အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, July 8, 2019
နတ်တွေက ပိုသိတယ်... 🌷🌷🌷🌷🌷🌷🌷 သဒ္ဓါရဲ့တန်ဘိုးကို လူတွေထက် နတ်တွေကပိုသိတယ် ၊ဘာဖြစ်လို့ ပိုသိသလဲဆိုတော့လူတွေက စီးပွားဥစ္စာကို ကြိုးစားပြီး ရှာကြရတယ်၊ ကိုယ့်ရဲ့ လုံ့လဝီရိယကြောင့် စီးပွားဥစ္စာတွေတိုးတက်ကြတယ်ဆိုတော ကံ,ကံရဲ့အကျိုးကိုသိပ်ပြီးမယုံကြည်ဘူး၊ သဒ္ဓါရဲ့စွမ်းအားကိုသိပ်ပြီးမသိကြဘူး၊ နတ်တွေကျတော့ ကံ,ကံရဲ့အကျိုးကို သိပ်ပြီးယုံကြည်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတိုမှာက လုပ်ကိုင်ပြီးစားရတဲ့ဘဝမှ မဟုတ်တာ ၊ကံ ကံရဲ့အကျိုး ကြောင့် ရလာတဲ့ ဘဝသာဖြစ်တယ်၊ အရာရာဟာ ကံပေါ်မှာ မူတည်နေတယ်၊ ကံမရှိရင် ဘာမှမရပါဘူး ၊ 🚶လူ့ပြည်မှာလို့ အရောင်းအဝယ်လုပ်လို့ မရဘူး၊နတ်ပြည်မှာ ရွှေဆိုင်တွေဖွင့်လို့ရတာမဟုတ်ဘူး၊အဲဒီတော့ ကံပေးတာလေးဘဲ သူတို့တစ်တွေ ရကြတာနော်။ 🚶နတ်တွေက လူတွေနဲ့ မတူဘူး ၊ဖြစ်ပေါ် လာတဲ့ ဘဝတစ်ခုမှာ သူတို့ နတ်သက်တမ်း တစ်လျှောက်လုံး ဝတ်ထားတဲ့အဝတ်လည်း ဘယ်တော့မှ ဖွတ်ရတယ် မရှိဘူး၊ ပန်ထားတဲ့ပန်းကလည်း ဘယ်တော့မှ နွမ်းသွားတယ်မရှိဘူး၊ အို ပူလို့အိုက်လို့ ချွေးထွက်တာလည်းမရှိဘူး ၊ အမြဲတမ်း သန့်ရှင်းသန့်ပြန့်နေတယ်၊ ဘယ်နတ်ပြည်မှာမှ ပေါင်ဒါတို့ ရေမွှေးတို့ ဆိုတာလည်း လိုမယ်မထင်ဘူး သဘာဝကိုက သန့်ပြန့်နေတယ်၊ 🚶သို့သော် နတ်တွေက ကံကုန်တော့မယ်ဆိုရင် ဝတ်ထားတဲ့အဝတ်တွေ နွမ်းလာတယ်၊ ပန်ထားတဲ့ ပန်းတွေ ညိုးလာတယ်၊ ခန္ဓာကိုယ်ဟာလည်း စိုစိုပြေပြေ မရှိတော့ဘဲ မွဲမွဲခြောက်ခြောက် ဖြစ်လာတယ် ၊ ချိုင်းကြားကနေ ချွေးတွေဘာတွေ ထွက်လာ တယ် ၊ဒါက သူနီု့သေခါနီးပြီဆိုတဲ့ signပြတာလို့ ခေါ်တယ်၊ sign ပြလာလို့ medicaI check up သွားလုပ်မနေနဲ့တော့နော် မရတော့ဘူး၊ 🚶အဲဒီလို အခြေအနေတွေပေါ်လာတဲ့ နတ်တွေကို မိတ်ဆွေ နတ်တွေက နန္ဒဝန်ဥယျာဉ်ထဲကို ဆွဲခေါ်သွားကြတယ်၊ ဆွဲခေါ်သွားပြီးတော့ စကား(၃)ခွန်း ပြောဆို မှာကြားကြတယ် "အေး ဘာမှမစိုးရိမ်ပါနဲ့ ၊ ဒီဘဝက သေသွားလို့ရှိရင် အကောင်းဆုံးဘုံကို ရောက်အောင်သွားပါ ၊ အကောင်းဆုံးဘုံကို ရောက်တဲ့အခါကျတော့ အကောင်းဆုံးလက် ဆောင်ကို ရအောင်ယူလာပါ ၊ရထားတဲ့ လာဘ်ဘကို ခိုင်မာအောင် ကြိုးစားပါ" ဆိုတဲ့ စကား(၃)ခွန်း ပြောလိုက်ကြတယ်။ 🚶စကားသုံး(၃)ခွန်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုရင် အကောင်းဆုံးဘုံကို ရောက်အောင်သွားဆိုတာက လူ့ဘုံကို ရောက်အောင်သွားလို့ ပြောတာဖြစ်တယ်။ 🚶အကောင်းဆုံးလာဘ်ကို ရအောင်ယူဆိုတာ သဒ္ဓါတရားကို ပြောတာဖြစ်တယ်။ 🚶ခိုင်မာအောင် လုပ်ပါဆိုတာ အဲဒီရထားတဲ့ သဒ္ဓါတရားကို ခိုင်မာအောင်လုပ်ပါလို့ ဒီလိုဆိုလိုတာဖြစ်တယ်။ 🚶အဲဒီတော့ နတ်သားတစ်ယောက် ၊ နတ်သမီးတစ်ယောက် စုတေခါနီးပြီဆိုရင် နန္တဝန်ဥယျာဉ်ကို ခေါ်သွားပြီးတော့ အဲဒီစကားသုံး (၃)ခွန်းကို မှာကြားကြပါတယ်၊ အဲဒါကြောင့် သဒ္ဓါစွမ်းအားရဲ့တန်ဘိုးကို သူတို့က ပိုသိကြတယ်၊ လူ့ပြည်ရဲ့တန်ဘိုးကို ပိုသိကြတယ်။ 🚶လူ့ပြည်မှာ ဘုရားရှိတယ်၊ တရားရှိတယ် ကုသိုလ်ကောင်းမှုတွေ လုပ်နိုင်တယ်၊ ဘုရား, တရား, သံဃာ ရတနာ(၃)ပါး ရှိသည့်အတွက်ကြောင့် လူ့ပြည်မှာ ကုသိုလ်ကောင်းမှုလည်း ရှိတယ်တဲ့ ၊ နတ်ပြည်မှာကြတော့ အခွင့်အလမ်း သိပ်မသာဘူး ၊ သီလဆောက်တည်ဖို့ ဆိုတာလည်း မသေချာ သင်္ကန်းကပ်လှူခြင်း, ဆွမ်းကျွေးခြင်း, ကျောင်းဆောက်လှူခြင်း ဆိုတာတွေကိုလည်း လုပ်လို့မရဘူး ၊ လူ့ပြည်မှာက ကုသိုလ်ကောင်းမှုတွေ အကုန်လုံးလုပ်နိုင်တယ်၊ ဒါကြောင့် သူတို့က လူ့ပြည်ကို သုဂတိဘုံလို့ ဒီလို့သတ်မှတ်တယ်။ 🚶လူ့ပြည်မှာ ကုသိုလ်ကောင်းမှုများများ လုပ်တဲ့ ပုဂ္ဂိုလ်သည် နတ်ပြည်ရောက်တဲ့အခါမှာ သာမန်ထက်ပိုပြီး ထူးခြားတဲ့စည်းစိမ်ခံစားရတယ် ဒါကြောင့် သွားချင်ရင် ဘယ်မှမသွားပါနဲ့ လူ့ပြည်ကိုသွားပါ၊ သဒ္ဓါတရား ရှိလာပြီဆိုရင် ဒီ သဒ္ဓါစွမ်းအားကို အကြာင်းပြုပြီးတော့ ကုသိုလ်များများလုပ်ပါ၊ လုပ်ပြီးရင် တို့နတ်ပြည်ကို ပြန်လာပါလို့ ဒီလို ပြောတာနော်။ 🚶အေး လူ့ပြည်က လူတွေကတော့ လူ့ဘဝကို သိပ်ကြာတယ် ထင်တာကိုး ၊ တွက်ကြည့်ပါလား တာဝတိံသာနတ်ပြည်မှာ (၁)ရက်ဟာ လူ့ပြည်မှာ နှစ်ပေါင်း(၁၀၀) ကြာတယ် ၊ ကဲ ဘုန်းကြီးတို့ အခု နေကြတာဟာ တာဝတိံသာ နတ်ပြည်က (၁)ရက်တောင်မှ မရှိသေးဘူးနော် ၊နာရီပိုင်းလောက်ဘဲ ရှိသေးတယ် ၊ ဒါကို ကြာလှပြီ ထင်နေကြတယ် ဒီကလူတွေက အိုကုန်ပြီနော် ၊ဟိုမှာက (၁)ရက်တောင်မှမရှိသေး ဘူး ၊ အဲဒီလို လူ့ပြည်က ရက်ပေါင်းနဲ့ တွက်မယ် ဆိုရင် နတ်ပြည်မှာကနှစ်ပေါင်း(၁၀၀၀)လောက် အသက်ရှည်တယ်၊ အနှစ်(၁၀၀၀)ဆိုတာ လူ့ပြည်က အနှစ်(၁၀၀၀)ကို ပြောတာမဟုတ်ဘူး၊ လူ့ပြည်နှစ်(၁၀၀)ကို (၁)ရက်နဲ့တွက်ယူတဲ့ အနှစ်(၁၀၀၀)ကို ပြောတာဖြစ်တယ်၊ အေး အဲဒီလို နတ်ပြည်မျိုးကို ဘာနဲ့ရနိုင်သလဲဆိုတော့ အခု ပြောတဲ့ သဒ္ဓါတရားနဲ့ ရနိုင်ပါတယ်၊ စိန်, ရွှေ, ငွေတွေ လောကီဥစ္စာတွေနဲ့ ပေးဝယ်လို့ မရနိုင်ပါဘူးတဲ့ ၊ သဒ္ဓါဆိုတဲ့ဥစ္စာ ချမ်းသာလာပြီဆိုရင် အဲဒီလို နတ်ပြည်မျိုးကို ရနိုင်ပါတယ်၊ ဒါကြောင့်မို့ လောကမှာရှိတဲ့ ပိုက်ဆံတွေကို ကြည့်မယ်ဆိုရင် သူ့ရဲ့သက်ဆိုင်ရာ နိုင်ငံမှာရှိတဲ့ ငွေကြေးဓနတွေရဲ့ တန်ဖိုး မတူဘူးမဟုတ်လား၊ ကျောက်ဆိုရင်လည်း လမ်းခင်းတဲ့ကျောက်နဲ့ ပတ္တမြားကျောက်နဲ့ မတူဘူး မဟုတ်လား၊ တန်ဖိုးချင်း ကွာခြားတယ် ၊အဲဒီလိုပဲ ပကတိဥစ္စာနဲ့ ဟောဒီ မြတ်သောဥစ္စာဟာ အလွန်ကွာခြားတယ် ကားကြီးနဲ့ လေးငါးစီး တိုက်ထားတဲ့ လမ်းဘေးက ကျောက်တွေရဲ့ စုစုပေါင်းတန်ဖိုးဟာ စိန်ကလေးတစ်ပွင့်ရဲ့ တန်ဖိုးနဲ့ နှိုင်းယာဉ်ကြည့်မယ်ဆိုရင် အလွန်ကွာခြားနေတယ် ၊မတူဘူးနော်။ 🚶အေး ဒါကြောင့်မို့ ပကတိဥစ္စာတွေနဲ့ မိမိတို့ရဲ့ ရင်ထဲနှလုံးသားထဲမှာဖြစ်တဲ့ သဒ္ဓါလို့်ဆိုတဲ့ မြတ်သောဥစ္စာ အလွန်ကွာခြားတယ်တဲ့၊ ဒါကြောင့် မြတ်စွာဘုရားက "မြတ်သောဥစ္စာ စုဆောင်းပါ"လို့ ပြောတာနော်။ 🔺🔺🔺🔺🔺🔺🔺🔺🔺 ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ မြတ်သောဥစ္စာ စုဆောင်းပါ စာအုပ်မှ ကူးယူပူဇော်ပါသည်✒ Kyawkyaw win ✒ ဓမ္မ ပန်းများအစဉ်မွှေးကြပါစေ ရေလိုအေး ပန်းလိုမွှေးကြပါစေ Credit....TZWin
via အလင်းရောင် ဓမ္မ https://ift.tt/2XuZOzi
Newer Post
Older Post
Home