အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, July 7, 2019
" ဇရာဝဂ္ဂ " (အိုခြင်းတရားစု) 🌷💫💫💫💫💫💫💫🌷 အမြဲတမ်း ကိလေသာမီး တောက်လောင်နေပါလျက် အဘယ်ကြောင့် ၀မ်းမြောက်နေဘိသနည်း။ အ၀ိဇ္ဇာမှောင်ကြီး ပိတ်ဆီး၍ ထားပါလျက် အဘယ်ကြောင့် ပညာဆီမီးကို မရှာမှီးကြပါသနည်း။ အဆန်းတကြယ် ပြုလုပ်ထားသော၊ အရုပ်နှင့်တူသော၊ အရိုးသုံးရာတို့ဖြင့် ထောက်ထားအပ်သော၊ နာကြင်တတ်သော၊ လူများစွာတို့ ကြံစည်အပ်သော၊ ကိုးပေါက်သော ဒွါရဟူသော အမာဝရှိသော၊ ဤခန္ဓာကိုယ်ကို ကြည့်ရှုလော့။ ယင်းကိုယ်ခန္ဓာ အမြဲတည်ရှိခြင်းကား မရှိချေတကား။ ဤကိုယ်ခန္ဓာသည် အိုမင်းဆွေးမြေ့တတ်၏။ အနာရောဂါတို့၏ တည်နေရာဖြစ်၏။ ယိုယွင်းပျက်စီးတတ်၏။ အသက်ရှင်နေခြင်းသည် သေခြင်းလျှင် အဆုံးရှိသောကြောင့် ထိုရုပ်ခန္ဓာသည် ပုပ်သည်ဖြစ်၍ ပျက်စီးရလတ္တံ့။ တန်ဆောင်မုန်းလ၌ စွန့်ပစ်ထားသော ဗူးသီးခြောက်ကဲ့သို့ စွန့်ပစ်အပ်ကုန်သော၊ ခိုအဆင်းကဲ့သို့ ဖြူဖွေးမဲပြာသော အရိုးတို့ကို မြင်ရ၍ အဘယ်မှာ မွေ့လျော်နိုင်ပါအုန်းမည်နည်း။ တဏှာလက်သမားသည် အရိုးစုတို့ကို စိုက်ထူ၍ အသွေးအသားတို့ဖြင့် လိမ်းကျံလျက် ကိုယ်ခန္ဓာတည်းဟူသော မြို့ကို တည်ဆောက်ထား၏။ ထိုမြို့၌ အိုခြင်း၊ သေခြင်း၊ မာနထောင်လွှားခြင်း၊ သူ့ကျေးဇူးကို ချေဖျက်ခြင်းသည်သာလျှင် တည်ရှိ၏။ ရတနာတို့ဖြင့် ကောင်းစွာဆန်းကြယ်သော မင်းစီးရထားတို့သည်ပင် အိုမင်းဆွေးမြေ့ကြရကုန်သေး၏။ ခန္ဓာကိုယ်သည်လည်း ထို့အတူပင် အိုမင်းဆွေးမြေ့ရ၏။ သူတော်ကောင်းတို့၏ တရားသည်ကား အိုမင်းဆွေးမြေ့ခြင်း မရှိဟူ၍ သူတော်ကောင်းတို့သည် သူတော်ကောင်းတို့နှင့် အတူတကွ ဟောပြောကြကုန်၏။ အကြားအမြင် နည်းလှသော ဤယောက်ျားသည် နွားလားကဲ့သို့ အချည်းအနှီး ကြီးထွားလာ၏။ ထိုယောက်ျားအား အသားတို့သာ တိုးပွားလာ၏။ ပညာမူကား မတိုးပွားချေ။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင် သောဉာဏ်မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ပြေးလွှားကျင်လည်ခဲ့ရပေပြီ။ အဖန်ဖန် ပဋိသန္ဓေနေရခြင်းကား ဆင်းရဲလေစွတကား။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော အို . . . တဏှာလက်သမား။ ယခု ငါသည် သင့်ကို မြင်အပ်ပြီ။ နောက်ထပ်တစ်ဖန် ခန္ဓာအိမ်ကို သင်မဆောက်ရလတ္တံ့။ ကိလေသာတည်းဟူသော သင်၏အခြင်ရနယ်အားလုံးကို ငါချိုးဖဲ့အပ်ပြီ။ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ငါဖျက်ဆီးအပ်ပြီ။ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ပြီ။ တဏှာကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်လေပြီ။ လူမိုက်တို့သည် အရွယ်ရှိခိုက်က မြတ်သောအကျင့်ကို မကျင့်လိုက်မိ၍၊ ဥစ္စာကိုလည်း မရလိုက်၍ အရွယ်လွန်သောအခါတွင် ငါးကုန်ခမ်းသော ညွန်အိုင်၌ အတောင်ကျိုးသော ကြိုးကြာအိုကဲ့သို့ ကြံမှိုင်၍သာ နေကြကုန်၏။ လူမိုက်တို့သည် အရွယ်ရှိခိုက်က မြတ်သောအကျင့်ကို မကျင့်လိုက်မိ၍၊ ဥစ္စာကိုလည်း မရလိုက်၍ လေးမှလွတ်ပြီးနောက် အရှိန်ကုန်သောမြားကဲ့သို့ ရှေးဖြစ်ဟောင်းတို့ကို၊ အောက်မေ့ငြီးတွား၍သာ နေကြရကုန်၏။ 💥💥💥 မေတ္တာဖြင့် #LaWarSo
via အလင်းရောင် ဓမ္မ https://ift.tt/2JssFKZ
Newer Post
Older Post
Home