အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, September 2, 2019
ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်း ••••••••••••••••••••••••••• လူအထင်ကြီး ခံရရုံလောက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်မှုတွေနဲ့ သိပ်ပြီး ဟိတ်ဟန်တွေ ထုတ်မနေနဲ့။ ကိုယ် ဘာလဲ၊ ဘယ်လဲဆိုတာ သူများ မသိပေမယ့် ကိုယ်သိနေတာပဲ မဟုတ်လား။ ဟုတ်တယ်။ ကိုယ်အပါအဝင် လူအတော်များများက လူရှေ့သူရှေ့ဆိုရင် ကောင်းတာလေးတွေကို ဟန်ဆောင်ပန်ဆောင် လုပ်တတ်ကြ သလောက် လူကွယ်ရာဆိုရင် မဟုတ်တာ လုပ်တတ်ကြတာပဲ များတယ်။ ဘယ်သူမှ မရှိရင် ကောင်းတာလုပ်ဖို့ထက် မကောင်းတာ လုပ်ဖို့ပဲ ကြံစည်တွေးတော လုပ်ဆောင်လေ့ ရှိတတ်ကြတယ်။ ဘယ်သူမှ မရှိ၊ ဘယ်သူမှ မသိပေမယ့် ကိုယ့်အတွက်တော့ ကိုယ်ရှိနေတယ်။ ကိုယ့်အလုပ်တော့ ကိုယ်သိနေတယ်။ ကိုယ် ဘာလုပ်တယ်ဆိုတာ သူများ မသိပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိနေတာပဲလေ။ ကိုယ်ဟန်ဆောင်တာလည်း ကိုယ်သိတယ်။ ကိုယ်ကြံဆောင်တာလည်း ကိုယ်သိတယ်။ ကိုယ်မာန်ထောင်တာလည်း ကိုယ်သိတယ်။ ကိုယ် လုပ်တာ ကိုယ်မသိဘူးဆိုတာ မသိချင်ယောင် ဆောင်နေတာပဲ ဖြစ်မှာပါ။ စိတ်မူမမှန်လို့ပဲ ဖြစ်မှာပါ။ အဓိကကတော့ ဟန်လုပ်ဖို့ထက် စေတနာမှန်ဖို့ပဲ။ လူတကာသိရေးထက် စေတနာရှိရေးပါပဲ။ တိတ်ဆိတ်ကွယ်ရာ ဘယ်လောက်ပဲရှိရှိ ကိုယ့်စိတ်ကွယ်ရာကတော့ မရှိဘူး။ ဘယ်သူမှ မသိပေမယ့် ကိုယ်သိတယ်။ ဘယ်သူမှ မမြင်ပေမယ့် ကိုယ်မြင်တယ်။ ရိုးသားမှု မရှိတဲ့ ဟန်ဆောင်မှုဟာ ဘယ်လောက်ပဲ ကောင်းကောင်း၊ ဘယ်သူပဲ ချီးကျူးချီးကျူး ကိုယ့်လုပ်ရပ် ကိုယ်သိရင် လိပ်ပြာသန့်စွာ လက်ခံနိုင်ပါ့မလားပေါ့။ ဒါကြောင့် လူရှေ့သူရှေ့ ဟန်ဆောင်ပြီး ကောင်းတာတွေ လုပ်ပြဖို့ထက် လူကွယ်ရာမှာ မကောင်းတာတွေ မလုပ်မိဖို့ ပိုအရေးကြီးတယ်။ သူများအထင်ကြီးအောင် လုပ်ပြဖို့ထက် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနိုင်အောင် ကြိုးစားရမယ်။ အများသိဖို့ထက် အမှားမရှိဖို့ ကြိုးစားရမယ်။ ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ
via အလင်းရောင် ဓမ္မ https://ift.tt/2Lfjcsn
Newer Post
Older Post
Home