အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, September 3, 2019
"ငယ်သည်ဟူ၍ မထီမဲ့မြင်မလုပ်နဲ့" 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ခါစ၊ သာဝတ္ထိမြို့သို့ ရောက်ခါစ ရှိပါသေးသည်။ ထိုအချိန်၌ ပသေနဒီ ကောသလမင်းသည်လည်း ဗုဒ္ဓဘာသာမဖြစ်သေးပေ။ မင်းကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ‘‘အရှင်ဂေါတမသည် ‘အတုမရှိသော သဗ္ဗညုတဘုရားအဖြစ်ကို ရ၏’ဟူ၍ ဝန်ခံသလော’’ဟု မြတ်စွာဘုရားအား လျှောက်၏၊ မင်းကြီး---‘‘ဝန်ခံ၏" ဟုမိန့်တော်မူ၏။ အရှင်ဘုရား အသက်ဘယ်လောက်မှာ ဘုရားအဖြစ်သို့ ရောက်ရှိပါသလဲဘုရား။ အသက် ၃၅-နှစ်၌ သဗ္ဗညုတဘုရားအဖြစ်ကို ရောက်ရှိ ပါတယ် မင်းကြီး။ အသက် ၃၅-နှစ်၌ ဘုရားဖြစ်သည် ဆိုသောကြောင့် ကောသလမင်းကြီးက မယုံပေ။ ထိုအချိန်က--- ပူရာဏကဿ ပ, မက္ခလိဂေါသာလ အစရှိသော တိတ္ထိဆရာကြီး ၆-ဦးသည်လည်း မိမိကိုယ်ကို ဘုရားဟုဆိုကာ လူအများ၏ ကြည်ညိုခြင်းကို ခံယူနေကြချိန်ဖြစ်၏။ ထိုဆရာကြိးတို့သည် အသက်ရွယ်အားဖြင့် ကြီးရင့်သူများဖြစ်ကြ၏။ အရှင်ဂေါတမသည် ငယ်လည်း ငယ်၏၊ ရဟန်းပြုသစ်စလည်း ဖြစ်၏၊ သို့ဖြစ်လျက် အဘယ့်ကြောင့် ထိုသို့ ဝန်ခံပါသနည်းဟုလျှောက်၏။ မင်းကြီး---‘ငယ်၏’ဟူ၍ မထေမဲ့မြင် မပြုထိုက်ကုန်သော၊ ‘ငယ်၏’ဟူ၍ ပြက်ရယ် မပြုထိုက်ကုန်သော အရာတို့ကား လေးပါးရှိကုန်၏။အဘယ်လေးပါးတို့နည်းဟူမူကား- ဘုဇင်္ဂမံ ပါဝကဉ္စ၊ ခတ္တိယဉ္စ ယဿ သိနံ။ ဘိက္ခုဉ္စ သီလသမ္ပန္နံ၊ သမ္မဒေ၀ သမာစရေ။ ဘုဇင်္ဂမံ= အဆိပ်ပြင်းထန်သောမြွေကိုလည်းကောင်း၊ ပါဝကဉ္စ = မီးကိုလည်းကောင်း၊ ယသဿိနံ=အခြံအရံနှင့်ပြည့်စုံသော၊ ခတ္တိယဉ္စ=မင်းကို လည်းကောင်း၊ သီလသမ္ပန္နံ=သီလနှင့်ပြည့်စုံသော၊ ဘိက္ခုဉ္စ= ရဟန်းကို လည်း ကောင်း ၊ သမ္မဒေ၀=ကောင်းစွာသာလျှင်၊ သမာစရေ=ပြုကျင့်ရာ၏။ ၁။ အဆိပ်ထန်သောမြွေကို တွေ့မြင်လျှင် ထိုမြွေကို ငယ်ငယ်လေးဆိုပြီး ဆော့ကစားမယ်ဆိုရင် အသက်အန္တရာယ်ရှိတယ် မင်းကြီး။ ၂။ ပိုးစုန်းကြူးလောက်ရှိတဲ့ မီးပွားလေးကို အလေးမထား ဂရုမစိုက်ပဲ ထားမယ်ဆိုရင် တစ်မြို့လုံး ပြာကျနိုင်ပါတယ် မင်းကြီး။ ၃။ မင်းကမွေးတဲ့ မင်းသားကို ကလေးပဲဆိုပြီး ထိပ်ပုတ်ခေါင်းပုတ် မထေမဲ့မြင် လုပ်မယ်ဆိုရင် ကြီးလာလို့ အာဏာရလာရင် အန္တရာယ်ပေးနိုင်ပါတယ် မင်းကြီး။ ၄။ ကိုရင်ငယ် ရဟန်းငယ်ပဲဆိုပြီး မထေမဲ့မြင်လုပ်မယ်ဆိုရင် အဲ့ဒိရဟန်းရဲ့ သီလစင်ကြယ်ရင် စင်ကြယ်သလောက် ကိုယ်မှာ အန္တရာယ်ကြီးတယ်မင်းကြီး။ ‘ငယ်၏’ဟူ၍ မထေမဲ့မြင် မပြုထိုက်ကုန်သော၊ ‘ငယ်၏’ဟူ၍ ပြက်ရယ် မပြုထိုက်ကုန်သော အရာတို့ကား ဤလေးပါးတို့တည်း။-ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသည်ရှိသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - ‘‘အရှင်ဘုရား---- တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အရှင်ဘုရား---တပည့်တော်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် တပည့်တော်ကို ယနေ့မှ စ၍ အသက် ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ’’ဟုလျှောက်တင်လေ၏။ 🙏🙏🙏အပ္ပမာဒေန သမ္ပာဒေထ🙏🙏🙏
via အလင်းရောင် ဓမ္မ https://ift.tt/2ZGjb4V
Newer Post
Older Post
Home