အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, July 8, 2019
ဝါဆိုဝါကပ်ခြင်းနှင့် ဝါကျိုးဝါပျက်ခြင်း ••••••••••••••••••••••••••••••• ဝါတွင်းကာလသို့ ရောက်ရှိလာတော့မည်ဖြစ်၍ ရဟန်းတော်များနှင့် ကိုးကွယ်ဆည်းကပ်ကြသော ဒကာ ဒကာမများပါမကျန် ဝါဆိုခြင်းနှင့် ဝါတွင်းကာလ ရဟန်းတော်တို့ ဝါကျိုးဝါပျက်ပုံကို လက်လှမ်းမှီသလောက် စုစည်းတင်ပြအပ်ပေသည်။ ဝါဆိုရန် ဖြစ်ပေါ်လာပုံ _____________________ ဝါတွင်းကာလ ရဟန်းတော်တို့ အရပ်တစ်ပါးသို့ မသွားရဘဲ မိမိဝါဆိုရာ အရာမ်ကျောင်း၌သာ သုံးလတာ ကာလပါတ်လုံး မြတ်စွာဘုရားရှင်က သီတင်းသုံးစေပါတယ်။ အကြောင်းမှာ ဘုရားရှင် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ်ကာလ ရဟန်းတော်များကို ဝါဆိုဝါကပ်ခြင်းကို ပညတ်တော်မမူသေးပေ။ မပညတ်ရသေး၍ ဆောင်း နွေ မိုး ဥတုသုံးပါးလုံး ဒေသစာရီ ကြွချီလှည့်လည်ကြပါတယ်။ ထိုအခါ လူတွေက ကဲ့ရဲ့ကြပါတယ်။ ရဟန်းများသည် ဘာကြောင့် ဥတုသုံးပါးလုံး မြက်, ကောက်ပဲသီးနှံပင်များကို နင်းချေဖျက်ဆီးပြီး ခရီးသွားနေကြသလဲ၊ ဒီလို မိုးရာသီမှာ သာသနာတော်ပြင်ဘက် တိတ္ထိများသော်လည်း ခရီးမသွားဘဲ တစ်နေရာတည်းမှာ စောင့်စည်းနေထိုင်ကြသေးတယ်။ ငှက်များသော်လည်း သစ်ပင်ဖျားမှာ အသိုက်လုပ်ပြီး မိုးလပတ်လုံး နေထိုင်ကြသေးတယ်။ သည်ရဟန်းတော်များကတော့ မြက်သစ်ပင်နှင့်တကွ များပြားလှသော ပိုးငယ်များကို နင်းချေဖျက်ဆီးပြီး ခရီးသွားနေကြတယ်လို့ ကဲ့ရဲ့ကြပါတယ်။ ဒါယကာများ ဒီလို ကဲ့ရဲ့ကြတဲ့အကြောင်း ဘုရားရှင် ရွှေနားတော်ပေါက်ကြား၍ ဝါတွင်း သုံးလပတ်လုံး ဝါကပ်နေထိုင်ဖို့ ပညတ်ခြင်း ဖြစ်ပါတယ်။ ပစ္ဆိမဝါကပ်ခြင်း —————— ဝါကပ်ခြင်းဟာ ပုရိမဝါကပ်ဆိုခြင်း၊ ပစ္ဆိမဝါကပ်ဆိုခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဝါဆိုလပြည့်ကျော်(၁)ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့အထိ ဝါကပ်နေထိုင်ခြင်းကို ပုရိမဝါကပ်ဆိုခြင်းလို့ ခေါ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် ပုရိမဝါမဆိုဖြစ်သော် ဝါခေါင်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့အထိ ဝါကပ်နေထိုင်ခြင်းကို ပစ္ဆိမဝါကပ်ခြင်းလို့ ခေါ်ပါတယ်။ ဝါထပ်ခြင်း ———— ဝါထပ်သည်ဆိုသည်မှာ ယခုခေတ် မြန်မာပြက္ခဒိန်၌ “ပထမဝါဆို ၊ ဒုတိယဝါဆို “ ဆိုပြီးပြတတ်ပါတယ်။ ထိုသို့ ဝါထပ်သောနှစ်များတွင် ဒုတိယဝါဆို၌ ဝါဆိုဝါကပ်ရမည် ဖြစ်ပေသည်။ (ဒုတိယဝါဆိုလဆန်း(၁)ရက်မှာ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့အထိ ) ။ ဒီလိုဆို ရှေးယခင်က ယခုခေတ်ကဲ့သို့ ပြက္ခဒိန်များ မရှိလေတော့ ဝါထပ်ခြင်းကို ဘယ်လိုသိမလဲဟု မေးရန်ရှိပေသည်။ ရှေးက မင်းတို့သည် မင်းဆရာပုရောဟိတ်၏ အကူအညီဖြင့် နိုင်ငံတစ်ဝန်း ယခုနှစ်မိုးကာလ ဝါထပ်ရမည်ဟု ပြဋ္ဌာန်းခဲ့လျှင် ရဟန်းသံဃာတော်တို့ကလည်း ထပ်ကြရသည်။ ဝါထပ်မှုမရှိဟု ကြေငြာခဲ့အံ့ ဝါထပ်မှုမပြုလုပ်ရပေ။ ဝါဆိုဝါကပ်ခြင်း —————— ရဟန်းတော်တို့သည် မိမိနေထိုင် သီတင်းသုံးမည့် ကျောင်းအရာမ်၌ ဝါဆိုလပြည့်ကျော်(၁)ရက်နေ့တွင် စုပေါင်း နှုတ်ဖြင့် ရွတ်ဆိုကြရပေမည်။ ကျောင်းအရာမ်မှာ- (၁) အမိုးနှင့်ပြည့်စုံခြင်း၊ (၂) အကာနှင့်ပြည့်စုံခြင်း၊ (၃) တံခါးအိမ်၊ တံခါးဘွဲ့၊ တံခါးရွက်နှင့် ပြည့်စုံခြင်း၊ (၄) ဝာတွင်း-၃လ အမြဲနေရန် ကျောင်းဖြစ်ခြင်း။ ဤအင်္ဂါလေးပါးနှင့် ပြည့်စုံက ဝါဆိုရန်အရာမ်လုံလောက်ပေသည်။ ဝစီဘေဒကို မြွက်ဆို၍ ဝါကပ်ရမည်။ (မိုးထိနှင့် ဦးဗုဓ်မူ၌ စိတ်ဖြင့်လည်း “ဤကျောင်း၌ ၃- လ ပတ်လုံး ငါနေမည်“ ဟု စိတ်ဖြစ်ခဲ့လျှင် ဝါကပ်ခြင်းမြောက်၏ဟု ဆို၏) “ ဣမသိံ္မ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ“ ဤကျောင်းတိုက် အရံအတွင်း၌ ဤဝါတွင်း သုံးလပတ်လုံး ဝါကပ်ပါ၏ (ဝါ) ဝါဆိုပါ၏။ ဤကျောင်း၌ ဝါဆိုအံ့ဟု ဝန်ခံပြီးမှ ဝါမဆိုလျှင် ပဋိဿဝဒုက္ကဋ်အာပတ်သင့်၏။ ဝါမကပ်ဆိုလျှင်လည်း ထိုရဟန်းတော် ဒုက္ကဋ်အာပတ်သင့်၏။ ထိုကြောင့် အတည်တကျ ဝါဆိုကျောင်းသို့ မရောက်ရှိနိုင်ခဲ့သော်မှ ကျောင်းမဟုတ်သော ခရီးသွားဆဲ လှည်း၊ လှေ၊ သင်္ဘောတို့မှာ အမိုးအကာ တံခါးရွက်နှင့်တကွ အမိုးတွင်းသို့ ဝင်ကာ ယာယီကုဋီပြု၍ - “ဣဓ ဝဿံ ဥပေမိ“ ဟု ဆိုကာ ဝါကပ်ရမည်။ အမိုး, အကာမရှိက ဝါမဆိုအပ်။ ခရီးဆုံး၍ မိမိအလိုရှိရာအရပ်သို့ ရောက်က ဆင်းပြီး ထိုမြို့ရွာ၌ ဝါကျွတ်စေရမည်။ ဝါမဆိုဘဲ နေခွင့်ပြုပုံ ———————— အကြောင်းတစ်ခုခုကြောင့် ပုရိမဝါမဆိုဖြစ်သော် ပစ္ဆိမဝါကပ်ခြင်းကို ပြုရမည်။ အကယ်၍ ပစ္ဆိမဝါကပ်ခြင်းကို မပြုနိုင်လောက်အောင် အကြောင်းပေါ်ပေါက်လာပါက ဝါကိုဖြတ်နိုင်၏။ ထိုအကြောင်းတို့မှာ- (၁) သားရဲဘေး၊ (၂) မြွေ, ကင်းဘေး၊ (၃) ခိုးသား၊ ဓမြဘေး (၄) ဘီလူး, သားဘက်ဘေး (၅) ဆွမ်းမပြည့်စုံခြင်း (၆) ကျောင်းမပြည့်စုံခြင်း (၇) ဆေးပစ္စည်း မပြည့်စုံခြင်း (၈) မိမိ သပ္ပါယဖြစ်သော ဆွမ်း၊ ဆေးပစ္စည်းကို မရခြင်း၊ (၉) ပတိရူပဖြစ်သော ဒကာဥပါသကာ အလုပ်အကျွေးကို မရခြင်း၊ (၁ဝ) ဗြဟ္မစရိယန္တရာယ်မျိုး ၉ - မျိုး ကျရောက်ခြင်း (၁၁) အရပ်တစ်ပါး သံဃာကွဲပြားရန် အားထုတ်မှုကို ကြားသိရ၍ ညီညွတ်စေဖို့ ဆောင်ရွက်ရန်သွားခြင်း စသည့်အကြောင်းကြောင့် ဝါဖြတ်နိုင်၏။ ထို ဝဿစ္ဆေဒဝါပြတ်ခြင်းကြောင့် ဒုက္ကဋ်အာပတ်မသင့်ပေ။ ဝါကျိုး ဝါပျက်ခြင်း ——————— ဝါဆိုခြင်းမှာ မခက်လှသော်လည်း ဝါကျိုး ဝါပျက်ခြင်းမှာ သာသနာတော်ရှိ ရဟန်းတော်တို့အတွက် အယ်မတန်မှ အရေးကြီလှပေ၏။ ရဟန်းတော်တို့ ဝါဆိုပြီး ဝါတွင်းကာလ၌ ခရီးဒေသစာရီ ကြွလိုက ဝါပန်၍ ကြွနိုင်၏။ အကြောင်းကား - ဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ် ကောသလတိုင်း ဇနပုဒ်မှာ နေထိုင်သော ဥဒေန အမည်ရှိ ဒါယကာဟာ သံဃာကို ရည်မှတ်ပြီး ကျောင်းဆောက်တယ်။ ကျောင်းပြီး ရေစက်ချပွဲလုပ်ဖို့ သံဃာတော်တို့ထံ “ တပည့်တော်အလှူပေးချင်ပါတယ်၊ တရားနာချင်ပါတယ်၊ သံဃာတော်များကို ဖူးမြော်ချင်ပါတယ် ကြွရောက်ချီးမြှောက်တော်မူပါ“ လို့ လျှောက်ထားပါတယ်။ ရဟန်းတော်များမှာ ဝါတွင်းကာလမို့ ညအိပ်ခရီး မသွားကြဘူး။ ထိုအခါ ဥဒေန ဒါယကာက “ ငါ့အလှူကို အရှင်ကောင်းများ ပင့်သော်လည်း မလာဘဲ နေရက်ကြတယ်“လို့ ကဲ့ရဲ့ပါတယ်။ ထိုအကြောင်းကို သိတော်မူ၍ ဘုရားရှင်က သီတင်းသုံးဖော်ငါးဦးနှင့် ဥပါသကာ၊ ဥပါသိကာမများက ပြုဖွယ်ကိစ္စဖြင့် ပင့်လျှောက်သော် ခုနှစ်ရက်အတွင်း ဝါပန်၍ သွားရမယ်၊ ခုနှစ်ရက်အတွင်း ပြန်ကြွလာရမယ်၊ မပင့်ဘဲ မသွားရဘူးလို့ ပညတ်တော်မူပါတယ်။ ဝါပန်ပုံ ။ ။ အန္တော သတ္တာဟေ ပဋိနိဝတ္တိဿာမိ။ သတ္တာဟဗ္ဘန္တရေ ပဋိနိဝတ္တိဿာမိ။ အရုဏ်တက်ချိန်နှင့် ရက်တွက်ပါ ————————————— ဝါပန်တဲ့ ရဟန်းတော်သည် ခုနှစ်ရက်အတွင်း ဝါပန်၍ သွားရမယ်၊ ခုနှစ်ရက်အတွင်း ပြန်ကြွလာရမယ်ဆိုတဲ့ စကားရပ်ဖြင့် ခုနှစ်ရက်အတွင်းကို ဘယ်လိုတွက်မလဲ၊ မေးစရာရှိပေသည်။ ကင်္ခါဝိတရဏီ အဋ္ဌကထာ၊ နိဿဂ္ဂိပါစိတ် ပထမ ကထိနဝဏ္ဏနာ အဖွင့်မှာ- “ တဉ္စ အနေတံ စီဝရံ ယံ ဒိဝသံ ဥပ္ဗန္နံ၊ တဿ ယော အရုဏာ သော ဥပ္ပန္နဒိဝသနိဿိတော“ လို့ ဖွင့်ဆိုချက်နှင့်အညီ သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ဗနာမပြုဘဲ၊ ဆယ်ရက်အလွန် ထားမိက နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ထိုအဖွင့်မှာ ဝါပန်အဖွင့် မဟုတ်ပေမယ့် အရုဏ်ကိုတော့ တွက်ပြထားပါတယ်။ ထိုကြောင့် ဘုရားရှင်မိန့်ကြားတဲ့ တစ်ရက်သည် ယခုခေတ် နာရီ ည - ၁၂ နာရီဖြင့် တွက်ချက်ခြင်းမဟုတ်၊ အရုဏ်ဟုခေါ်သော မနက်နေစထွက်စချိန်ကို ဆိုလိုပေသည်။ ဥပမာ- ရဟန်းတော်သည် ယနေ့ ဝါပန်ပြီး ကျောင်းမှ ထွက်ခွာသွားအံ့ နောက်နေ့မနက် အရုဏ်တက်အချိန်သည် တစ်ရက်ရ၏။ ထို့ကြောင့် ဝါပန်၍ ၆ - အရုဏ် နေခွင့် ရှိ၏။ ၇ -ရက်မြောက်နေ့၏ ၇ - အရုဏ်ကို မိမိဝါဆိုရာ အရာမ်တွင်းမှာ တက်စေရမည်ဟု ဆိုလိုပေသည်။ ပိုလွန်အောင်နေမိက ရတ္တိစ္ဆေဒဒုက္ကဋ်အာပတ်သင့်၍ ဝါကျိုး ဝါပျက်၏။ အကယ်၍များ ဝါပန်စရာအကြောင်းကရှိနေသေးက ၆ - အရုဏ်၊ ၇- ရက်မြောက်ပြန်ကြွလာပြီး၊ တစ်အရုဏ်မျှ မိမိဝါကပ်ရာအရာမ်၌ နေထိုင်ပြီး ဝါပန်ပြန်ထွက်နိုင်၏။ ဤကား ဝိမတိဆရာ၏ အလိုတည်း။ ဝါပန် တုံ - သုံးချက် ———————— ပြုဖွယ်ကိစ္စဟူသည် (၁) ဒါနဉ္စ ဒါနတုံ -အလှူပေးခြင်းငှာလည်းကောင်း၊ (၂) ဓမ္မဉ္စ သောတုံ - တရားတော်ကို နာခံခြင်းငှာလည်းကောင်း၊ (၃) မုခဉ္စ အဿိတုံ -မျက်နှာတော်ကို ဖူးမြော်ခြင်းငှာလည်းကောင်း ဒီ တုံ - သုံးချက်တစ်ခုခုဖြင့် ပင့်လျှောက်က ဝါပန်၍ ကြွနိုင်ပေသည်။ ထို့အပြင် သံဃာဒိသ်သင့်၍ ပရိဝါသ် နေလိုသောရဟန်း၊ အရင်းငင်လိုသောရဟန်း၊ မာနတ်ကျင့်လိုသောရဟန်း၊ အမ္ဘာန်သွင်းလိုသောရဟန်း ၊ ရဟန်းတစ်ပါးကို သံဃာက တဇ္ဇေနီယကံ, နိသယကံ, ပဗ္ဗာဇနီယကံ, ပဋိဿရဏီယကံ, ဥက္ခေပနီယကံတို့ကို ပြုလိုသောအခါ အပြုခံရဟန်းတော်က ပင့်လျှောက်လျှင်လည်းကောင်း၊ အကို, အမ, နှမ,ဆွေမျိုးနှင့် အတူနေပုဂ္ဂိုလ်တို့ ဖျားနာသော်လည်းကောင်း စသည်တို့မှ ပင့်လျှောက်၊ ပင့်ဖိတ်က ဝါပန်ကြွနိုင်၏။ မပင့်ဖိတ်က ဝါပန်၍သော် မကြွအပ်ပေ။ မပင့်ဖိတ်ပဲ ဝါပန်သွားနိုင်ပုံ —————————— (၁) သီတင်းသုံးဖော်ငါးဦး ( ဘိက္ခု၊ ဘိက္ခုနီ၊သာမဏေ၊ သာမဏေမ၊ သိက္ခမာန်) ၊ ထို သီတင်းသုံးဖော်တို့ မနာမကျန်းခြင်း ဖြစ်ခြင်း၊ (၂) မိခင် ဖခင်တို့ ဖျားနာ၌ မကျန်းမာခြင်း၊ (၃) မိမိ၊ သီတင်းသုံးဖော်ငါးဦးနှင့် မိဘတို့ အတွက် ဆေးပစ္စည်းရှာဖွေခြင်း၊ (၄) သီတင်းသုံးဖော်တို့ သာသနာတော်၌ မမွေ့လျော်၍ ဖျောင်းဖျရန်အတွက်လည်းကောင်း၊ (၅) သီတင်းသုံးဖော်တို့ မိစ္ဆာဒိဋ္ဌိကို ပယ်ဖျောက်ရန် ဖျောင်းဖျရန် အလို့ငှာလည်းကောင်း၊ (၆) သီတင်းသုံးဖော်တို့ ဝိနယကုက္ကုစ္စကို ပယ်ဖျောက်ရန် အလို့ငှာလည်းကောင်း၊ (၇) သံဃာဒိသ်အာပတ် ကုစားရန်အတွက်လည်းကောင်း မပင့်ဖိတ်သော်လည်းဘဲ ဝါပန်သွားနိုင်၏။ ဝါတွင်း တရားစခန်း ———————— ယနေ့ခေတ် အခြားသော ကမ္မဋ္ဌာန်းရိပ်သာသို့ တရားအားထုတ်ရန် အလို့ငှာ မိမိဝါဆိုကျောင်းအရာမ်မှ ဝါပန်ကာ သွားရောက်အားထုတ် တတ်ကြ၏။ တရားအားထုတ်သော အလုပ်သည် အလွန်ကောင်းသော အလုပ်ဖြစ်၏။ သို့သော် ဘုရားရှင် ခွင့်ပြုအပ်သော ဝါပန်၍ သွားအပ်သော အကြောင်းကိစ္စတို့၌ မပါဝင်ပေ။ ထို့ကြောင့် ဝါပန်၍ သွားရောက်ခြင်းသည် ဝိနည်းတော်နှင့် ညီမညီ ဖြစ်, မဖြစ် (ဝါ) ဒုက္ကဋ်အာပတ် သင့်, မသင့် လေးလေးနက်နက် စဉ်းစားတော်မူကြပါကုန်။ အရုဏ်မတက်မီနှင့် အရုဏ်ဆွမ်း ————————————— ယခုအခါ ရပ်ကွက်အသီး၌ အရုဏ်မတက်မီ အရုဏ်ဆွမ်းဟူ၍ လောင်းလှူနေကြသည်ကို အတော်များများတွေတတ်၏။ ရဟန်းတော်တို့အဖို့ အရုဏ်မတက်မီ မြို့ထဲ ရွာထဲ ဆွမ်းခံမှု ၊ မိမိကျောင်း၌ အာရုဏ်မတက်မီ ဆွမ်းအကပ်ခံခြင်းသည် ဒုက္ကဋ်အာပတ်ကို သင့်စေ၍ စားခြင်းသည် နေလွဲသောအခါ၌ စားခြင်းနှင့် မည်သောကြောင့် မျိုတိုင်းမျိုတိုင်း ဝိကာလဘောဇနသိက္ခာပုဒ်အရ ပါစိတ်အာပါတ်ကို သင့်စေ၏။ စားနေတုန်း အရုဏ်တက်ခဲ့သော်လည်း ဆက်စားနေခြင်းသည် ယမန်နေ့က အကပ်ခံ၍ သိုမှီးထားသော ဆွမ်းကို စားသည်မည်သောကြောင့် စားမျိုတိုင်း သန္နိဓိကာရက သုဒ္ဓပါစိတ်အာပတ် သင့်၏။( အရုဏ်မတက်မီစားသော ၈- ပါးသီလယူထားသော ယောဂီများ ဝိကာလဘောဇနသီလ ပျက်၏။) ထို့ကြောင့် သာသနာတော်ကို ကြည်ညိုလေးစားကြသော ဆွမ်းဒကာ ဆွမ်းအမတို့သည် မိမိတို့သည် အရုဏ်မတက်မီ လောင်းလှူအပ်သော ဆွမ်းခဲဖွယ်ကြောင့် ရဟန်းတော်တို့ မုတ်ချဧကန်အာပါတ်သင့် သလို၊ လှူထားသော ဒါယကာတို့သော်လည်း ကုသိုလ်ရသင့်သလောက် မရကြပေ။ ထိုပြင် ရဟန်းတော်တို့အနေဖြင့် ဝါမပန်ဘဲကျောင်းတိုက်မှ ထွက်ခွာသွားပြီး ဆွမ်းခံ၍ အရုဏ်တက်ပြီးမှ ကျောင်းသို့ ပြန်ဝင်က ဝါလည်းပြတ်၊ ဒုက္ကဋ်အာပတ်လည်း သင့်သည်ကို အထူးသတိပြုဖို့ လိုအပ်ပေသည်။ လဆန်းကိုးရက် ဝါပန်ထွက် ပြန်ရက် မရှိပြီ ————————————————— ဝါကျွတ်ခါနီး သီတင်းကျွတ်လဆန်း ၉ - ရက်နေ့၌ သတ္တာဟဆောင်၍ ရှေ့ကပြခဲ့သလို ဝါပန်ရန်ကြောင်း ပေါ်ပေါက်က ဝါပန်၍ ကြွသွားနိုင်၏။ ဝါပန်ဘဲ သွားက ဝါလည်းပြတ်၊ ဒုက္ကဋ်အာပတ်လည်းသင့်၏။ လဆန်း ၉ - ရက်နေ့ ဝါပန်ထွက်းသွားသော ရဟန်းတော်သည် သီတင်းကျွတ်လပြည့်နေ့ညဥ့် အရုဏ်တက်ပြီး ဝါပန်သော ခွင့်ပြုရက် ၇- ရက်လည်းပြည့် ဝါလည်းကျွတ်သောကြောင့် မိမိဝါဆိုကျောင်းသို့ ပြန်၍ လာရန် မလိုအပ်တော့ပေ။ အထူးသတိပြုရန်မှာ သီတင်းကျွတ်လပြည့်နေ့သည် ပဝါရဏာပြုပြီးသည်အထိ ဝါမကျွတ်သေး၊ ထိုနေ့ညဥ့် အရုဏ်တက်ပြီးမှသာ ဝါကျွတ်သည်ဖြစ်သောကြောင့် ခရီးအကြောင်းပေါ်ပေါက်က ဝါပန်၍သာ သွားအပ်သည်။ ဝါမပန်ဘဲ ကြွအံ့ ဝါပြတ်၍ ဒုက္ကဋ်အာပတ်သင့်၏။ ထို့ကြောင့် တတ်နိုင်ပါက သီတင်းကျွတ်လပြည့်ကျော် ၁- ရက်နေ့ မနက်မှ ခရီးထွက်က ဝါလည်းကျွတ်ပြီးဖြစ်၍ စိတ်ချလက်ချ ခရီးဒေသစာရီ ကြွချီနိုင်ပေသည်။ ဝါကျိုး ဝါပြတ်ခြင်းသည် ကထိန်အာနိသင် မရခြင်း၊ ဒုက္ကဋ်အာပတ်သင့်ခြင်းသာ ဖြစ်စေ၍ ဝါပြယ်သောကြောင့် ရဟန်းဝါ တစ်ဝါနှစ်ဝါ စသည်ဖြင့် လျော့သွား ဝါမရသည် မဟုတ်ပေ။ { အကြောင်းအရာတို့အား လက်လှမ်းမှီသလောက် စုစည်းတင်ပြအပ်သည် ဖြစ်သောကြောင့် လိုအပ်ချက်များရှိက ပြင်ဆင်ဖတ်ရှုကြပါကုန်..} Ashin Nanissara (Dhamma Nāyaka) မှ ပူဇော်ပါသည်။ ဝိနယမဟာဝဂ် - ဝဿုပနာယိကက္ခန္ဓက၊ဝိမတိဝိနောဒနီဋီကာ(ဒု) ၁၇၅၊၁၇၆။ ကင်္ခါဝိတရဏီ အဋ္ဌကထာ၊ နိဿဂ္ဂိပါစိတ် ပထမ ကထိနဝဏ္ဏနာ ။ ဝိနယ ဝိနစ္ဆယဋီကာ(ဒု) ၂ဝ၈။ လယ်တီဆရာတော်- ဝိနယသံခိပ်ကျမ်း၊ အရှင်သြဘာသ - ဝိနည်းဥပဒေတော်ကြီး(နှာ- ၂၉ဝ) ၊ ထီးချိုင့်တည်တောဆရာတော်ကြီး၊ ဆုထူးပန်ဆရာတော် အရှင်နာယက။ Credit: Ashin Nannissara တရားဒသနများ ပြန်လည်မျှဝေပါသည်.... ဦးသိန်း
via အလင်းရောင် ဓမ္မ https://ift.tt/2L7Bqxa
Newer Post
Older Post
Home