Friday, December 20, 2019

နဘူးကျင်းဆရာတော်ကြီး၏ စံနမူနာယူစရာ အကျင့်သီလ 🙏🙏🙏🙏🙏🙏🙏🙏 တောရဆောက်တည်ကာ တောထဲ သီတင်းသုံးတော်မူသည့် နဘူးကျင်းဆရာတော်ကြီး၏ စားပွဲတင်နာရီကို သူခိုး ခိုးခံခဲ့ရသည့် ကာလ၌ ယနေ့ခေတ်ကဲ့သို့ အိမ်တိုင်းစေ့ နာရီများ မရှိကြသေးပါ။ ထို့နေ့ညနေတွင် နွားကျောင်းသား လက်ထဲမှ နာရီကို ရွာသွားများ မြင်သောခဏ၌ ဧကန်မုချ နွားကျောင်းသားပိုင် နာရီမဟုတ်မှန်း သိလိုက်ကြလေပြီ။ သို့သော် မရှေးမနှောင်းမှာပင် နဘူးကျင်းဆရာတော်ကြီး၏ စားပွဲတင်နာရီ ပျောက်ဆုံးသွားကြောင်း သတင်းလည်း ရွာထဲရောက်လာပါသည်။ "မဟုတ်မှလွဲရော နွားကျောင်းသား လက်ထဲက နာရီကတော့ ဆရာတော်ကြီး နာရီပဲ ဖြစ်ရမယ်" ဟု ရွာသားများက အတတ် စွပ်စွဲလိုက်ကြတော့သည်။ ဆရာတော်ကြီးနှုတ်မှ ဘာမှ မမိန့်ပါ။ သို့သော် နွားကျောင်းသား ငိုနေပြီ။ လူကြီးမိဘတို့က ကြိမ်းမောင်း ရိုက်ပုတ်၍လော မသိ။ နွားကျောင်းသားကလည်း - "ဆရာတော်ကြီး မရှိခိုက် ဒီနာရီကို ကျောင်းထဲဝင်ပြီး စားပွဲပေါ်က ခိုးလာတာ" ဟု ဖြောင့်ချက်ပေးတော့သည်။ ရွာသူရွာသားများရင်ဝယ် မီးတောက်ကုန်ပြီ။ မလိမ်မိုး မလိမ္မာ ရွာသားလေးက မလုပ်သင့်တာ လုပ်ခဲ့ပြီဖြစ်၍ မဖြစ်သင့်တာ ဖြစ်လာမှာကို ကြောက်ရွံ့နေကြတော့သည်။ ထို့ကြောင့် နံနက်မိုးလင်းလျှင် လင်းခြင်း၊ ရွာမှ တတ်သိလိမ္မာသည့် လူကြီးတစ်ယောက်က နွားကျောင်းသားထံမှ နာရီကိုယူပြီး ဆရာတော်ထံ သွားကပ်ရန် တာဝန်ပေးကြပါသည်။ ရွာသားများ စိုးရိမ်တကြီး စောင့်မျှော်နေကြစဉ် နေထန်းတဖျားခန့်၌ ထိုလူကြီးသည် လက်ထဲနာရီယူပြီး ရွာထဲ ပြန်ဝင်လာပါသည်။ "ဆရာတော်ကြီးက ဒီပစ္စည်းက ဒကာ့ပစ္စည်းလား" လို့ မိန့်တယ်။ ကျွန်တော်လည်း "နွားကျောင်းသားဆီက တွေ့လို့ ဆရာတော်ဆီ ပြန်လာပေးတာပါဘုရား" လို့ လျှောက်လိုက်တော့ "ဒီပစ္စည်း တို့ပစ္စည်း မဟုတ်တော့ဘူး။ နွားကျောင်းသားရဲ့ ပစ္စည်းဖြစ်သွားပြီ။" ဟု မိန့်တော်မူပြီး "လက်မခံဘူးဗျာ။ ကျွန်တော်လည်း ကြောက်လို့ ပြန်ယူလာတယ်။ ဆရာတော်ကြီးက နာရီမရှိတော့ နေကိုပဲ မော့မော့ကြည့်နေတာ တွေ့ခဲ့တယ်။" ဟု ပြောပါသည်။ ကြားရသည့် ရွာသားများပါ စိတ်မချမ်းမသာ ဖြစ်ရတော့သည်။ ထိုစဉ် အတန်အသင့် ဗဟုသုတ ကြွယ်ဝသည့် ရွာသားတစ်ယောက်က- "ဒါဆိုရင်လည်းဗျာ ဆရာတော်ကြီး မိန့်တော်မူသလို နွားကျောင်းသားရဲ့ ပစ္စည်းဆိုတော့ သူ့ကိုပဲ သွားကပ်ခိုင်းရင်ကော ဘယ့်နှယ်လဲ။" ဟု မေးရာ ရွာသားများအားလုံး သဘောတူသဖြင့် နွားကျောင်းသား၏ မိဘများနှင့်အတူ တောကျောင်းကို သွားကြပြီး "ဒါဟာ တပည့်တော်တို့ရဲ့ နာရီပါဘုရား။ တပည့်တော်တို့ကို ချီးမြောက်သောအားဖြင့် ဒီနာရီလေးကို အလှူခံ ပေးသနားတော်မူပါ ဘုရား" လို့ လက်အုပ်ချီလျှောက်မှ ဆရာတော်ကြီးက နာရီ အလှူခံတော်မူပါသည်။ သူခိုးလက်ထဲ ပါသွားသည့် ပစ္စည်းနှင့် စပ်လျဉ်း၍မူ ပါစိတ်အဋ္ဌကထာ ဘိက္ခုနီဝိဘင်း၌ ဘိက္ခုနီတို့၏ ကျောင်းသို့ အမူးသမားများ ရွာသားငယ်များ လာရောက်ကာ သီးပင်၊ သစ်ပင်စသည်ကို ဖျက်ဆီးပြီး ပရိက္ခရာတို့ကို လုယက် ယူဆောင်သည်ရှိသော် ရွာသူကြီးထံ တိုင်ကြားနိုင်သည်။ သို့သော် ဤမည်သောသူက ဤသို့ ဤသို့ ပြုသည်ဟု ပုဂ္ဂိုလ်ရည်ညွှန်းကာ တိုင်ကြားမိပြီး ထိုသူတို့ ဒဏ်ထမ်းရလျှင်မူ ဘိက္ခုနီတို့၌ ဘဏ္ဍာစား ထိုက်ပေမည်။ (ဘဏ္ဍာငွေ အစားပေးရမည် ဟူလို) ဤမည်သော ပုဂ္ဂိုလ်ဟု မပြောဆိုဘဲ ရပ်ရွာလူကြီးတို့အား ဤအနှောင့်အယှက်အတွက် ဘိက္ခုနီကျောင်း၌ အစောင့်အရှောက် ပေးရန်နှင့် သူတို့ ယူဆောင်သွားသည့် ပရိက္ခရာ ပစ္စည်းကို ပြန်ရလျှင် သင့်တော်ပြီဟူ၍မူ ပြောကောင်းသည်။ သက်ဆိုင်ရာမှ ဒဏ်တပ်၍ သူတို့ပိုင်သည့် ဘဏ္ဍာပစ္စည်းအားလုံး သိမ်းစေကာမူ ဘိက္ခုနီတို့၌ အပြစ်မဖြစ်ပေဟု လာရှိပါသည်။ နဘူးကျင်းဆရာတော်ကြီး၏ စံနမူနာယူစရာ အကျင့်သီလ - အရှင်ခေမာနန္ဒ (ရန်ကင်းတောရ - သပြေပင်) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။ #CREDIT, ထန်းတပင်တောရ- နေပြည်တော်..


via အလင်းရောင် ဓမ္မ https://ift.tt/2sK3MWk