Friday, July 12, 2019

ပဉ္စဝဂ္ဂီ ၅ ဦး 🌻🌻🌻 " ပဉ္စဝဂ္ဂီ " ၏ အဓိပ္ပါယ်မှာ ၅ ယောက်အစု ဟူ၍ ဖြစ်သည်။ ဘုရားလောင်း သိဒ္ဓတမင်းသား ဖွားမြင်တော်မူစကပင် ဧကန်စင်စစ် ဘုရားဖြစ်မည်ဟု နိမိတ်လက္ခဏာ ဖတ်ကြားခဲ့သော သုဒတ္တပုဏ္ဏားနှင့် အပေါင်းအပါ ၄ ဦးတို့သည် ဘုရားလောင်းတောထွက်လျှင် ယင်းတို့လည်း တောထွက်ရဟန်းပြုခဲ့ကြသည်။ သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ်သို့ရောက်၍ ဦးစွာဟောကြားတော်မူသော ဓမ္မစကြာတရားကို နာကြားခဲ့ကြရပြီးလျှင် ဧဟိဘိက္ခုရဟန်း အဖြစ်သို့ ရောက်ကြသည်။ ထိုငါးယောက်တစ်စုကို ပဉ္စဝဂ္ဂီ ဟူ၍၎င်း၊ ဝဂ္ဂီ ဟူ၍၎င်း ကျမ်းဂန်များ၌ ဖော်ပြ၏။ ပဉ္စ မှာ (၅) ဖြစ်ပြီး ဝဂ္ဂီ မှာ အစု ဟု အဓိပ္ပာယ်ရသည်။ ပဉ္စဝဂ္ဂီ ၅ ဦး ~~~~~ ပဉ္စဝဂ္ဂီငါးဦးဆိုသည်မှာ ဂေါတမ မြတ်စွာဘုရား လက်ထက်တော်တွင် ဘုရား၏ တရားတော်ကို ရှေးဦးဆုံး နာကြားရ၍ ဦးစွာ ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ရောက်တော်မူကြသော ရဟန်းတော် ၅ ပါးဖြစ်သည်။ ထို ၅ ပါးမှာ သျှင်ကောဏ္ဍည၊ သျှင်ဝပ္ပ၊ သျှင်ဘဒ္ဒိယ၊ သျှင်မဟာနာမ်၊ သျှင်အဿဇိတို့ ဖြစ်ကြသည်။ ယင်း ၅ ဦးတို့သည်ကား ဂေါတမမြတ်စွာဘုရားလောင်း သိဒ္ဓတမင်းသားကို မီးရှူးသန့်စင် ဖွားမြင်စဉ်အခါက၊ လက္ခဏာဖတ် ပုဏ္ဍား ၈ ယောက်အနက်၊ ဘုရားဧကန် ဖြစ်မည်ဟုဟောသော ကောဏ္ဍညအနွယ် သုဒတ္တပုဏ္ဏားငယ်နှင့် အခြားပုဏ္ဏား ၄ ဦး၏သား၊ သူ၏သူငယ်ချင်း ၄ ယောက်တို့ပင် ဖြစ်သည်။ ဒုက္ကရ စရိယ ကျင့်စဉ်ကာလ ~~~~~~~~~~~~~ ဘုရားလောင်းရဟန်းပြု၍၊ ဥရုဝေလတောသို့လာကြ ကုန်သဖြင့်၊ ဘုရားလောင်းနှင့် တွေ့လေသည်။ ဘုရားလောင်းလည်း ထိုပဉ္စတို့လျှင် အလုပ်အကြွေး ရှိသည်ဖြစ်၍၊ ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူသည်။ ၆ နှစ်မျှကြာသော်၊ ငြိုငြင်စွာသော ဤအကျင့်ဖြင့် ဘုရားမဖြစ်နိုင်သေးဟု သတိဖြစ်လျက်၊ မြို့ ရွာတို့သို့ ချဉ်းကပ်၍၊ ခံအပ်သော ဆွမ်းကို ဘုဉ်းပေး၏။ ထိုအခါ ပဉ္စဝဂ္ဂိ ၅ ဦးတို့က ဂေါတမရဟန်းသည် အလွန်ခြိုးခြံစွာ ကျင့်သည်ကိုမျှ ဘုရားမဖြစ်နိုင်၊ ယခုဘယ်မှာ ဖြစ်တော့အံ့နည်းဟု ဘုရားလောင်းကိုစွန့်ခွာ၍၊ တစ်ဆယ့်ရှစ်ယူဇနာကွာသော က္ကုသိပတန မိဂဒါဝုန်တောသို့ သွားရောက်နေထိုင်ကြကုန်သည်။ တရားဦး ဟောတော်မူခြင်း ~~~~~~~~~~~~ ဘုရားလောင်းသည် တကိုယ်တည်းကျင့်တော်မူရာ၊ မဟာသက္ကရာဇ် ၁ဝ၃ ခု ကဆုန် လပြည့်နေ့တွင် သဗ္ဗေညုတဉာဏ်ကိုရ၍ ဘုရားအဖြစ်သို့ ရောက်ပြီးသော်၊ သဟမ္ပတိ ဗြဟ္မာမင်း၏တောင်းပန်ချက်အရ တရားဟောရန် ကျေးဇူးရှိခဲ့ဖူးသော ပဉ္စဝဂ္ဂီ ငါးဦး ရှိရာ မိဂဒါဝုန် တောသို့ ကြွလာ၏။ ✔ ဝါဆိုလပြည့် စနေနေ့ ညနေချမ်းတွင် မိဂဒါဝုန်တောသို့ ရောက်သည်။ ပဉ္စဝဂ္ဂီတို့သည် ဘုရားလောင်းအား အကျင့်ပျက်လေပြီဟု ထင်မှတ်သဖြင့်၊ ဘုရားကြွလာသည်ကို မြင်သောအခါ ဝတ်ကြီးဝတ်ငယ်တို့ကို မပြုစုဘဲနေကြရန် တိုင်ပင်ထားသော်လည်း၊ ဘုရားသခင်အနီးသို့ ရောက်သောအခါ ဝတ်ပြုမိကြလေသည်။ မြတ်စွာဘုရားသခင်က ဘုရားဖြစ်တော်မူကြောင်းကိုမိန့်ကြား၍ တရားနာယူရန် တိုက်တွန်းသောအခါ၌မူ၊ မယုံကြည်သဖြင့် ၃ ကြိမ်တိုင် ငြင်းပယ်၏။ ထိုအခါ ဘုရားသခင်သည် များစွာသောပရိယာယ် စကားဖြင့် ဘုရားဖြစ်ကြောင်း သိစေတော်မူလျက် ဓမ္မစက္က ပဝတ္တန သုတ္တန်ခေါ် ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူသည်။ ✔တရားတော်၏ အဆုံးတွင် သျှင်ကောဏ္ဍညသည် သောတပတ္တိဖိုလ်၌ တည်လေသည်။ ထိုနောက် မြတ်စွာဘုရားသည် ဓမ္မစကြာဒေသနာတော်ကိုပင် အကျယ်ဟောပြန်သဖြင့်၊ ✔ဝါဆိုလပြည့်ကျော်တစ်ရက်နေ့၌ သျှင်ဝပ္ပ၊ ✔ နှစ်ရက်နေ့၌ သျှင်ဘဒ္ဒိယ၊ ✔သုံးရက်နေ့၌ သျှင်မဟာနာမ်၊ ✔လေးရက်နေ့၌သျှင်အဿဇိတို့သည် အသီးအသီး သောတာပတ္တိဖိုလ်၌ တည်ကြလေသည်။ ဤသို့အားဖြင့် ပဉ္စဝဂ္ဂိ ၅ ပါး ဧဟိဘိက္ခုရဟန်းအဖြစ်သို့ ရောက်တော်မူပြီးနောက်၊ ဝါဆိုလပြည့် ကျော် ၅ ရက်နေ့၌ ရဟန်း ၅ ပါးကို စည်းဝေးစေပြီးလျှင် မြတ်စွာဘုရားသည် အနတ္တလက္ခဏ သုတ္တန်ကို ဟောကြားတော်မူရာ၊ ပဉ္စဝဂ္ဂိ ၅ ပါးသည်​ ရဟန္တာအဖြစ်သို့ ရောက်ကြလေသည်။ ကိုးကား မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( ) Credit - #Tin Maung Hlaing © April


via အလင်းရောင် ဓမ္မ https://ift.tt/2YLnaNW