Friday, July 12, 2019

နိဗ္ဗာန်ခရီး အနီးအဝေး 🌷🌷🌷🌷🌷 >> ရေဝတမည်သော နတ်သားသည် ဘုရားထံ၌ တရားနာရဖူး၏။ နိဗ္ဗာန်သည် သန္တိသုခစင်စစ် အေးချမ်းသာယာလှ သည်ဟူသော စကားကို မကြာခဏ ဆိုသလိုပင် ကြားရသူဖြစ်၏။ >> တစ်နေ့သ၌ ထိုနတ်သားသည် နိဗ္ဗာန်ကို တွေးကြည့်လေ၏။ နိဗ္ဗာန်သည် အေးချမ်းသာယာလှသည်ဟု ဗုဒ္ဓက ဟောတော်မူ၏။ ထိုနိဗ္ဗာန်သည် အဘယ်သို့ သာယာလေသနည်း။ အဘယ်မျှ အေးချမ်းလေသနည်း။ ထိုနိဗ္ဗာန်၌ ဘာတွေရှိလေသနည်း။ ဘာတွေ ပေါလေသနည်း။ အဘယ်မျှ ပျော်စရာကောင်းလေသနည်း။ ထိုနိဗ္ဗာန်သို့ အဘယ်လမ်းက သွားလေသနည်း။ အဘယ်မျှ ဝေးလေသနည်းဟု တွေးကြည့်သည်။ အဖြေကား ရေးရေးမျှပင် မထင်ပေ။ >> ထို့ကြောင့် နိဗ္ဗာန်ခရီး အနီးအဝေးနှင့် အဘယ် လမ်းကသွားရသည်ကို သိလိုလှသော ရေဝတနတ်သားသည်တစ်နေ့သောအခါတွင် ဘုရားအထံတော်သို့ချဉ်းကပ်ပြီးလျှင် ဤသို့ မေးမြန်းလျှောက်ထားလေ၏။ မေး။ မြတ်စွာဘုရား နိဗ္ဗာန်သည် အဘယ်မျှ ခရီးဝေးပါသနည်း။ ထိုနိဗ္ဗာန်၌ မည်သည့်အရာတွေ ရှိပါသနည်း။ ထိုနိဗ္ဗာန်ကို သွားလိုသော် အဘယ်လမ်းက သွားရပါသနည်း။ ဖြေ။ ချစ်သား ရေဝတ မှတ်သားနာယူလော့။ သင့်အမေးကို ငါ ဖြေကြားအံ့။ >> ချစ်သား ရေဝတ အကြင် နိဗ္ဗာန်ဟူသော အရပ်သည် ရှိ၏။ ထိုနိဗ္ဗာန်အရပ်၌ မဖြစ် အိုလည်း မအို သေလည်း မသေရွေ့လည်း မရွေ့ တစ်ဖန်လည်း ပဋိသန္ဓေ မနေ လောကလမ်းဆုံး အရပ်တည်း။ထိုအရပ်သို့ ခြေလျင် ကုန်းကြောင်း လှည်း ရထားတို့ဖြင့် သွားခြင်းဖြင့် သိအပ်၏ ဟူ၍လည်းကောင်း မြင်အပ်၏ ဟူ၍လည်းကောင်း ရောက်အပ်၏ ဟူ၍လည်းကောင်း ငါ မဆို ငါ မပြော ငါ မဟော။ >> အို ချစ်သား ရေဝတ လောကလမ်းဆုံး ခရီးဆုံး ဖြစ်သော ထိုနိဗ္ဗာန်သို့ မရောက်လေဘဲလည်း ဆင်းရဲခြင်းကင်းပြီး ဆင်းရဲခြင်းကင်းအောင် ပြုတတ်သည် ဟူ၍ ငါ မဆို ငါ မပြော ငါ မဟော။ >> အို ချစ်သား ရေဝတ စင်စစ်သော်ကား အရပ်အမောင်းအားဖြင့် တစ်စပ်မျှလောက်သာ ရှိသော အမှတ်သညာ စိတ်နှင့်တကွသော ဤကိုယ်ကောင်၌ သာလျှင် သင်္ခါရ ဒုက္ခတည်းဟူသော ပြုပင်ဖန်တီးမှု ဆင်းရဲလောကကိုလည်းကောင်း ယင်း သင်္ခါရလောက၏ ဖြစ်ကြောင်းကို လည်းကောင်း ယင်း သင်္ခါရလောက၏ ချုပ်ဆုံးရာ နိဗ္ဗာန်ကို လည်းကောင်း ယင်း နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို လည်းကောင်း ငါ ပညတ်တော်မူ၏။ သိစေတော်မူ၏။ >> အို ချစ်သား ရေဝတ လောက၏ အဆုံးဖြစ်သော နိဗ္ဗာန်သို့ ခြေလျင်သွားခြင်းဖြင့် သို့မဟုတ် ဆင် မြင်း ရထား လှေ စသော ယာဉ်ကိုစီး၍ သွားခြင်းဖြင့် တစ်ရံတစ်ဆစ် ယောင်၍မျှ မရောက်အပ် မရောက်ကောင်း။ >> အို ရေဝတနတ်သား လောက၏ အဆုံးဖြစ် သောထိုနိဗ္ဗာန်သို့ မရောက်ဘဲလျက်လည်း ဆင်းရဲမှ လွတ်မြောက်သည် မရှိ။ >> အို ရေဝတနတ်သား စင်စစ်သော် နိဗ္ဗာန်ဟူသည်ကား လူတို့မှီတင်းနေထိုင်ရာ မြို့ပြ ပြည်ရွာ စသည်တို့ကဲ့သို့ တည်ရာဒေသ မရှိလေ။ မရှိသောကြောင့် ရထား ဆင် မြင်း စသော ယာဉ်ဖြင့်လည်းကောင်း လှည်းယာဉ် လှေယာဉ် ခြေလျင်သွားခြင်းဖြင့် လည်းကောင်း သွား၍ ရောက်အပ်သည် ရောက်ကောင်းသည် မဟုတ်စင်ကြယ်သော ဝိသုဒ္ဓိ ပဋိပတ် မြတ်သောအကျင့်ဖြင့်သာ ရောက်အပ်၏။ ရောက်ကောင်းသည်။ မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့်သာ ကြည့်၍ မြင်နိုင်သည်။ ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော ထိုနိဗ္ဗာန်ကား ဧကန်ရှိသည်သာတည်း။ ဤနိဗ္ဗာန်ကို မရောက်သေးသမျှ ကာလပတ်လုံး ဆင်းရဲဒုက္ခမှ ကင်းသည်မရှိ။ # ဒဂုံဦးစန်းငွေ၏ ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့် အဖြေများမှ #


via အလင်းရောင် ဓမ္မ https://ift.tt/2xMa0nW