Saturday, December 21, 2019

❝ ဒါလည်း ဆင်းရဲပါပဲ ❞ ================= ဦးစားပေးခံချင်တဲ့ စိတ် အလေးပေးခံချင်တဲ့ စိတ် အသိအမှတ်ပြု ခံချင်တဲ့စိတ် စတာတွေဟာလည်း.. ဆင်းရဲတစ်မျိုးပါပဲ။ သတ္တဝါတွေရဲ့ စိတ်အစဉ်ဆိုတာ ကိုယ့်ကို တစ်ယောက်ယောက်က အလေးထားတာ၊ ချီးမွမ်းတာ ဦးစားပေးတာ၊ အသိအမှတ်ပြုတာကို လိုချင်ကြ၊ သာယာကြ တောင့်တကြတာ... သဘာဝပါပဲ။ ဒါပေမယ့် .. တစ်ခါတရံ အဲဒီစိတ်ကြောင့်ပဲ ကိုယ့်မှာ... ပင်းပန်းတာတွေ စိတ်ဖိစီးတာတွေ၊ အလိုမကျတာတွေ ခံစားရတာတွေ ရှိနေပြန်တတ်ပါတယ်။ ဦးစားပေးတာ မခံရလို့၊ အသိအမှတ်ပြု မခံရလို့၊ အလေးပေးမခံရလို့ စသဖြင့်... ဖြစ်ပေါ်လေ့ရှိတဲ့ ပင်ပန်းမှု ခံစားချက်ဟာ လူအတော်များများရဲ့ ဝန်းကျင်အသီးသီးမှာ ဖြစ်နေတတ်တဲ့ သဘောရှိပါတယ်။ ပိုဆိုးတာက - ကိုယ့်ကို ဦးစားမပေးဘဲ တစ်ခြားသူကို ဦးစားပေးတဲ့အခါ၊ ကိုယ့်ကို အသိအမှတ်မပြုဘဲ တစ်ခြားသူကို အသိအမှတ်ပြု သွားတဲ့အခါ၊ ကိုယ့်ကို အလေးမပေးဘဲ တစ်ခြားသူကို အလေးပေးသွားတဲ့ အခါမျိုးမှာ အတူနေကြတဲ့ သူအချင်းချင်းတောင်မှ မကျေမနပ် ခံစားချက်တွေ ဖြစ်နေကြတဲ့... သဘောရှိပါတယ်။ သေချာတွေးကြည့်လိုက်တော့ ဒီလို ခံစားရတာတွေဟာ ကိုယ့်ဘက်က .. သိစိတ်ကရော၊ မသိစိတ်ကပါ လိုလားနေတဲ့ မျှော်လင့်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ မျှော်လင့်တာတွေ ရှိနေတော့ မျှော်ရင်းမျှော်ရင်းနဲ့ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါမှာ စိတ်အစဉ် ခံစားချက် ဝေဒနာတွေ တိုးလာကြတော့တာပဲ ဖြစ်ပါတယ်။ မျှော်တာတွေက ချော်သွားတဲ့အခါ မတော်တာတွေတွေးပြီး မလျော်တာတွေပါ လိုက်ခံစားမိတော့ ဝေဒနာတွေက .. တက်လာကြတော့တာပဲပေါ့။ ဒီတော့ကား .... တစ်ယောက်ယောက်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ .. ပတ်သက်လို့ပဲ ဖြစ်ဖြစ် ဆက်ဆံပေါင်းသင်း လုပ်ကိုင်ပေးရတဲ့အခါ ဦးစားပေးခံချင်၊ အသိအမှတ်ပြု ခံချင်၊ အလေးပေးခံချင်တဲ့ မျှော်လင့်ချက်အတွေးကို ဘေးဖယ်ပြီး ... ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု၊ ဘယ်သူ ဦးစားပေးပေး မပေးပေး၊ ဘယ်သူ အလေးပေးပေး မပေးပေး ကိုယ့်ကိုကိုယ် အသိအမှတ်ပြုပြီး ကိုယ်လုပ်ရပ် ကိုယ်ကျေနပ်နေ အပြစ်ကင်းနေအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ် ...။ စစ်မှန်တဲ့ အတွေး၊ စစ်မှန်တဲ့ လုပ်ဆောင်ချက်နဲ့ လုပ်တဲ့ အပြစ်ကင်းတဲ့ အလုပ်တွေဟာ .. သူများ အသိအမှတ်ပြုဖို့၊ သူများအလေးပေးဖို့ မလိုပါဘူး။ ကိုယ့်ကိုကိုယ် အသိအမှတ်ပြု၊ ကိုယ့်ကိုကိုယ် အလေးဂရုပြုဖို့က အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ မနာပဒါယီ_�အရှင်ဝိစိတ္တ🙏🙏🙏


via အလင်းရောင် ဓမ္မ https://ift.tt/2SdGiU9