Monday, September 9, 2019

အမြင်မှန်တဲ့သူဟာ အင်အားကြီးတဲ့သူ ~~~~~~~~~~~~~~~~ အကုသိုလ်တွေထဲမှာ ဘယ်အကုသိုလ်က အင်အားအကြီးဆုံးလို့ ကြားဖူးသလဲ။ (မိစ္ဆာဒိဋ္ဌိပါဘုရား) မိစ္ဆာဒိဋ္ဌိက အကုသိုလ်ထဲမှာ အဆိုးဆုံးပဲ။ မှားနေတဲ့အမြင်ဟာ ကြောက်စရာအကောင်းဆုံးအရာဖြစ်တယ်။ မှားနေတဲ့အမြင်မှာအခြေခံပြီးတော့ မှားတာတွေတွေးမယ်။ မှားတာတွေပြောမယ်။ မှားတာတွေလုပ်မယ်။ ကုသိုလ်တွေထဲမှာ ဘယ်ကုသိုလ်က အားအကြီးဆုံးလဲ။ (သမ္မာဒိဋ္ဌိပါဘုရား) ကုသိုလ်ထဲမှာ သမ္မာဒိဋ္ဌိက အားအကြီးဆုံးပဲ။ မှန်ကန်တဲ့အမြင်ဟာ စိတ်ရဲ့အဆင့်အတန်းကို ပိုပြီးမြင့်စေတယ်။ စိတ်ဓာတ်အင်အားကို ပိုပြီးကြီးစေတယ်။ ဒါ့ကြောင့် မှန်ကန်တဲ့အမြင်ရှိတဲ့သူဟာ အင်အားကြီးတဲ့သူလို့ ဆိုရမယ်နော်။ တရားအားထုတ်တာဟာ မှန်ကန်တဲ့အမြင်ကိုရဖို့ အားထုတ်တာ။ တရားအားထုတ်လို့ဖြစ်လာတဲ့အသိဥာဏ်က ပိုပြီးတော့စိတ်ရဲ့စွမ်းအားကို ကြီးအောင်လုပ်ပေးနိုင်တယ်။ ဘယ်ဟာက အသိဥာဏ်ကို ပိုပြီးမြင့်စေသလဲ။ ဘယ်ဟာက စိတ်ရဲ့အင်အား၊ စိတ်ရဲ့energy စိတ်ရဲ့စွမ်းအင်သတ္တိတွေကို ပိုပြီးတော့ ကြီးမားစေသလဲဆိုတာ သိရအောင် လက်တွေ့လုပ်ကြည့်လိုက်ပါ။ ကုသိုလ်စိတ်ဖြစ်နေအောင်လုပ်ပြီး ကုသိုလ်စိတ်ဖြစ်နေတာကို ပြန်သိနေရမယ်။ အကုသိုလ်စိတ်ဖြစ်နေရင်လည်း အကုသိုလ်စိတ်ဖြစ်နေတာကို ပြန်​သိနေရမယ်။ ကုသိုလ်စိတ်ဖြစ်နေတာကို မသိရင်၊ အကုသိုလ်စိတ်ဖြစ်နေတာကို မသိလို့ရှိရင် ပညာတတ်မဟုတ်သေးဘူး။ ကိုယ့်စိတ်ကိုမှ ကိုယ်မသိလို့ရှိရင် တခြား ဟိုအကြောင်း ဒီအကြောင်းတွေသိနေရုံနဲ့ ပညာတတ်လို့ မဆိုနိုင်ဘူး။ ကုသိုလ်မှန်းသိပြီးတော့ အဲဒီကုသိုလ်ကိုလုပ်ရင်းနဲ့ စိတ်ဓာတ်အင်အားကို ကြီးသည်ထက်ကြီးလာအောင် မြင့်သည်ထက်မြင့်လာအောင် မြှင့်တတ်တဲ့လူဟာ ပညာတတ်ပဲ။ ဒါ့ကြောင့် ပညာတတ်ချင်လို့ တရားကိုလေ့လာတာ။ မျက်ကန်းယုံကြည်မှုမျိုး မဟုတ်ဘူးနော်။ ________________ ဆရာ​တော်​ ဦး​ဇောတိက (မဟာမြိုင်​​တောရ) ၏ " အသက်ရှင်နေလျှက် ဘဝသေနေသူ " " ငါ့ဘဝကိုအကောင်းဆုံးဘယ်လိုနေမလဲ " စာအုပ်မှ / April


via အလင်းရောင် ဓမ္မ https://ift.tt/2UIi5ED