Tuesday, December 17, 2019

🌿 ကိုယ်ကောင်း ခေါင်းမရွေ့ဆိုတာ 🌿 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဗမာစကားထဲမှာ အဆိုစကားတစ်ခုရှိတယ်၊ “ဗြဟ္မာပြည်မှာ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုံ့ရှုံ့”။ ဗြဟ္မာဘဝက ချက်ချင်းကြီး ဝက်ဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဗြဟ္မာတွေရဲ့ သမထကျင့်စဉ်တွေရဲ့ စွမ်းအားကုသိုလ်က အင်မတန်မှ ကြီးမားလို့ ဗြဟ္မာပြည်ကသေပြီး ချက်ချင်း ဝက် မဖြစ်နိုင်ဘူးပေါ့၊ လူ့ဘုံဖြစ်ဖြစ် နတ်ဘုံဖြစ်ဖြစ် တစ်ဘုံဘုံမှာ ဖြစ်ပြီးတဲ့နောက် တတိယဘဝကျတော့မှ ဝက်ဖြစ်ဖို့ အလားအလာရှိတယ်။ မလွတ်သေးဘူးတဲ့၊ ဘာဖြစ်လို့ မလွတ်သေးတာတုန်း ဆိုရင် အတွင်းသန္တာန်မှာ မရှင်းသေးဘူးတဲ့။ ဘုန်းကြီးတို့တတွေ အတွင်းရှင်းအောင် အရင်လုပ်ရမယ်၊ အတွင်းထဲမှာ ရှုပ်နေတယ်၊ အဲဒါ အဓိကပဲ၊ အတွင်းက အရှုပ်တွေဆိုတာ ဘာတွေတုန်းဆိုရင် ‘လောဘ ဒေါသ မောဟ’ စတဲ့ ကိလေသာပဲ၊ အဲဒီ လောဘ ဒေါသ မောဟစတဲ့ ကိလေသာတွေ ရှိနေသေးသမျှ အမှားအယွင်းလို့ဆိုတဲ့ အကုသိုလ်ကံတွေကို လုပ်မိနေဦးမှာပဲ၊ လုပ်မိနေသမျှ ၃၁-ဘုံမှာ လှည့်လည်ဖြစ်နေဦးမှာပဲ။ ကောင်းတာလုပ်မိတဲ့အလှည့် ကောင်းတဲ့ဘက် ရောက်သွားလိုက်၊ မကောင်းတာလုပ်မိတဲ့အလှည့် မကောင်းတဲ့ဘက် ရောက်သွားလိုက်နဲ့ စုန်ချည်ဆန်ချည် မတည်မကျ ဘဝခရီးမှာ ဒီလိုလျှောက်လှမ်းနေကြရဦးမှာဆိုတာ ဗုဒ္ဓမြတ်စွာရဲ့ ၃၁-ဘုံဝါဒ ကံကိုအခြေပြုတယ်၊ ကံပေါ်မှာ အခြေတည်နေသည့်အတွက်ကြောင့် မိမိသာလျှင် ပဓာနပဲ၊ ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ ဆိုတာနော်။ ဆရာတော်ကြီးတစ်ပါးပြောတာ ခေါင်းမရွေ့ဘူး ဆိုတာ ဘာပြောတာတုန်းလို့ဆို “လူတွေကြည့်လိုက်တဲ့၊ ကိုယ်မကောင်းသည့်အတွက်ကြောင့် ခေါင်းက ရွေ့ရွေ့သွားတယ်၊ ခွေးခေါင်းကြီးဖြစ်လိုက်၊ နွားခေါင်းကြီးဖြစ်လိုက်နဲ့ ခေါင်းတွေက အမျိုးကို စုံနေတာပဲ၊”လူခေါင်းလေးတင် ဖြစ်တာမဟုတ်ဘူး၊ တခြားခေါင်းတွေပါ တပ်တပ်လာတယ်၊ ချိုပါတဲ့အခါ ပါလိုက်၊ ဒါကြောင့် ကိုယ်ကောင်းဖို့ရန် အင်မတန် အရေးကြီးတယ်၊ ကိုယ်ကောင်းဖို့ ဆိုတာ ကိုယ့်ရဲ့နှလုံးသား အဇ္ဈတ္တက အရေးကြီးတယ်၊ ကိုယ့်ရဲ့နှလုံးသားထဲမှာ အကုသိုလ်တရားတွေမဖြစ်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ် ဆိုတာ ကိုယ်စီကိုယ်ငှ သဘောပေါက်ကြပြီး အကုသိုလ်တရားတွေ ဖယ်ရှားနိုင်အောင် ကုသိုလ်တရားတွေ တိုးပွားနိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေသတည်း။ 🙏ပါချုပ်ဆရာတော်ကြီး🙏 Crd - အရှင်ခေမိန္ဒ


via အလင်းရောင် ဓမ္မ https://ift.tt/2rUwXG8