Thursday, December 19, 2019

"တောင်လေးလုံးဆရာတော်နှင့်ခေါင်းနှစ်လုံး" 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 တောင်လေးလုံးဆရာတော်၏ဘွဲ့အမည်မှာ ဦးမေဓာဝီ ဖြစ်ပြီး ရွှေဘိုနယ် ဥသျှစ်ကျေးရွာ၌(၁၀၉၀)ခုနှစ်တွင် ဖွားမြင်တော်မူ၏။ကုန်းဘောင်ခေတ် အလောင်းမင်း တရားကြီး,နန်းစတက်သော(၁၁၁၄)ခုနှစ်တွင် ရဟန်း ခြောက်ဝါရှိနေပြီဖြစ်၏ဘိုးတော်မင်းတရားလက်ထက်တွင် "မုနိန္ဒာဘိလင်္ကာရ သဒ္ဓမ္မ မဟာဓမ္မရာဇာဂုရု" ဘွဲတံဆိပ်တော် ခံယူတော်မူ၏။ တောင်လေးလုံးဆရာတော်သည်အလောင်းမင်း တရားကြီး နန်းတက်ခါစ ရဟန်းခြောက်ဝါလောက် ကပင် အမျိုးမျိုးသော ရှု့ဖွယ်ကျမ်းတို့ကို စီရင်၏။ ပိဋကတ်သုံးပုံမှ လိုရင်းအနှစ်သာရများကို ရွေးနှုတ်၍ လူတိုင်းနားလည်လွယ်သောမြန်မာစကား ဝါကျများဖြင့် ရေးသားတော်မူခဲ့၏။ တောင်လေးလုံးဆရာတော်၌ ဦးဓမ္မပီယခေါ်သော ညီတော်ရဟန်းတစ်ပါးလည်းရှိ၏။ဦးဓမ္မပီယသည် တောရကျောင်းတစ်ကျောင်းတွင်နေထိုင်ပြီး နောင်တော် ရေးသားသောစာများအား ဖတ်ရှု့ကျင့်ကြံအားထုတ်၏။မရှင်းလင်းသည့်အချက်အလက်များအား လျှောက်ထား ပြီး ၁၁၆၂ ခုနှစ်တွင်"ဓမ္မပိယရှု့ဖွယ်"ကိုရေး၏။ ထိုအချိန်တွင် ညီတော်သည်၆၂ နှစ်,နောင်တော်ကား ၇၃ နှစ်ရှိနေပြီဖြစ်၏။ တောင်လေးလုံးဆရာတော်သည် ရသမျှပစ္စည်းများအား ကိုယ်ပိုင်မထား။စွန့်လှူမြဲဖြစ်၏။အကျင့်သီလမြင့်မြတ် ၏။ရဟန်းတရားအား ကျင့်ကြံအားထုတ်၏။ ဆရာတော်ကြီးသည် (၁၁၆၈)ခုနှစ် သက်တော် ၇၈ နှစ်တွင် အမရပူရ နေပြည်တော်၏ မြောက်မင်းရွာတိုက် သုံးထပ်ကျောင်း၌ သီတင်းသုံးနေစဉ်,တစ်နေ့သော အခါ ဒကာများအား ခေါ်၍ "ငါ...အသက်အရွယ်ကြီးပြီ,သေချိန်နီးပြီ ခေါင်းနှစ်ခု ပြုလုပ်ပြီး လာလှူလှည့်ကြ"ဟု မိန့်တော်မူ၏။ ဒကာများမှာလည်း ပြန်မလျှောက်ရဲကြဘဲ ကျောင်းမှ ပြန်လာကာ အမြန်ဆုံးနှင့်အကောင်းဆုံးဖြစ်အောင် စီစဉ်ပြုလုပ်ကြ၏။ ခေါင်းနှစ်လုံးပြုလုပ်ပြီးလျှင်ကျောင်းသို့ယူဆောင်လာကြ ၏။သင့်တော်ရာ၌ ချထားပြီး,ခေါင်းတစ်လုံးကို နမူနာ အဖြစ် ဆရာတော်အနီး ချပြ၏။ဆရာတော်ကား နေရာမှထကာ "နင်တို့ခေါင်း ငါနဲ့တော်ရဲ့လား"ဟု ပြောပြောဆိုဆို ခေါင်းထဲဝင်၍ အိပ်စမ်းတော်မူ၏။ပြန်၍ ထတော် မမူပြီ။လျောင်းပြီးသည်နှင့် ဝိညာဉ်ချုပ်ငြိမ်း ဘဝဇာတ် သိမ်းတော်မူလေ၏။ ဒကာများလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့် ကာ မည်သို့လုပ်ရမည်မသိ။အတန်ကြာမင်တက်မိနေ ကြ၏။ ထိုအခိုက် ဒကာများအနီးသို့အာဂန္တုကဘုန်းကြီးတစ်ပါး ကြွလာသဖြင့် အားလုံးလှုပ်ရှားလာကာ ဘုန်းတော်ကြီး အား ဦးချကြ၏။အာဂန္တုက ဘုန်းကြီး၏ မျက်နှာတွင် ကား တစ်စုံတစ်ရာ ထူးခြားအံ့သြသည့် အမူအရာကို မတွေ့ရပေ။တောင်လေးလုံးဆရာတော်၏ အလောင်းတော် အနီးသို့သွား၍ "အင်း...ဒကာကြီးတို့ ဆရာတော်ဘုရားကြီး ပျံလွန် တော် မူလေမှကိုး"ဟု သာပြောဆို၏။ မတ်တပ်ရပ်လျှက်ကပင် မျက်စိကို စုံမှိတ်ပြီး သင်္ခါရ တရားကိုနှလုံးသွင်းဆင်ခြင်၍ ငြိမ်သက်စွာ နေတော် မူလေသည်။ဒကာများလည်း အလိုက်သိစွာ တစ်စုံ တစ်ရာ မလျှောက်သေးဘဲ ငြိမ်၍ လက်အုပ်ချီနေစဉ်မှာ ပင် အာဂန္တုကဘုန်းတော်ကြီးသည် မျက်စိဖွင့်၍ ကျောင်းတစ်နေရာသို့ လှည့်ကြည့်ရင်း "သြော်...ဟိုမှာလည်း ခေါင်းတစ်လုံးပါ့လား"ဟုပြော ကာ ခေါင်းဆီသို့ ကြွရောက်ကြည့်ရှု့၏။ခေါင်းထဲသို့ ဝင်၍လဲလျောင်းကြည့်တော်မူသည်။ထိုဘုန်းကြီးလည်း ပြန်၍ထလာတော် မမူချေ။ဝိညာဉ်ချုပ်ငြိမ်း ဘဝဇတ် သိမ်းတော်မူပြန်၏။ ဒကာများမှာလည်း အကျိုးအကြောင်းပင် လျှောက်ချိန် မရဘဲပို၍ အံ့အားသင့်ကြရလေသည်။ခေါင်းနှစ်လုံး လုပ်ခိုင်းသည်ကို ယခုမှပင် နားလည်သွားကြရ၏။ အာဂန္တုဘုန်းကြီးကားတောင်လေးလုံးဆရာတော်ဘုရားကြီး၏ ညီတော် ဦးဓမ္မပိယ ပင်ဖြစ်ပေသည်။ဆရာတော်နှစ်ပါးသည် ထူးဆန်းစွာ ပျံလွန်တော်မူ လေပြီ။ သီဟိုဠ်ခေတ်၌လည်း ခေါင်းတစ်ခုထဲ နှစ်ပါးတွဲ၍ ကောင်းကင်၌ ပျံတက်အပူဇော်ခံသော ရဟန္တာများ လည်းရှိသည်ကို လေ့လာသိရှိရပေသည်။ ဤအကြောင်းအရာအား လေ့လာခြင်းဖြင့် ၁။ ဆရာတော်ကြီးနှစ်ပါးသည် ပရိယတ် တတ်မြောက်ရုံ မက ပဋိပတ်အကျင့်မြတ်ကိုလည်း ကျင့်ကြံ အားထုတ်တော်မူကြောင်း တွေ့ရ၏။ ၂။ တရားတော်ကိုယုံကြည်လျှက် ကျင့်ကြံအားထုတ်သူ များ ရှိနေသ၍,ရဟန္တာ ဆိတ်သုဉ်းမည် မဟုတ်ပေ။ သို့ပါ၍ ဗုဒ္ဓဘုရားရှင်၏ ဗုဒ္ဓသာသနာသည် လူ့ပြည်သာ မက နတ်ပြည်နတ်ရွာထိပင် ဆိတ်သုဉ်းမည်မဟုတ်ဘဲ, ကျင့်ကြံအားထုတ်သူများရှိနေသ၍ ထွန်းကားနေဦး မည်ဖြစ်ပါကြောင်းနှင့်သဒ္ဒါ ဝီရိယဖြင့်ကျိုးစားအားထုတ် ကြပါစို့လို့တိုက်တွန်းလိုက်ရပေသည်။ စာရေးသားကြာချိန်---၃း၀၀ နာရီ =========တရား ရတနာ=========


via အလင်းရောင် ဓမ္မ https://ift.tt/2tySOU3