အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, September 13, 2019
" နာကျင်မှုဝေဒနာကို ကျော်စေနိုင်မယ့်အမြင် " 🌷💫💫💫💫💫💫💫💫💫💫💫💫🌷 ~~ တရားထိုင်တဲ့အခါမှာ ပုံမှန်အနေအထားနဲ့ ထိုင်ပေမယ့် ဝေဒနာတွေ တက်တာများကြပါတယ်။ ဝေဒနာတက်လာတဲ့အခါမှာ ယောဂီတွေက ရုပ်နဲ့သာ သက်ဆိုင်တယ်လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်တော့ တရားထိုင်တဲ့အခါမှာ ဖြစ်တဲ့ ဝေဒနာက စိတ်ကြောင့်ဖြစ်တာ များပါတယ်။ ~~ ဘယ်လိုစိတ်လဲ ဆိုတော့ အာရုံနောက်ကို လိုက်တတ်တဲ့ အတ္တဇောစိတ် ပါ။ သိမ်မွေ့တဲ့အာရုံနောက်ကို သိမ်မွေ့တဲ့ အတ္တဇောနဲ့ လိုက်မိရင် သိမ်မွေ့တဲ့ဝေဒနာတွေ တက်ပါတယ်။ ကြမ်းတမ်းတဲ့ အတ္တဇောနဲ့ လိုက်မိရင် ဝေဒနာအကြမ်းစားတွေ တက်ပါတယ်။ အာရုံနောက်ကိုလိုက်တဲ့ အတ္တဇောစိတ်ကြောင့် အကြောတွေကို တင်းပြီး ဆွဲလိုက်သလိုဖြစ်သွားလို့ ဝေဒနာတွေ တက်လာတာ အဓိကများပါတယ်။ ~~ တချို့ကျတော့လည်း သတိ၊ ပညာ ဖြစ်ဖို့ အားမထုတ်ဘဲ မျောနေကြတဲ့အတွက်ကြောင့် ဝေဒနာ မတက်တာမျိုးလည်း ရှိပါတယ်။ အာရုံတစ်ခုထဲကိုပဲ စူးစိုက်ထားရင်လည်း အာရုံလွှဲသလိုဖြစ်ပြီး ဝေဒနာမတက်တာမျိုးလည်း ရှိပါတယ်။ ~~ လုံးဝ အားမစိုက်ပြန်ရင်လည်း မောဟ ဖြစ်သွားမှာပါ။ အားစိုက်မှုများရင်လည်း အတ္တဖြစ်သွားမှာပါ။ အတ္တဇောနဲ့ မဟုတ်ဘဲ / ပြုလုပ်တဲ့ဘက်မှာ ' ငါ ' မပါဘဲ အားစိုက်ရုံသက်သက်လေးသာ စိုက်တတ်ရပါတယ်။ ~~ အရှုခံက သိမ်မွေ့ရင် သိမ်မွေ့လာသလောက် အရှုဉာဏ်ကလည်း အလိုက်သင့်လေး သိမ်မွေ့ပေးရပါတယ်။ အရှုဉာဏ်ကိုယ်၌က အရှုခံ ပြန်ဖြစ်လာတဲ့အထိ သိမ်မွေ့လာရပါတယ်။ အရှုခံကို- အာရုံကိုသိတဲ့ ' စိတ် ' ဘက်ကို လှည့်တတ်ရင် လှည့်တတ်သလောက် အတ္တဇောတွေပြုတ်ပြီး ဉာဏ်ဖြစ်ဖို့ ပိုလွယ်ကူစေမှာပါ။ အတ္တဇောတွေပြုတ်ရင် ပြုတ်လာသလောက် ဝေဒနာတက်တာလည်း လျော့လာမှာပါ။ ~~ တရားထိုင်တဲ့အခါမှာ ဝေဒနာတက်ခြင်း၊ မတက်ခြင်းက အဓိက မဟုတ်ပေမယ့် ဝေဒနာကို ကြည့်ပြီး အတ္တဇော/ အားစိုက်မှုတွေ များနေလား ၊ လျော့လာလား ဆိုတာ တိုင်းတာလို့ရပါတယ်။ ဝေဒနာမတက်တိုင်းလည်း မှန်တာမဟုတ်ပေမယ့်၊ ဝေဒနာတက်တယ် ဆိုတာလည်း အားစိုက်မှုတွေ များနေလို့ပါ။ ~~ အမျိုးမျိုးသော အာရုံတွေနောက်ကို လိုက်တတ်တဲ့ အတ္တဇောတွေကို လျော့ချကာ၊ စိတ်ရဲ့အာရုံကို စိတ်မှာပဲ ပြန်ထားပြီး သိနေတဲ့ အသိကိုယ်၌ရဲ့ မရှိတော့မှု/ ချုပ်ပျောက်မှု အမှန်ကို သိတဲ့ဉာဏ် ဖြစ်တဲ့အထိ ဦးတည်ပြီး အားစိုက်မှုတွေကို လျော့သထက်လျော့ပေးပါ။ ** သိတဲ့စိတ်ကိုယ်၌မရှိတော့မှု/ ချုပ်ပျောက်မှု အမှန်ကို ထပ်သိတဲ့ဉာဏ် ဦးရင် ဦးလာသလောက် အားစိုက်မှုတွေ လျော့သထက်လျော့လာပြီး ဝေဒနာ လုံးဝမတက်တော့ရုံတင်မကဘဲ သမုဒယချုပ်လို့ ဒုက္ခချုပ်တဲ့ နိရောဓသုညစိုက်တဲ့အထိ လိုရင်းကို ရောက်စေမှာပါ။ ** ဆရာလေးခေမာရံသီ၏ မန္တလေးတရားစခန်းပွဲတွင် ဟောကြားထားသော တရားတော်မှ ကောက်နှုတ်ထားပါသည်။ - မှတ်ချက် ~ ဤတရားတွင် သုံးနှုန်းထားသောဝေဒနာမှာ ခံစားမှုသဘော ( ဝေဒနက္ခန္ဓာ ) ကို ဆိုလိုခြင်းမဟုတ်ပါ။ တရားထိုင်ချိန်တွင် ဖြစ်ပေါ်သည့် ဒုက္ခဝေဒနာကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ Posted by သုညတဓမ္မရံသီ တရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့ 💥💥💥 မေတ္တာဖြင့် #LaWarSo
via အလင်းရောင် ဓမ္မ https://ift.tt/30ejzri
Newer Post
Older Post
Home