Friday, December 20, 2019

သောကကင်းသူ မရှိ 🙏🙏🙏🙏🙏 တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လိုက်ကြည့်မယ်ဆိုရင် လောကလူသားတွေဟာ နေ့စဉ်နဲ့အမျှ ရုန်းကန်နေကြရတယ်ဆိုတာ အင်မတန် ထင်ရှားတယ်။ စီးပွားရေနဲ့ ရုန်းကန်နေကြတယ်၊ လူမှုရေးနဲ့ ရုန်းကန်နေကြတယ်၊ ပညာရေးနဲ့ ရုန်းကန်နေကြတယ်၊ နိုင်ငံရေးကိစ္စတွေနဲ့ ရုန်းကန်နေကြရတယ်။ ထိုရုန်းကန်နေရတဲ့ အခါမှာ အဆင်ပြေတဲ့ အခါရှိသလို အဆင်မပြေတဲ့ အခါလည်း ရှိတယ်။ အမြဲတမ်း အဆင်ပြေနေတယ်လို့ မရှိနိုင်ဘူး။ အခြေအနေ အရပ်ရပ်ကို ထောက်ထားပြီး အဆင်မပြေတဲ့ အခါမှာ လူတွေမှာ စိတ်ဖိစီးမှု ဒဏ်တွေကို ခံစားကြရတယ်။ အဲဒီ စိတ်ဖိစီးမှုဒဏ်တွေကိုပဲ ပါဠိစာပေမှာ “သောက, ဒေါမနဿ” လို့ ဒီလိုဟောတာ။ ‘သောက’ ဆိုတာ ကိုယ် မဖြစ်စေချင်တာ တစ်ခုခု ဖြစ်လာတော့မယ် ဆိုရင် ကြိုတင်ပြီး စိတ်ထဲမှာ မငြိမ်မသက် ဖြစ်ပြီး ပူတဲ့သဘော၊ မဖြစ်ချင်တာတွေ ဖြစ်တော့မယ် ဆိုရင် စိုးရိမ်စိတ်တွေ ပေါ်လာတာ၊ ဒါကို “သောက” လို့ ခေါ်တယ်၊ (သို့မဟုတ်) မဖြစ်ချင်တာတွေ ဖြစ်သွားပြီ ဆိုရင်လည်း သောကဆိုတာ ပေါ်လာတယ်။ “ဒေါမနဿ” ဆိုတာကတော့ စိတ်ထဲမှာ အလိုမကျ ဖြစ်လာတာ၊ မိမိ စိတ်တိုင်းကျ မဖြစ်ဘူး။ အလိုမကျ ဖြစ်လာတယ်ဆိုရင် ခံစားမှုတစ်ခု ဖြစ်ပေါ်လာတာ၊ အဲဒီ ခံစားမှုကို ဒေါမနဿ စိတ်ဆင်းရဲမှုလို့ ပြောတာ။ အဲဒီ သောကတို့ ဒေါမနဿတို့ ဆိုတာတွေက လူတွေရဲ့ စိတ်ထဲမှာ ထင်ရှားပေါ်လာတတ်ပြီး လူမျိုးမရွေး ဘာသာမရွေး ပုဂ္ဂိုလ်တိုင်းမှာလိုလို ဖြစ်တယ်။ အဲဒီ သောကဆိုတာ ဘာကြောင့် ဖြစ်သလဲ၊ ဒေါမနဿဆိုတာ ဘာကြောင့် ဖြစ်တာလဲ၊ အကြောင်းတရားကို မရှာနိုင်ဘူး။ ထိုအကြောင်းတရားကို မဖယ်ရှားနိုင်ဘူးဆိုရင် ဒီ သောက ဟာ ဆက်ပြီး လာနေမှာပဲ၊ ဒေါမနဿဆိုတာလည်း ဆက်ပြီး ဖြစ်နေမှာပဲ။ ဘယ်အရာပဲ ဖြစ်ဖြစ် ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေကို မှီပြီး ဖြစ်ရတာ။ ဒါကြောင့် အကြောင်းတရားတွေကို သိဖို့ရာ အင်မတန်မှ အရေးကြီးတယ်။ လောကလူသားတွေဟာ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရား အစစ်အမှန်ကို မသိတဲ့ အတွက် သောက ပြေပျောက်ရာ ပြေပျောက်ကြောင်း၊ စိတ်ဆင်းရဲမှုတွေ ပြေပျောက်ရာ ပြေပျောက်ကြောင်း ဆိုပြီး မမှန်ကန်တဲ့ နည်းမျိုးစုံကို အသုံးပြုကြတယ်ပေါ့။ နည်းမျိုးစုံ သုံးကြသော်လည်း အဲဒီနည်းမျိုးစုံတွေထဲမှာ တချို့ကလည်း လုံး၀ မေ့ပစ်ဖို့ ကြိုးစားကြတယ်။ ကြိုးစားတဲ့အခါမှာ အကူအညီတွေ အသုံးပြုပြီး ကြိုးစားတယ်။ ဘာတွေ အကူအညီ ယူတုန်းဆိုတော့ မူးယစ်ဆေးဝါး အကူအညီနဲ့လည်း သောကကို ဖြေဖျောက်ကြတယ်ပေါ့။ နောက် တခြားနည်းတွေ သုံးပြီးတော့လည်း ဖြေဖျောက်ကြတယ်။ တကယ်ကတော့ ဒါဟာ ပြေပျောက်သွားတာ မဟုတ်ဘူး။ အကြောင်းတရားက ကိုယ့်သန္တာန်မှာ ရှိနေသည့်အတွက် ခေတ္တခဏ စိတ်ထဲမှာ ပေါ့ပါးသွားသလို ဖြစ်ပေမယ့် ဒုက္ခတစ်ခု ပြဿနာတစ်ခု ထပ်တိုးလာတတ်တယ်။ အဲဒါမျိုးဟာ အဖြေမဟုတ်ဘူး။ ဘုရားပေးသော နည်းကသာလျှင် မြတ်စွာဘုရားဟောတဲ့ တရားကတော့ ဒီလိုမဟုတ်ဘူး။ “နောက်ထပ် ပြဿနာတစ်ခု ထပ်မတက်ဘဲ လက်ရှိ အနေအထားတစ်ခုကို မှန်မှန်ကန်ကန် အသိဉာဏ်နဲ့ စဉ်းစားတွေးခေါ်ပြီး အမှန်သိပြီး Stress လို့ခေါ်တဲ့ ဒီစိတ်ရဲ့ ဖိစီးမှုတွေကို လျော့ချနိုင်တဲ့ နည်းစနစ်” ဖြစ်တယ်။ ကမ္ဘာမှာ ကြီးပွားတိုးတက်ပြီး အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေမှာ စိတ်ဖိစီးမှုတွေ ရှိတာပဲ။ အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေမှာလည်း Stress က ရှိတာပဲ။ ဒီဖိစီးမှုတွေက လူတွေရဲ့စိတ်ကို အမြဲတမ်း လွှမ်းမိုးနေတယ်။ ဒီကနေ့ခေတ်မှာ ပိုပြီး ထင်ရှားတယ်ပေါ့။ အားလုံးဟာ ယှဉ်ပြိုင်ပြီး ပြေးလွှားနေကြရတယ်။ ဟို တိုးတက်တယ်ဆိုတဲ့ နိုင်ငံတွေမှာ ပိုပြီးတော့ Stress တွေ များတယ်။ ဒီ Stress တွေကို လျော့ချဖို့ နည်းစနစ်တွေထဲမှာ တခြားနည်းက ဖြစ်ကောင်း ဖြစ်နိုင်သော် လည်းပဲ ထိုလျော့ချမှုဟာ အစဉ်ထာ၀ရ ငြိမ်းချမ်းသွားတဲ့အဆင့်ကို ရောက်နိုင်ဖို့ကတော့ အင်မတန်မှ ခဲယဉ်းတယ်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ နည်းစန်စကသာလျှင် အစဉ်ထာ၀ရ လျော့ချနိုင်တဲ့ နည်းစနစ်မျိုးဆိုတာ သေချာတယ်။ ဆရာတော်အရှင်နန္ဒမာလာဘိဝံသ #AshinNandamalabhivamsa “သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း” တရားဒေသနာတော်မှ။ Thistsar Shin


via အလင်းရောင် ဓမ္မ https://ift.tt/38YCJqY