Friday, December 20, 2019

ဘဝဆိုတာဒီတစ်ခုတည်းရှိတာမဟုတ်ဘူး (သို့မဟုတ်)ဘဝလွတ်မြောက်ရေး 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဘဝဆိုတာ ချမ်းသာဆင်းရဲ ဒွန်တွဲနေတယ်။ ဒါက အရှိတရား။ အရှိတရားကို သိအောင် ကြိုးစားခြင်းဟာ ဉာဏ်ပညာပဲ။ ဒါပေမဲ့ တချို့က ချမ်းသာသက်သက်ကို ရှာကြတယ်။ အဲဒါ ဉာဏ် မရှိလို့ပါ။ ချမ်းသာသက်သက်ကို ရှာခြင်းဟာ ကျောက်ခဲကို ဆီထွက်အောင် ကြိတ်သလိုပါပဲ။ ဒါကြောင့် ချမ်းသာဆင်ရဲ ဒွန်တွဲနေတဲ့ ဘဝမှာ ချမ်းသာသက်သက် ဆိုတာ ဘယ်နည်းနှင့်မှ မရနိုင်ဘူးလို့ မှတ်ပါ။ ဉာဏ်ရှိသူတွေကတော့ ချမ်းသာသက်သက် မရှာတော့ဘူး။ ဘဝမှ လွတ်မြောက်ဖို့ ကြိုးစားကြတယ်။ ဘဝမှ လွတ်မြောက်ဖို့အတွက် ဘာလိုအပ်လဲ၊ သစ္စာတရားပဲ။ သစ္စာသိရင် ဒုက္ခငြိမ်းပြီပေါ့။ တစ်ရက်နှင့် တစ်ရာ ----------------- ယော စ ဝဿသတံ ဇီဝေ။ အပဿံ ဓမ္မမုတ္တမံ။ ဧကာဟံ ဇီဝိတံ သေယျော။ ပဿတော ဓမ္မမုတ္တမံ။ တရားမသိတဲ့ ပုဂ္ဂိုလ် အသက်တစ်ရာ ရှင်ရခြင်းထက် တရားသိတဲ့ ပုဂ္ဂိုလ် တစ်ရက် အသက်ရှင်ခြင်းက ပိုမြတ်တယ်တဲ့။ တရားမသိတဲ့ ပုဂ္ဂိုလ်မှာ " လောကကြီးမှာ ချမ်းသာဖို့ အရေးကြီးတယ်၊ ဒီတော့ နောင်ခါလာ နောင်ဈေး" ဆိုပြီး ကာယဒုစရိုက်လည်း လွန်ကျူးတယ်။ ဝစီဒုစရိုက်လည်း လွန်ကျူးတယ်။ ဒီတော့ သူရဲ့ သံသရာ ခရီးဟာ ကွေ့ကောက်သွားပြီပေါ့။ နိဗ္ဗာန်နှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သွားတယ်။ ဒီတော့ သူ့ရဲ့ အသက်ရှင်ခြင်းဟာ ကိုယ့်သေတွင်း ကိုယ်တူးနေသလိုပါပဲ။ တရားသိတဲ့ပုဂ္ဂိုလ်ကျတော့ ဘာဒုစရိုက်မှ မလုပ်တော့ဘူး။ "ဘဝဆိုတာ ဒီတစ်ခုထဲ ရှိတာ မဟုတ်ဘူး၊ နောက်ဘဝဆိုတာ ရှိသေးတယ်၊ ဒီတော့ မချမ်းသာရင် နေပါစေ, ဒုစရိုက်တော့ မလုပ်နိုင်ဘူး" ဒီလိုကိုး ဖြစ်သွားတယ်။ ဒီတော့ သူ့ရဲ့ သံသရာ ခရီးဟာ ဖြောင့်ဖြူးသွားတယ်။ ဒါကြောင့် မြတ်စွာဘုရားက "တရားမသိတဲ့ ပုဂ္ဂိုလ် အသက်တစ်ရာ ရှင်ရခြင်းထက် တရားသိတဲ့ ပုဂ္ဂိုလ် တစ်ရက် အသက်ရှင်ခြင်းက ပိုမြတ်တယ်" လို့ မိန့်တော်မူခဲ့တာ။ လောကကြီးမှာ ချမ်းသာသက်သက်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ဘဝလွတ်မြောက်ရေးတရားကိုသာ ကြိုးစားအားထုတ်ရမယ်။ ဘဝလွတ်မြောက်ရေးတရားဆိုတာ အခြားမဟုတ်ပါဘူး။ သစ္စာတရားပဲ ဖြစ်ပါတယ်။ သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ။ _________ သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ


via အလင်းရောင် ဓမ္မ https://ift.tt/2EDMPPY