Thursday, December 19, 2019

(စျာန်ဝင်စားတဲ့ရဟန်း) 🙏🙏🙏🙏🙏🙏🙏 တစ်ခါက အရှင်ခါဏုကောဏ္ဍညဆိုတဲ့ မထေရ် တစ်ပါးရှိခဲ့ဖူးပါတယ်။ တစ်နေ့တော့ မထေရ်မြတ် ဟာ သူနေသော တောရကျောင်းကနေ မြတ်စွာ ဘုရားရှိရာသို့ ဘုရားဖူး ထွက်လာခဲ့ပါတယ်။ လမ်းခရီးတစ်နေရာမှာ မိုးချုပ်သွားတော့ ကျောက်ဖျာတစ်ခုပေါ်ထိုင်ပြီး စျာန်ဝင်စားပြီးတရား ရှုမှတ်အားထုတ်နေပါတယ်။ ညရောက်တော့ သူခိုးတွေဟာ ခိုးရာပါပစ္စည်း တွေနဲ့အတူ ကျောက်ဖျာနား ရောက်လာစဉ် အမှောင်ထဲမှာ စျာန်ဝင်စားပြီးထိုင်နေတဲ့ ရဟန္တာ မထေရ်အရှင်မြတ်ကို သစ်ငုတ်တိုထင်ပြီး ပါလာတဲ့ အထုပ်အပိုးတွေကို ရဟန္တာအရှင်အပေါ် တင်ပြီး ညအိပ်နားကြပါတယ်။ ဒီလိုနဲ့..... နံနက်ရောက်တော့ အထုပ်အပိုးတွေအောက်မှာ စျာန်သမာပတ်ဝင်စားပြီး တရားရှုမှတ်နေတဲ့ရဟန္တာ အရှင်မြတ်ကို တွေ့ကာ လန့်သွားကြပြီး သူတို့ အမှားတွေကို ခွင့်လွှတ်တော်မူဖို့ ရဟန္တာမထေရ် မြတ်ကို သူခိုးတွေက တောင်းပန်ကြပါတယ်။ ရဟန္တာအရှင်မြတ်လည်း သူခိုးတွေကို ခွင့်လွှတ် တော်မူပြီး တရားဟောလိုက်သဖြင့် သူခိုးတွေအား လုံး အကျွတ်တရားရရှိသွားပြီး ရဟန်းပြုသွားကြ ပါတယ်။ အရှင်မြတ်နဲ့ ရဟန်းတွေကို အကြောင်းပြုပြီး တော့ မြတ်ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီးက အောက်ပါဂါထာကို ဟောကြားတော်မူခဲ့ပါတယ်။ ယော စ ဝဿသတံ ဇီဝေ၊ ဒုပ္ပညော အသမာဟိတော။ ဧကာဟံ ဇီဝံတံ သေယျော၊ ပညဝန္တဿ စျာယိနော။ အနက်အဓိပ္ပာယ်... ပညာမရှိ သမာဓိ မတည်ကြည်ဘဲ အနှစ်တစ်ရာ အသက်ရှင်နေရခြင်းထက် ပညာနှင့် ပြည့်စုံကာ သမထဝိပဿနာကို ရှုမှတ်ပွားများနေသောသူ၏ တစ်ရက်မျှ အသက်ရှင်နေရခြင်းသည် မြတ်ပေ၏။ (သဟဿဝဂ်၊ ခါဏုကောဏ္ဍညတ္ထေရ ဝတ္ထု) ပညာရှိသူရဲ့ တစ်ရက်အသက်ရှင်မှုဟာ ပညာမဲ့သူတွေရဲ့ အနှစ်တစ်ရာ ရှင်သန်မှုထက် ပိုပြီးတော့ မြတ်၏။ သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ Credit;to ဘဝလမ်းပြ ဓမ္မပဒ အရှင်သောဘိတ (ဓမ္မရတနာ) တရားစာပေမှ ရေးသားဒါနပြုပါသည်။


via အလင်းရောင် ဓမ္မ https://ift.tt/2S6bqox