အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, July 8, 2019
ဗုဒ္ဓဘာသာနဲ့ စုံ-မပြဿနာ 🌷🌷🌷🌷🌷🌷🌷 ဖတ်ကြည့်နော်… တစ်လောက… အွန်လိုင်းစာမျက်နှာ တစ်ခုပေါ်မှာ တက်လာတဲ့ ဘုရားစင်နဲ့ ဘုရားပုံလေးကိုကြည့်ပြီး အောက်မှာရေးထားတဲ့ မှတ်ချက်လေးတစ်ခုကို သတိပြုမိလိုက် ပါတယ်။ စာဖတ်သူ တစ်ဦးက ပုံတင်သူကို ဘုရားစင်မှာ ဘုရားပန်းအိုးက နှစ်အိုးတည်းပါလားလို့ မှတ်ချက်ပြုထားတာကို ပုံပိုင်ရှင်က…နှစ်အိုးမဟုတ်ပါဘူး၊ သုံးအိုးပါ မမြင်ရလို့ပါဆိုပြီး ပြန်ပြောထားကြပါတယ်။ ဒီမှတ်ချက်လေးတွေကိုကြည့်ပြီး တချို့တချို့ ဗုဒ္ဓဘာသာဝင်တွေမှာ ဒီလို စုံ-မ အယူအဆလေးတွေ ရှိနေတာကို သတိပြုမိပြန်ပါတယ်။ တစ်ခါတုန်းကလည်း ရဟန်းဒကာမတစ်ဦး က ကျောင်းကဘုရားခန်းမှာ ဘုရားပန်းအိုးကြီးတွေ လှူမလို့ အဲဒါနှစ်အိုးပဲ ရှိနေတဲ့အတွက် အဆင်ပြေရဲ့လားဘုရားလို့ လျှောက်ထားဘူး ပါတယ်။ လှူကောင်းပါတယ်လို့ ပြောရင်း စိတ်ထဲမှာလည်း နှစ်အိုးတည်းဆိုရင် မလှူကောင်းဘူး၊ ကုသိုလ်မရဘူး၊ အပြစ်ဖြစ်မယ်၊ ဘာဖြစ်မယ်၊ ညာဖြစ်မယ်လို့များ ထင်နေသလား မသိပါဘူးလို့ ကိုယ့်ဖာသာကိုယ် စဉ်းစားနေမိခဲ့ပါသေးတယ်။ စကားစပ်လို့ ဘုန်းဘုန်းတို့ ရောက်နေတဲ့နိုင်ငံရဲ့ မြန်မာသံရုံးက အဖြစ်အပျက်လေးတစ်ခုကို သွားသတိရမိပါ သေးတယ်။ သံရုံးကနေပြီး ဆရာတော်တစ်ပါးထံကို သံဃာသုံးပါး ဆွမ်းစားပင့်ပါတယ်။ အဲဒီတုန်းက သံဃာတော်တွေလည်း မအားတော့ သုံးပါးမကြွနိုင်ပဲ နှစ်ပါးပဲ ကြွနိုင်မယ့်အကြောင်း ပြန်ပြောတော့ နှစ်ပါးတည်းဆိုရင်တော့ မထူးပါဘူးဘုရား ဆရာတော် တစ်ပါးတည်းပဲ ကြွပါဘုရားလို့ အဲဒီဆရာတော်ကို ပင့်လိုက်တဲ့အကြောင်း ဆရာတော်က ဘုန်းဘုန်းကို ပြန်ပြောပြပါတယ်။ သံရုံးမှာရှိတဲ့ ပညာတတ်ဆိုသူတွေက ဘုန်းကြီးပင့်တာတောင် သုံးပါးဖြစ်စေ ငါးပါးဖြစ်စေ ပင့်ချင်တဲ့ သဘောရှိပြီး နှစ်ပါး လေးပါးစတဲ့ စုံအရေအတွက်တွေကို မကြိုက်တဲ့သဘော ရှိပါတယ်။ နောက်ဆုံးတော့ နှစ်ပါးပဲ ကြွနိုင်မယ်ဆိုရင် တစ်ပါးပဲ ကြွပါဘုရားဆိုပြီး ပင့်ကြသတဲ့လေ။ စုံ-မကြိုက်ပဲ မ-မှ ကြိုက်တဲ့သဘောပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဘယ်လို အဓိပ္ပါယ်ကြောင့် ဆိုတာ မသိပေမဲ့ သေချာတာကတော့… သူတို့စိတ်ထဲမှာ နှစ်ပါး လေးပါး စတဲ့ စုံအရေအတွက်တွေကို သိပ်သဘောမကျတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ အဲဒီလို စုံ-မသတ်မှတ်မှုဟာ သိပ်အရေးပါတယ်ဆိုရင် ဗုဒ္ဓတရားတော်များမှာ စုံအရေအတွက်တွေနဲ့ ဟောထားတဲ့ အင်္ဂါရပ်တွေ အချက်အလတ်တွေ အများကြီးပါပဲ။ ဥပမာ… သစ္စာ (၄)ပါး၊ မဂ္ဂင် (၈)ပါး၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ပါး၊ ပဋ္ဌာန်း (၂၄) ပစ္စည်းတရားများ စတာတွေဟာ စုံအရေအတွက်တွေပဲ ဖြစ်ပါတယ်။ စုံ-အရေအတွက်ဆိုရင် မလုပ်ကောင်းဘူး မလှူကောင်းဘူး မကျင့်ကောင်းဘူးဆိုရင် ဒီတရားတော်တွေလည်း ကျင့်ဖို့မလိုတဲ့ သဘောကို ဆောင်သွားနိုင်ပါတယ်။ မ-အရေအတွက်တွေမှ ကောင်းတယ်ဆိုတဲ့ သူတွေ ကပ်ပြောရရင် သရဏဂုံ သုံးပါးနဲ့ ငါးပါးသီလကို ကျတော့ ဘာဖြစ်လို့ လုံအောင်မထိန်းနိုင်ကြသလဲလို့ ထောက်ပြစရာ ဖြစ်နေပြန်ပါတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။ အဓိကကတော့… အရေအတွက်ထက် စေတနာ ရည်ရွယ်ချက်က ပိုပြီးအခရာကျတယ်ဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီစုံ-မ အယူအဆဟာ ဗုဒ္ဓတရားတော်တွေနဲ့ ဘာမှ မသက်ဆိုင်တဲ့ အယူအဆပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ ဒီလို စုံ-မအယူအဆလေးတွေဟာ ဗုဒ္ဓဘာသာတွေ ကြားမှာ ဘာမှမဖြစ်လောက်ပေမဲ့ မသိမသာ များနေတာကို သတိပြုမိပါတယ်။ ကုသိုလ်ကောင်းမှု လုပ်တဲ့အပိုင်းမှာ သဒ္ဓါတရားနဲ့ စေတနာကို အလေးမထားပဲ အသွင်အပြင်ပိုင်းကို ဦးစားပေးပြီး ဘယ်နှစ်ပါးမှ ဘယ်နှစ်မျိုးမှ ဘယ်လောက်မှ ဘယ်ရက်မှ စတဲ့ သတ်မှတ်ချက်တွေမှာ ပိုပြီးအလေးထားနေကြတာတွေဟာ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေက လွဲနေသလို ဖြစ်နေပြန်ပါတယ်။ စုံအရေအတွက်ဆိုရင် ဘာဖြစ်တတ်တယ် မအရေအတွက်ဆိုရင် ဘယ်လိုဖြစ်မယ် စတဲ့ အစဉ်အလာ ယုံကြည်ချက်တွေဟာ ဗုဒ္ဓဘုရား ဟောကြားချက်တွေနဲ့တော့ လွဲနေတော့တာ ဖြစ်ပါတယ်။ ပညတ်သတ်မှတ်ချက်တွေ မကင်းလှတဲ့ လောကကြီးမှာ ပညတ်ကို ပယ်ဖို့မဖြစ်နိုင်ပေမဲ့ ကောင်းမှုကုသိုလ် လုပ်တဲ့အပိုင်းမှာတော့ ပညတ်အရေအတွက် သတ်မှတ်ချက်တွေထက် စေတနာသဒ္ဓါတရားက အဓိကဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ လောကီဗေဒင်လက္ခဏာ ဆရာတွေကြောင့် ဒီလို စုံ-မ သတ်မှတ်ချက်တွေ ဖြစ်ရတယ်ဆိုရင်လည်း လောကီရေးနဲ့ ကုသိုလ်ရေးမှာ တွဲသွားနေတာတော့ မကောင်းလှပါဘူး။ ဆိုလိုတာက… အလှူဒါန ပြုတဲ့အပိုင်း ကုသိုလ်လုပ်တဲ့ အပိုင်းတွေမှာ ဘယ်နှစ်ပါးမှ ဘယ်နှစ်မျိုးမှ ဘယ်နှစ်ခုမှ စတဲ့ သတ်မှတ်ချက်တွေကို ဦးစားပေးပြီး လုပ်နေကြတာတွေဟာ ဘုရားအလိုအကျ စေတနာ၊ သဒ္ဓါတရားကို အဓိကထားတဲ့ အယူအဆနဲ့ လွဲနေကြတဲ့အတွက် ဒီလို စုံ-မ အယူအဆလေးတွေကို အလေးမထားပဲ ကိုယ်လုပ်တဲ့ ကောင်းမှုအလုပ်အပေါ်မှာ အရေအတွက်ထက် စေတနာ သဒ္ဓါတရားကိုသာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း ဘယ်နှစ်မျိုး ဘယ်နှစ်ပါး စသဖြင့် လှူနိုင်တာထက် လှူတဲ့အခိုက်မှာ စေတနာသုံးတန် ပြဌာန်းပြီး ကုသိုလ်အကျိုးကို အပြည့်အဝ ရအောင် လှူနိုင်ကြဖို့ လေ့ကျင့်ကြရမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့်… သတ်မှတ်ချက်တွေကို ဦးစားပေးပြီး အနှစ်သာရထက် အသွင်အပြင်ပိုင်းကို အလေးထားကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အလှူဒါန ပြုကြတဲ့အခါ… စေတနာ သဒ္ဓါတရားထက် သုံးပါး ငါးပါး စတဲ့ မအရေအတွက်မှာ အလေးထားနေကြတာတွေဟာ ကုသိုလ်ရေးထက် လောကီရေးတွေကို ဦးစားပေးနေသလို ဖြစ်တဲ့အတွက် ဒီအယူအဆတွေဟာ… ဘုရားအလိုအကျ အယူအဆတွေ မဟုတ်ပဲ ကုသိုလ်ရေးမှာ အဓိကနဲ့ သာမညလွဲသလို ဖြစ်တယ်ဆိုတာ သတိပြုဆင်ခြင်ရင်း အရေအတွက် သတ်မှတ်ချက်ထက် စေတနာ သဒ္ဓါတရား အားကောင်းပြည့်ဝအောင်သာ ကြိုးစားကြရမှာ ဖြစ်ပါကြောင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် မီးမောင်းထိုး တင်ပြလိုက်ရပါတယ်။ မနာပ ဒါယီ ဆရာတော်အရှင်ဝိစိတ္တ( ဒိုက်ဦး ) မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း )
via အလင်းရောင် ဓမ္မ https://ift.tt/2NGbf2T
Newer Post
Older Post
Home