Friday, December 20, 2019

ဘဝတစ်ခုက မတော်လို့ ဆုံးသွားခဲ့လျှင် သာသနာတော်နဲ့တွေ့ရတာ အကျိုးမရှိ ဖြစ်သွားနိုင်တဲ့ အတွက်ကြောင့် ကျိန်းသေတဲ့ကံကို ကြိုးစားကြစမ်းပါ။ ကျိန်းသေတဲ့ကံ ဆိုတာကတော့... ဂရုကံ အကုသိုလ်အရာမှာလည်း ကျိန်းသေနေတဲ့ကံ ရှိတယ်။ ကုသိုလ်အရာမှာလည်း ကျိန်းသေတဲ့ကံဆိုတာ ရှိပါတယ်။ အကုသိုလ်အရာမှာ ကျိန်းသေတဲ့ကံကတော့ အမိကိုသတ်ခြင်း အဖကို သတ်ခြင်း ရဟန္တာပုဂ္ဂိုလ်အား သတ်ခြင်း ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုလုပ်ခြင်း သံဃာသင်းခွဲခြင်း ဆိုတဲ့ ကံကြီးငါးခု တစ်ခုခု ကျူးလွန်ခဲ့မယ် ဆိုလျှင်တော့ သေသည်၏အခြားမဲ့၌ ငရဲ ပြည်သို့ ရောက်သွားတယ် ကျိန်းသေတဲ့ ကံရဲ့အကျိုးပဲ။ ကုသိုလ်ဂရုကံ မိမိတို့က အားထုတ်လိုက်တော့ စျာန်သမာဓိတွေ ကို ရရှိပြီ။ အာနာပါနစျာန်ပဲဖြစ်ဖြစ် မေတ္တာစျာန်ပဲဖြစ်ဖြစ် ကသိုဏ်းစျာန်တွေ ပဲဖြစ်ဖြစ် ပွားများလိုက်လို့ စျာန်တွေကို ရရှိခဲ့မယ်ဆိုလျှင် ဒီစျာန်တွေကလည်း သေသည့်တိုင်အောင် မလျှောကျခဲ့ဘူး ဆိုလျှင်တော့ အကျိုးပေးမြဲပါတယ်။ အကျိုးပေးမြဲတယ်ဆိုတဲ့ သဘောကတော့ သံသရာခရီး မဆုံးသေးတဲ့ ပုဂ္ဂိုလ် အတွက် ပြောတာပါ၊ ဒီပုဂ္ဂိုလ်က သံသရာခရီး ဆုံးမယ်ဆိုလျှင် ဒီစျာန်တရား တွေက အကျိုးပေးနိုင်တဲ့စွမ်းအား မရှိတော့ပါဘူး။ အကုသိုလ်ဘက်မှာ ကျိန်းသေတာ နောက်တစ်ခု ရှိနေသေးတယ်၊ ကံ-ကံ၏အကျိုးကို လက်မခံတဲ့ နိယတမိစ္ဆာဒိဋ္ဌိအယူဝါဒ ဖြစ်ပါတယ်။ ‘‘ဘဝဆိုတာ ပုခက်နှင့် ခေါင်းကြားမှာပဲ ရှိတယ်။ ခေါင်းဟိုဘက် ဘာမှမရှိပါဘူး’‘ ဆိုပြီးတော့ သူတို့က ဒီလို ပြောကြတယ်။ ဒီအယူဝါဒကို သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့ဘူးဆိုလျှင် ဒီကံက အကျိုးပေး မြဲပါတယ်။ အကျိုးပေးမြဲခြင်းကြောင့် သူ့ကိုလည်း နိယတမိစ္ဆာဒိဋ္ဌိကံဆိုပြီး ဒီလို ခေါ်ပါတယ်။ ဝိပဿနာကံ နောက်ထပ် ခိုင်မြဲတဲ့ ကံတစ်ခုကတော့ ခုလို ရုပ်တွေနာမ်တွေကို ပရမတ် သို့ ဉာဏ်အမြင်ဆိုက်အောင် ထိုးထွင်းသိခဲ့မယ်၊ အကြောင်းတရားတွေ အကျိုး တရားတွေကိုလည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းတတ်ခဲ့ မယ်ဆိုလျှင် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို ရရှိပြီ၊ ထိုဉာဏ်နှစ်ပါးကို ရရှိတဲ့ သူတော်ကောင်းအတွက် သာသနာတော်မှာ သက်သာရာကို ရရှိသွားပြီ၊ ထောက်ရာတည်ရာကို ရရှိသွားပြီ၊ နိယတဂတိက- ကောင်းရာသုဂတိဆိုတဲ့ လားရာဂတိ မြဲပြီ၊ သောတာပန် အငယ်စား စူဠသောတာပန် ဖြစ်ပြီ ဆိုပြီး ဒီလိုဖွင့်ဆိုထားပါတယ်။ ဝိပဿနာကံ ကျိုးကို ပစ်ပယ်နေတဲ့ နိယတ မိစ္ဆာဒိဋ္ဌိ အယူဝါဒတွေသည် သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့ဘူး ဆိုလျှင် တော့ ကျိန်းသေ အပါယ်လေးဘုံ တစ်ဘုံဘုံ ရောက်တယ်။ ဥစ္ဆေဒဒိဋ္ဌိကို သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့တဲ့အတွက် ကံ-ကံ၏အကျိုးကို သေသည့်တိုင်အောင် ပစ်ပယ်မိခဲ့တဲ့ အတွက်ကြောင့် ဒီကံက အကျိုးပေးတော့မှာ ဖြစ်တယ်။ နောက်ဆုံးတော့ ငရဲရောက်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုဝါဒမျိုးတွေကို အကယ်၍များ မိမိတို့ကလက်ခံချင်တဲ့ စိတ်ထားများ ပေါ်ခဲ့မိမယ် ဆိုလျှင်တော့ ဘုန်းကြီး အကြံဉာဏ် ပေးချင်တာက ဒီကြောင်း-ကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရား ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တဲ့အဆင့်ထိ ရောက်အောင်တော့- ခပ်မြန်မြန် ကြိုးစားစေချင်ပါတယ်။ (ဖားအောက်တောရဆရာတော်ဘုရားကြီး) Credit •• thandar swe oo


via အလင်းရောင် ဓမ္မ https://ift.tt/2EEDis8