Friday, December 20, 2019

သဒ္ဓါနှင့် စရဏ 🙏🙏🙏🙏🙏 "သဒ္ဓါ"ဆိုတာ ယုံကြည်ချက် "စရဏ"ဆိုတာ အကျင့်ပါပဲ။ သဒ္ဓါနှင့် စရဏဟာ အပြန်အလှန် အထောက်အကူပြုနေကြတယ်။ ဒါကြောင့် " သဒ္ဓါရှိရင် စရဏရှိသလို စရဏရှိရင်လည်း သဒ္ဓါဟာ ပိုအား ကောင်းသွားတယ်" လို့ မှတ်ရမယ်။ လူဆိုသည်မှာ သူယုံကြည်သည့်အတိုင်း တွေးခေါ်ပြီး သူတွေးခေါ်သည့်အတိုင်း ပြုလုပ်လေ့ ရှိတယ်တဲ့။ ဘာသာတရားတို့ အယူဝါဒတို့ဆိုတာ လူ့ရဲ့စိတ်ကို လွှမ်းမိုးနိုင်တယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် ယုံကြည်မှု ဘာသာတရားပေါ်မှာ အခြေခံပြီး အလုပ်လုပ်ကြတယ်။ ဒါကြောင့် ကိုယ့်ရဲ့ယုံကြည်မှု မှန်ကန်ဖို့ အရေးကြီးတယ်။ သဒ္ဓါရှိမှ အတွေးမှန်တယ်။ အတွေးမှန်မှ လုပ်ရပ်မှန်တယ်။ လုပ်ရပ်မှန်မှ ဒုက္ခငြိမ်းမယ်။ မယုံကြည်ခြင်းဟာ ဘဝပြဿနာ ••••••••••••••••••••••••••••••••• ဘုရားလက်ထက်က တောဒေယျ ပုဏ္ဏားကြီးကို ကြည့်လိုက်ပါ။ ပစ္စည်းတော့ ချမ်းသာတယ်။ ဒါပေမဲ့ သဒ္ဓါက အလွန်မွဲတယ်။ ဒီတော့ ဘာပြောလဲ။ " ချမ်းသာခြင်း ဆင်းရဲခြင်းဆိုတာ ကံနှင့်မဆိုင်ဘူး။ ကြိုက်တာ လုပ် ပျော်သလိုနေ ဘာကောင်းမှုမှ လုပ်စရာမလိုဘူး"တဲ့။ ဒီတော့ ပုဏ္ဏားကြီးဟာ ဘာကောင်းမှုမှ မလုပ်တော့ဘူး။ အဲဒါ ဘာကြောင့်လဲ။ သဒ္ဓါ မရှိလို့။ ဒါကြောင့် သေတော့ ခွေးဖြစ်သွားတယ်။ ဒါကြောင့် မယုံကြည်ခြင်းဟာ ဘာသာရေး ပြဿနာမဟုတ်ဘူး။ ဘဝပြဿနာပဲ။ ဘဝမှာ အရေးကြီးဆုံး ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ မုသားမပါ လင်္ကာမချော •••••••••••••••••••••••• တချို့လူတွေ ဗုဒ္ဓဘာသာပဲ။ ဒါပေမဲ့ ဘာသာတရားကို အလေးအနက်မထားဘူး။ အလေးအနက် မထားခြင်းဟာ သဒ္ဓါမရှိလို့ပဲ။ ဒါကြောင့် ပြောကြတယ်။ "မုသားမပါ လင်္ကာမချော၊ နောင်ခါလာ နောင်စျေး"တဲ့။ စဉ်းစားကြည့်ပါ။"မုသားမပါ လင်္ကာမချော"တဲ့။ လောကကြီးဟာ လိမ်မှ အဆင်ပြေတယ်၊ မလိမ်ရင် အဆင်မပြေဘူး။ ဒါကြောင့် လိမ်သင့်ရင် လိမ်ရမှာပဲတဲ့။ ဒီလို ဖြစ်သွားတယ်။ မြတ်စွာဘုရားက "မုသားစကားဆိုရင် ရီစရာတောင် မပြောရဘူး"လို့ မိန့်ခဲ့တယ်။ အဲဒါကို "မုသားမပါ လင်္ကာမချော" ဆိုတော့ ဘုရားစကားကို ပစ်ပယ်လိုက်တာပဲ။ ဒါ"သဒ္ဓါ" မရှိလို့ပါ။ ပြီးတော့ "နောင်ခါလာနောင်စျေး" တဲ့။ ဒါလည်း ဘုရားစကားကို ပစ်ပယ်တာပဲ။ ဒီတော့ နောက်ပြဿနာ နောက်မှရှင်းမယ်။ ကြောက်စရာမလိုဘူး။ လုပ်ချင်ရာလုပ် ဒီလိုဖြစ်သွားတယ်။ တကယ်တော့ နောက်ပြဿနာကို နောက်မှ ရှင်းလို့ မရတော့ဘူး။ အခုထဲက စရှင်းထား ရမယ်။ "အခု ရေတွင်းတူး အခု ရေကြည် သောက်လို့မရဘူး" လေ။ ရေကြည်သောက်ချင်ရင် အခုကထဲက စတူးထားရမယ်လေ။ ဆိုလိုတာက နောက်ပြဿနာကို အခုကထဲက စရှင်းထားရမယ်။ အဲဒါကို "နောင်ခါလာ နောင်စျေး" ဆိုတော့ ဘုရားစကားကို ပစ်ပယ်လိုက်တာပဲ။ ဘုရားစကားကို ပစ်ပယ်တယ် ဆိုမှတော့ သဒ္ဓါမရှိလို့ပဲ။ ဒါကြောင့် သဒ္ဓါ မရှိရင် နောက်ကြောင်း ပြန်လှည့်ရမှာပဲ။ နောက်ကြောင်းပြန်လှည့် ဆိုတာ အပါယ်လေးဘုံကို ပြန်သွားရလိမ့် မယ်လို့ ဆိုလိုတယ်။ ယုံမှကျင့် ကျင့်မှယုံ •••••••••••••••••••• သဒ္ဓါနှင့် စရဏသည် အပြန်အလှန် အထောက်အကူ ပြုနေကြတယ်။ ဆိုလိုတာက " ယုံမှ ကျင့်တယ်။ ကျင့်တော့ ပိုယုံသွားတယ်"ပေါ့။ ဘုရားလက်ထက်က ဝေသာလီမြို့မှာ သီဟစစ်သူကြီး ဆိုတာ ရှိခဲ့ဖူးတယ်။ သူ့ဆရာက တိတ္ထိဆရာကြီး။ ဘုရားမြတ်စွာကို ဆန့်ကျင်ဘက် လုပ်နေတဲ့ တိတ္ထိဆရာကြီး။ စစ်သူကြီးဟာ ဘုရားရဲ့ဂုဏ်သတင်းတွေ ကြားရတော့ "ငါ တရားသွားနာမယ်" ဆိုပြီး ဘုရားထံ ရောက်သွားတယ်။ ဘုရားမြတ်စွာက နှုတ်ဆက်ပြီး အခြေခံတရား ကနေ သစ္စာတရားထိ ဟောလိုက်တယ်။ အဲဒီတရားတွေ နာယူပြီး "ကောင်းလိုက်တဲ့ တရား" ဆိုပြီး သဘောကျသွားတယ်။ အဲဒီနောက် ကျင့်ကြံကြိုးကုတ် အားထုတ်တယ်။ ဒါ စရဏပဲ။ အဲဒီလို အားထုတ်လိုက်သည့်အတွက် သောတာပန် ဖြစ်သွားတယ်။ "ယုံမှ ကျင့်တယ်။ ကျင့်တော့ ပိုယုံသွားတယ်" ဆိုတာ အဲဒါပါပဲ။ ယနေ့ခေတ်မှာလည်း ဝိပဿနာအားထုတ် လိုက်တဲ့အတွက် ဘာသာခြားကနေ ဗုဒ္ဓ ဘာသာ ဖြစ်လာတဲ့သူတွေ အများကြီးပဲ။ အဲဒါ စရဏကြောင့် သဒ္ဓါ ဖြစ်လာတာပါပဲ။ ဒီတော့ စရဏအားကောင်းဖို့ သဒ္ဓါ လိုအပ် သလို သဒ္ဓါအားကောင်းဖို့ အတွက်လည်း စရဏ လိုအပ်တယ်။ ဒါကြောင့် သဒ္ဓါနှင့် စရဏကို ဟန်ချက်ညီညီ အားထုတ်ရမယ်။ ဒါမှ ငြိမ်းချမ်းတဲ့ ဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ် 🙏🙏🙏သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ🙏🙏🙏


via အလင်းရောင် ဓမ္မ https://ift.tt/35Iomov