အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, September 5, 2019
☸"#ရတနာထိုက်သောစကား(၄)ခွန်း"☸ ➖➖➖➖➖➖➖➖➖➖ ❖ (၁)မြင့်သူတွေရဲ့ ကြားထဲမှာ နိမ့်စွာနေရမည်။ ❖ (၂)နိမ့်သူတွေရဲ့ ကြားထဲမှာမြင့်စွာနေရမည်။ ❖ (၃)မနေသူတွေရဲ့ ကြားထဲမှာနေထိုင် ရမည်။ ❖ (၄)ပျော်မွေ့ နေသောကြားထဲမှ မပျော်အောင်နေရမည်။ ❖ မာန တွေနဲ့ မြင့်မာနေတဲ့ ဒီလောကကြီးထဲမှာ မာန်မာနကို နိမ့်ချပြီတော့ နူးနူးညံ့ညံ့သိမ်သိမ်မွေ့ မွေ့ နေထိုင် ရမယ်လို့ ဆိုလိုတာ။ ဒီလောကကြီးဟာ"ကျူရိုးအလား"အချည်အနှီးသောမာန်မာန တွေနဲ့  တက်ကြွနေတဲ့လောကကြီးမှာ မြင့်တာဆိုတဲ့ မာန တွေရှိတယ်လို့ ထင်တယ်။ မာနဆိုတာ မြန်မာလိုပြောရရင်" အထင် "ကိုမာနလို့ ခေါ်တယ်။ ❖ ထင်နေတာတွေပဲ မြင်နေတာတွေ တကယ်မြင်တာမဟုတ်ဘူးနော်၊ ထင်တာဆိုတာ ကိုယ် ထင်ချင်သလိုထင်တာ၊ ကိုယ့်ရှိတာလေးကို အားကိုးစရာထင်တော့ မာနကဖြစ်လာတယ်။ ကိုယ်တတ်တာလေးကတော့ အားကိုးစရာဖြစ်လာရင် မာနကဖြစ်လာတယ်။ ရုပ်ရည်ကကြည့်ကောင်းတယ် အားကိုးစရာထင်တော့ မာနဖြစ်လာတယ်။ မာနဖြစ်စရာတွေအများကြီးပဲ၊ အစစ အရာရာ သူများထက်သာပြီဆိုရင် လည်းငါတယ်ဟုတ်ပါလား ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုအထင်က သိပ်ကြီးသွားတယ်။ ❖ အံ့သြစရာကောင်းတာက သူများတွေ နိမ့်ကြနေတဲ့ကြားထဲကနေ မာနကကြီးနိုင်သေးတယ်။ ကိုယ်ရှိမှကိုယ်စားရတာ ဘယ်သူကိုဂရုစိုက်ရမှာတဲ့ဆိုပြီး မာနကြီးနေတတ်သေးတယ်။ အဲဒီမာန်ကို"ဟီနမာန်"လို့ ခေါ်တယ်။ မာနဆိုတာဘယ်အခြေအနေမျိုးမှာမဆိုဖြစ်နိုင် တာကြီးပဲ။အဆင့်မြင့်တော့လည်းမြင့်လို့  ၊ တန်းတူဆိုလည်းတန်းတူမို့ ၊ နိမ့်ကျသော်လည်းနိမ့်ကျလို့  မာန တွေကကြီးနေကြတာကြီးပဲ။ အဲဒီလောကကြီးမှာ မှားယွင်းတဲ့အထင် အမြင်မာန တွေနဲ့ ဖြစ်နေကြတာ။ ဦးဇင်းတို့ စာက "ကျူရိုးအလား"အချည်းအနှီးတက်ကြွသောမာန် လို့ ဆိုတယ်။ ❖ ကျူရိုးအထဲမှာ ဘာအနှစ်သာရရှိသလဲ……? ဘာမှမရှိဘူး။ အထဲမှာအခေါင်နဲ့ မှို လေလိုလို၊ဘာလိုလို ခိုင်မာစရာ၊အားကိုးစရာဘာမှမရှိဘူး။ ဒါပေမယ့်အဲဒီအနှစ်မရှိတဲ့ကျူရိုး လေးက ထောင်နေတယ်။ ဆန်အဆံမပါတဲ့စပါးအဖျင်းဟာဘယ်လိုနေလဲ……? ထောင်နေပါတယ်။ အထဲမှာတကယ်စားသုံးစရာအရေးပါတဲ့အရာရှိတဲ့ စပါးနှံကဘယ်လိုနေသလဲ……? ငိုက်ကြ နေပါ တယ်။ အဲဒီလိုဘဲအသိဉာဏ်တွေကြီးလေ အနှစ်သာရ တွေရှိလေ နှိမ့်ချလေပဲ။ ❖ အချည်းအနှီးသောမာန်မာန တွေသာမြင့်နေတာ။ လောကကြီးထဲမှာအဲဒီ အထင်မာန တွေကို လျော့ချပြီးတော့၊နေနိုင်ရမယ်။ "မာနကိုလျော့ တယ်ဆိုတာသူတော်ကောင်းတို့ ရဲ့ လမ်းစဉ်ပါ"၊ "မာနကြီးရင် တရားထူးတောင် ရနိုင် ဖို့ မလွယ်ပါဘူး"။ မြတ်စွာဘုရားလက်ထက်တော်အခါတုန်းက ပညာဥာဏ်အလွန်ကြီးတဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီဟာသူကိုယ်သူ "ခြေသုတ်ခုံမှာထားတဲ့ ညစ်နွမ်းနေတဲံ့အဝတ်လို့ ပဲလို့ " သဘောထားတယ်တဲ့။ နောက်တစ်မျိုးက "ဦးချိုကြိုးနေတဲ့နွားလိုသ ဘောထားတယ်" "သူများပေးမှကမ်းမှစားရတဲ့ဒွန်းစဏ္ဍားလို" သ ဘောထားတယ်။ ❖ မာနကိုနှိမ့်ချပုံများနော် ဒကာ၊ဒကာမများ။ ဒါကြောင့်မာန တွေကြီးနေမယ်ဆိုရင် သူတော်ကောင်းတို့ ရဲ့ လမ်းစဉ်မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုနှိမ့်ချပြီးတော့ မာနတွေကိုမလျော့သင့်ဘူး လား။ မာနဆိုတာဝန်ထုပ်ဝန်ပိုးနဲ့ တူတယ်လို့ ဦးဇင်းတို့ ထင်တယ်။ သူများ အထင်သေးမှာကို ကြောက်နေရင်လည်း မာနဘဲ။ ❖ မာနရဲ့ အဓိပ္ပါယ်ကနှိုင်ယှဉ်ခြင်း၊ အဲဒီလို နှိုင်းယှဉ်ခြင်းမာန တွေဖြစ်လာလို့ ရှိရင် ဘယ်လိုနည်းနဲ့ လျော့မလဲ?၊ဒါလေးကိုဦးဇင်းစဉ်းစားမိတာ ပရိသတ်ကို မျှဝေချင်ပါတယ်။ မာနကိုလျော့ချဖို့ အတွက်အမှန်တိုင်းမြင် ဖို့ အရေးကြီးတယ်။ ကိုယ့်မှာရှိနေတာလား……?၊ တတ်လို့ မာနကြီးတာလား……? အဲဒါတွေကြောင့် မာနကြီးတယ်ဆိုရင် ငါမှာအယူမှားတွေ၊ ငါရဲ့မပြေလည်မှုတွေ၊သောကပရိဒေဝ တွေတကယ်ငြိမ်းသွားအောင် လုပ်ဖို့ အစွမ်းရှိလား?၊ ကိုယ် ရှိတဲ့ကိုယ်တတ်တဲ့အရည်အ သွေးကိုမှန်မှန်ကန်ကန် အကဲခတ်တတ်ဖို့  လိုမယ်ထင်တယ်။ ❖ ဆိုကြပါစို့ -ပစ္စည်းရှိလို့ မာနကြီးတယ်၊ အဲဒီပစ္စည်းတွေက ကိုယ်ရဲ့အဆင်မပြေမှု တွေအားလုံးကိုဖြေရှင်းပေနိုင်လား?။ ငွေနှင့်ဖြေ ရှင်းပေးလို့ မရတဲ့အရာဟာလောကကြီးမှာအများကြီးနော်၊ ဒကာ၊ဒကာများ။ တစ်ချို့ က ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုပြီး ငွေကို ပိုတွက်တာ၊ ငွေကိုလိုပြီးတော့လည်းမတွက်မိစေနှင့်။ ငွေရေးကြေးရေးသိပ်မပြောပါနဲ့ လို့ မဆိုပါနဲ၊့ ငွေကလည်းသူ့ နေရာနဲ့ သူလိုတာပါပဲ။ ❖ ရှိလို့ မာနကြီးတယ်ဆိုရင် အဲဒီရှိတာတွေဟာကိုပြဿနာ၊ အခက်အခဲတွေအားလုံးကိုဖြေရှင်းပေးနိုင် တဲ့အစွမ်း ရှိသလား?။မရှိဘူးနော်။ ဒကာ၊ဒကာမတို့ ဦးဇင်းတို့ ရဲ့ ခန္ဓာမှာအမြဲတမ်းဖေါက်ပြန်နေတယ်၊ တဖြည်းဖြည်းနဲ့ နာရဦး မယ်၊နောက်ဆုံးသေဆုံးသွားရဦးမယ်။ မခွဲချင်ပဲနဲ့ ခွဲရဦးမယ်၊ လောကဓံတွေသေချာပေါက် တွေ့ ရဦးမယ်မဟုတ်လား။ ❖ အဲဒီပြဿနာအရှုပ်အထွေတွေကိုဖြေရှင်းနိုင်သလား?။ နောင် ဘဝသံသရာဆိုတာပြီးတော့တွေ့ ရဦးမယ်။ ဒီဗိုက်ထဲမှာကိလေသာတွေအပြည့်ရှိနေတာနော်။ ကိလေသာအပြည့်ရှိနေတော့နဂိုက အမှားတွေ ယခုဘဝမှာလည်းအမှားတွေ၊ အဲဒီအမှားတွေကိုပြေလည်အောင် ဆပ်ရဦးမယ်။ ဒါကြောင့် ငါရှိလိုမာနကြီးတာတွေ၊ ငါရှိလို့ ငါ့ ပြဿနာတွေကိုအကုန်ဖြေရှင်းနိုင်လား။ တစ်နည်းအားဖြင့် မာနကြီးလောက်သလားမေးသင့်တယ်။ ခန္ဓာရဲ့ုပြဿနာ၊စိတ်တွေရဲ့ုပြဿနာတွေဟာအင် မတန် ရှုပ်ထွေးပါတယ်။ ❖ ဆိုကြပါစို့ -သူတော်ကောင်းတို့ တကယ်မြတ်နိုးလှတဲ့ကိုယ်ဟာ အမြဲတမ်းဖြစ်ပြီးတော့ပျက်နေတယ် ပြောင်းလဲနေတယ်၊ အနိစ္စ။ ဒီခန္ဓာကိုယ်သည်ကိုယ်မပိုင်ဘူး ၊ အစိုးရတာမဟုတ်ဘူးအနတ္တ။ သိတော်မူမြင်တော်မူတဲ့ပုဂ္ဂိုလ်တွေကအဲဒီလိုပဲပြောသွားပါတယ်။ ❖ ဆိုလိုတာက-ဒီပြင် ဉာဏ် ရှိသလိုဒီလိုဉာဏ်မျိုးရှိရဲလားလို့ ၊ ရှိတဲ့လူရှိမယ်၊မရှိတဲ့လူမရှိဘူး။ ဘဝသံသရာကို အဆုံးသတ်ပေးမယ့် မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ တကယ်ရှိပြီလား။ ကိုယ့်ဘဝကို တကယ်ဆောင်ကျဉ်းပေးနိုင်မည့် မြင့်မြတ်စင်ကြယ်တဲ့အသိဉာဏ်တွေမရှိသေးဘူး။ ကိုယ်မှာတကယ် ရှိနေတဲ့ အရာတွေဟာ ဘာမှမာနမကြီးလောက်ပါဘူး။ ❖ မာနကြီးတဲ့သူကို အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ကိုတွေ့ သလိုမျိုးခံစားရတယ်တဲ့။ ဦးဇင်းတို့ စာပေမှာပြောတာ။ အဆိပ်ပြင်းတဲ့မြွေကိုတွေ့ ရင် ဘာလုပ်ကြမှာတုန်း၊ရိုက်မှာပါဘုရား။ အေး..အဲဒီလိုပဲမာနကြီးတဲ့သူကို တွေ့ ရင် ဘေးကသူတွေကရိုက်ချင်နေတာတဲ့။ မာန်မာန တွေလျော့ချပြီးတော့ပညာရှိပီပီနေရမယ်။ ❖ ရွှေကျင်ဆရာတော်ဘုရားကြီးက မာနကြီးတာကိုဘယ်လိုအပြစ်တင် သလဲဆိုတော့-ပညာတတ်လို့ ၊ပစ္စည်းတွေရှိလို့ ၊အရာရာမာနကြီးသင့်တဲ့ အနေအထားမှာ ရှိနေလို့  မာန တွေကြီးမိတယ်ဆိုလိုရှိရင် အင်မတန်ချောတဲ့အမျိုးသမီးတစ်ယောက် ရုပ်ချောခြင်းကြောင့်ကိုပဲပြည့်တန်ဆာမဖြစ်သွားတယ်ဆိုရင် ဒီလိုရုပ်ချော ခြင်းဟာ မချောတာပဲကောင်းသေးတယ်။ ပညာတတ်လို့ မာနကြီးတယ်၊ဒီပြင်လူတွေကိုမထိမဲ့လုပ်မိတယ်။ အဲဒီလိုပညာမျိုးမတတ်တာက ကောင်းသေးတယ်လို့ ပြောတာ။ မြင့်သူတွေရဲ့ ကြားထဲမှာ နိမ့်စွာနေရမယ်ဆိုတဲ့ ပညာရှိသူတွေရဲ့ လမ်းစဉ်ပါဘဲ၊ မာန်မာနတွေကို နှိမ့်ချပြီးနူးနူးညံ့ညံ့သိမ်သိမ်မွေ့ မွေ့ နေတတ်ဖို့ အရေးကြီးပါတယ်။ ❀ ❀ ❀ သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ ဟောကြားတော်မူသော "ရတနာထိုက်သော စကား ၄ ခွန်း" တရားတော်မှ ကောက်နုတ်ချက်ဖြစ်ပါသည်။ credit - Ko Htin Aung ❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇ ❇★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊_/\\_ ★❇ ❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇ ❖ ဘ၀တုသဗ္ဗမင်္ဂလံ ။ ဓမ္မဒါန ကုသိုလ်အဖြစ် မျှဝေ ပူဇော်ပါသည်။ Win Soe 🙏🌺မင်္ဂလာပါ တရားချစ်ခင်သူတော်စင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ့..🍂🍂🌺🙏
via အလင်းရောင် ဓမ္မ https://ift.tt/2zQce6z
Newer Post
Older Post
Home