကလည်း စောင်းတီးတတ်တယ်၊ သီချင်းဆိုတတ်တယ်၊ ဒါပဲ။ ဘယ်သူမှ စီးပွားရေးပညာ နားမလည်ကြဘူး။ နောက်ဆုံးကျတော့ အရက်သမားတွေရဲ့ သွေးဆောင်မှုကြောင့် အရက်ကလေး သောက်မိ သွားတဲ့အခါ ရှိသမျှပစ္စည်းတွေ သုံးလိုက်ဖြုန်းလိုက်တာ ဇနီးမောင်နှံ(၂)ယောက်ဟာ နောက်ဆုံး လမ်းဘေးမှာ ခွက်လက်ဆွဲပြီးတော့ ထမင်းကျန်၊ ဟင်းကျန်လေးတွေ တောင်းစားရတဲ့အဆင့် ရောက်သွားတယ်။ အဲဒါမလုပ်လို့ မဖြစ်တာ ဖြစ်တယ်။ မလုပ်ရင်လည်း မဖြစ်ဘူးဆိုတာ သေချာတယ်။ အဲဒီဘဝရောက်နေတဲ့အခါ မြတ်စွာဘုရားက ပြောတယ် အရှင်အာနန္ဒာကို- အာနန္ဒာ တွေ့လား၊ ဟိုမှာ အဖိုးကြီးနဲ့အဖွားကြီး၊ အဲဒါ သာမန်မဟုတ်ဘူး ဒီမြို့မှာ ဒိတ်ဒိတ်ကျဲ သူဋ္ဌေးနဲ့သူဋ္ဌေးကတော်ပဲ၊ သူဟာ ပထမအရွယ်မှာ စီးပွားဥစ္စာ ရှာဖွေကြိုးစား လိုက်မယ်ဆိုရင် ပထမတန်းသူဋ္ဌေးကြီးဖြစ်မယ်။ (ပထမအရွယ်ဆိုတော့ ၃၃-နှစ်၊ ဒုတိယအရွယ် ဆိုတာ ၃၄-နှစ်ကနေပြီးတော့ အသက် ၆၆-နှစ်၊ ဒီလိုအရွယ်ကို ပိုင်းတာနော်) အဲဒီ ဒုတိယအရွယ်မှာ ကြိုးစားလိုက်မယ်ဆိုရင် ပထမတန်းသူဋ္ဌေး မဖြစ်တော့ဘူး။ ဒုတိယတန်းသူဋ္ဌေးပဲ ဖြစ်တော့မယ်- အရွယ်ကျသွားသလို လူ့ရဲ့အသိဥာဏ်တွေကလည်း ဆုတ်ယုတ်သွားတယ်။ တချို့က အသက်ကြီးလာမှ ထက်လာတယ်လို့ အောက်မေ့တာ၊ မဟုတ်ဘူး။ အသက်ကြီးလာရင် ဆုတ်ယုတ်တာနော်။ တတိယအရွယ် ကြိုးစားမယ်ဆိုရင် တတိယတန်းသူဋ္ဌေးဖြစ်မယ်။ ဒါ စီးပွားရေးဘက်က မြတ်စွာဘုရားပြောတာ။ အကယ်၍ သူပထမအရွယ်မှာ တောထွက်ပြီးတော့ တရားဓမ္မ ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်မယ်ဆိုရင် ရဟန္တာဖြစ်နိုင်တယ်။ ဒီဖြစ်နိုင်ချေ ရှိတာလေးတွေဟာ မလုပ်သည့် အတွက်ကြောင့် သူ ရဟန္တာမဖြစ်ဘူးဆိုတာကို ပြောတာနော်။ ဒုတိယအရွယ်မှာဆိုလို့ရှိရင် အနာဂါမ်တို့ သကဒါဂါမ်တို့ ဖြစ်နိုင်တယ်။ တတိယအရွယ်မှာ ဆိုလို့ရှိရင် သောတာပန်ဖြစ်နိုင်တယ်။ အခုတော့အရွယ်သုံးပါး လွန်ပြီးတော့ အိုမင်းမစွမ်း ဖြစ်သွားပြီ - တဲ့။ မျှော်လင့်ချက် ကုန်သွားပြီ။ Hopeless ပေါ့။ လူတွေက အမြဲတမ်း ဟုတ်ဘူး၊ ဟုတ်ဘူးနဲ့နော်။ မဟုတ်ဘူးဆို ဘယ်တော့မှ ဟုတ်လာမှာ မဟုတ်ဘူးနော်။ တကယ်ကတော့ အဲဒါ Hopeless ဖြစ်သွားတာ။ Hopeless မဖြစ်ဘူးလို့ မအောက်မေ့လေနဲ့။ တရားထူး တရားမြတ်ဆိုတာ မလုပ်ရင်မရဘူး၊ ဟို မကျင့်ဘူးဆိုလို့ရှိရင် ဘယ်သူမှ မရနိုင်ဘူးနော်။ ပါချူပ်ဆရာတော် အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/32kOL9S
Newer Post
Older Post
Home