Monday, July 8, 2019

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သောအချက်များ အပိုင်း(၅) (၃၈ ) ဖြာသောမင်္ဂလာ တရားတော်များပေါ်ထွန်းလာခြင်း 🌷🌷🌷🌷🌷🌷🌷🌷🌷🌷 🌷မင်္ဂလသုတ် တရားတော်မြတ်ကို ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော် မမူမီကဖြစ်၏။ လူအပေါင်း နတ်အပေါင်းတို့သည် “မည်သည့် တရားသည် မင်္ဂလာတရား အစစ်အမှန် ဖြစ်သနည်း” ဟူ၍ စဉ်းစား တွေးခေါ် ဖွေရှာကြပါသော်လည်း စစ်မှန်သော အဖြေကို ဖော်ထုတ်နိုင်စွမ်း မရှိခဲ့ကြပေ။ နှစ်ပေါင်း တစ်ဆယ့်နှစ်နှစ်တိုင်တိုင်ပင် ကြာသွားခဲ့ကြ၏။ ဤလောက၌ မြတ်သော မင်္ဂလာတရားပေါင်း (၃၈) ပါး ရှိသည်ကို မည်သူ တစ်ဦး တစ်ယောက်မျှပင် မသိ မမြင်နိုင်ခဲ့ကြရှာပေ။ 🌷အခါတပါး၌ ဗုဒ္ဓမြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူစဉ်အတွင်း (၃၈) ဖြာသော မင်္ဂလာတရားတော်မြတ် အပေါင်းတို့ကို ဟော်ကြားတော်မူရန် အကြောင်းဖန်၍ လာခဲ့လေ၏။ 🌷ညတစ်ည၏ သန်းခေါင်ယံ အချိန်တွင် အမျိုးအမည် မထင်ရှားလှသော နတ်သားတစ်ပါးသည် ဗုဒ္ဓမြတ်စွာဘုရား၏ ထံတော်ပါးသို့ ရောက်ရှိ၍လာခဲ့၏။ အလွန်နှစ်လိုဖွယ် ရုပ်အဆင်းရှိသော နတ်သားတစ်ပါးပင်ဖြစ်၏။ ထိုနတ်သား၏ ကိုယ်ရောင် ကိုယ်ဝါတို့သည် ကျောင်းတော်ကြီး တစ်ခုလုံးကိုပင် ထွန်းလင်း တောက်ပ၍ သွားစေခဲ့ပါ၏။ ထိုနတ်သားသည် ဗုဒ္ဓမြတ်စွာကို အလွန်ရိုသေ လေးမြတ်စွာ ရှိခိုးပူဇော်ခဲ့သည်။ ထို့နောက် တင့်အပ်လျောက်ပတ်သောနေရာ၌ မတ်တတ်ရပ်၍နေကာ သူသိလိုသည်များကို အောက်ပါ ဂါထာဖြင့် အထူးရိုသေစွာ လျှောက်ထား မေးမြန်းခဲ့ပါသည်။ 🌷နတ်သား ။ ။ ဗဟူ ဒေ၀ါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။ “ ဘုန်းတော် ကြီးမြတ်လှသော ဗုဒ္ဓမြတ်စွာဘုရား၊ ဤလောကရှိ လူအပေါင်း နတ်အပေါင်းတို့သည် စင်ကြယ်လှစွာသော နိဗ္ဗာန် ချမ်းသာမြတ်ကို ရည်သန်တောင်းတကြသည်ဖြစ်၍၊ မည်သည့်တရားသည် အကျိုးစီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သော မင်္ဂလာတရား အစစ်အမှန်ဖြစ်ကြောင်းကို တစ်ဆယ့်နှစ်နှစ်တိုင်တိုင် အချိန်ယူကာ စဉ်းစား တွေးခေါ် ကြံဆခဲ့ကြပါသည် ဘုရား။ သို့ပါသော်လည်း မြတ်သော မင်္ဂလာတရား အစစ်အမှန်ကို မည်သူမျှ တွေးခေါ် ကြံဆ၍ မသိ မမြင်နိုင်ခဲ့ကြကြောင်းပါဘုရား။ ထို့အတွက်ကြောင့် စစ်မှန်သော မင်္ဂလာတရားဟူသည် မည်သည့် တရားဖြစ်ကြောင်း ထုတ်ဖော်ဟောကြား ပေးတော်မူပါ ဘုရား။ ” 🌷ဗုဒ္ဓမြတ်စွာဘုရား ။ ။ အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။ “ အသင် . . . နတ်သား . . . သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း၊ ပညာရှိသူကို မှီဝဲ ဆည်းကပ်ခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ ဤတရား သုံးပါးကို မြတ်သော မင်္ဂလာဟူ၍ သင်စတင်မှတ်သားလော့။ ” 🌷ဗုဒ္ဓမြတ်စွာဘုရား ။ ။ ပတိရူပဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။ အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။ “ အသင် . . . နတ်သား . . . တင့်အပ်လျောက်ပတ်သော အရပ်ဒေသ၌ နေခြင်း၊ ရှေးဘ၀က ပြုခဲ့ဖူးသော ကောင်းမှုရှိခြင်း၊ မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းဆောက်တည်ခြင်း၊ ဤတရား သုံးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။ ” 🌷ဗုဒ္ဓမြတ်စွာဘုရား ။ ။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော။ သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။ “ အသင် . . . နတ်သား . . . အကြားအမြင် ဗဟုသုတရှိခြင်း၊ စက်မှုလက်မှု စသော သိပ္ပံပညာ တတ်မြောက်ခြင်း၊ ကိုယ်နှုတ်နှလုံးကို ယဉ်ကျေးအောင် ဆုံးမတတ်သည့် ၀ိနည်းတရားကို ကောင်းစွာသင်ယူခြင်း၊ ကောင်းသောစကားကိုပြောခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။ ” 🌷ဗုဒ္ဓမြတ်စွာဘုရား ။ ။ မာတာပိတုဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။ အနာကုလာ စ ကမ္မန္တာ ၊ ဧတံ မင်္ဂလ မုတ္တမံ။ “ အသင် . . . နတ်သား . . . အမိအဘကို လုပ်ကျွေး မွေးမြူခြင်း၊ သားမယားကို ထောက်ပံ့ ပေးကမ်း ချီးမြှောက်ခြင်း၊ မည်သူ့ကိုမျှ မထိခိုက်သော အလုပ်မျိုးကို လုပ်ခြင်း၊ ဤတရား သုံးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။ ” 🌷ဗုဒ္ဓမြတ်စွာဘုရား ။ ။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။ အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။ “ အသင် . . . နတ်သား . . . အလှူပေးခြင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၊ ဆွေမျိုးတို့အား ထောက်ပံ့ခြင်း၊ အကုသိုလ်ကင်းသော အလုပ်ကို လုပ်ခြင်း၊ ဤတရား လေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။ ” 🌷ဗုဒ္ဓမြတ်စွာဘုရား ။ ။ အာရတီ ၀ိရတီ ပါပါ၊ မဇ္ဖပါနာ စ သံယမော။ အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။ “ အသင် . . . နတ်သား . . . မကောင်းမှုဟူသမျှ ဝေးဝေးရှောင်နိုင်ခြင်း၊ မကောင်းမှုကို မလုပ်ဖြစ်အောင် မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည်သေရက် မူးယစ်ဆေးဝါးတို့ကို မသောက်မစားဖြစ်အောင် ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ရမည့် ကောင်းမှုအလုပ်တို့ကို မပြတ်သတိရပြီး မမေ့ မလျော့ ဆောင်ရွက်ခြင်း၊ ဤတရား လေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။ ” 🌷ဗုဒ္ဓမြတ်စွာဘုရား ။ ။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။ ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။ “ အသင် . . . နတ်သား . . . ရိုသေထိုက်သူကို ရိုသေခြင်း၊ မိမိကိုယ်ကို မောက်မာသမှု မပြုပဲ နှိမ်ချခြင်း၊ ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်း၊ သူတစ်ပါးက မိမိအပေါ်ပြုဖူးသော ကျေးဇူးတရားကို သိတတ်ခြင်း၊ အခါအခွင့်သင့်တိုင်း တရားနာခြင်း၊ ဤတရား ငါးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။ ” 🌷ဗုဒ္ဓမြတ်စွာဘုရား ။ ။ ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။ ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။ “ အသင် . . . နတ်သား . . . သည်းခံတတ်ခြင်း၊ သူတော်ကောင်းတို့က ဆိုဆုံးမသည့်စကားကို နာယူလွယ်ခြင်း၊ သူတော်ကောင်း ရဟန်းပုဏ္ဏားတို့အား ဖူးမြော်ရခြင်း၊ အခါအခွင့်သင့်တိုင်း တရား ဆွေးနွေး မေးမြန်းခြင်း၊ ဤတရား လေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။ ” 🌷ဗုဒ္ဓမြတ်စွာဘုရား ။ ။ တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။ နိဗ္ဗာနသစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။ “ အသင် . . . နတ်သား . . . ခြိုးခြံစွာ ကျင့်ခြင်း၊ မြတ်သော အကျင့်ကို ကျင့်ခြင်း၊ အရိယာသစ္စာတရားကို သိမြင်ရခြင်း၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း၊ ဤတရား လေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။ ” 🌷ဗုဒ္ဓမြတ်စွာဘုရား ။ ။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။ အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။ “ အသင် . . . နတ်သား . . . လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ကြုံရသော ရဟန္တာ အရှင်သူမြတ်၏ စိတ်သည် မတုန် မလှုပ်၊ မစိုးမရိမ်၊ ရမ္မက်ကင်း၏၊ ဘေးကင်း၏၊ ဤတရား လေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။ ” 🌷ဗုဒ္ဓမြတ်စွာဘုရား ။ ။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။ သဗ္ဗတ္ထ သောတ္ထိံဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။ “ အသင် . . . နတ်သား . . . ဤကဲ့သို့ (၃၈) ပါးကုန်သော မင်္ဂလာတရားတော်တို့ကို လက်တွေ့လိုက်နာ ကျင့်ကြံပြုလုပ်ထားသည့်အတွက်ကြောင့် မည်သည့်နေရာ၌ နေနေ မိမိအား ရန်သူတို့က မအောင်နိုင်၊ ကိစ္စခပ်သိမ်းတို့၌ ပြီးငြိမ်းချမ်းသာခြင်းသို့ ရောက်ကုန်၏။ ထို (၃၈) ပါးသော တရားသည်သာလျှင် လူတကာ၊ နတ်တကာတို့အတွက် မြတ်သော မင်္ဂလာ တရား ဖြစ်ကြောင်း သင် မှတ်သားလေလော့။ ” ဟူ၍ ဗုဒ္ဓမြတ်စွာဘုရားသခင်သည် အဆိုပါ နတ်သားအား ဟောာကြားတော်မူခဲ့ပါပေသည်။ သန့်ဇင်ထွဋ် April, 2019 (ကျမ်းကိုး - ဗုဒ္ဓဘာသာကောင်းတစ်ယောက်)


via အလင်းရောင် ဓမ္မ https://ift.tt/2S4rHsb