အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, September 10, 2019
သောတာပန် ဖြစ်ရမည့်သူ ဖြစ်ပေမယ့် မကောင်းတာလုပ်ပါက အပယ်သို့ကျ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဗိမ္မိသာရမင်းကြီးရဲ့ သားတော် အဇာတသတ်မင်းဟာ "တိဟိတ်" ပဋိသန္ဓေ နေလာတာပါ။ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်။ သို့သော် "ပါပမိတ္တ" လို့ခေါ်တဲ့ မကောင်းတဲ့ မိတ်ဆွေ၊ ဒေ၀ဒတ်တို့လို … မကောင်းတဲ့ အတွေးတွေ တွေးပြီး၊ မကောင်းတဲ့ အပြောတွေ ပြော၊ မကောင်းတဲ့ အလုပ်ကို လုပ်တတ်တဲ့ ပုဂ္ဂိုလ်ကို ဆရာတင်မိတဲ့အခါ … "ပိတုဃာတကကံ" အဖသတ်တဲ့ ကြီးလေးတဲ့ ပြစ်မှုကြီးတစ်ခုကို ကျူးလွန်မိပါတယ်။ ကျူးလွန်မိသည့် အတွက်ကြောင့် သန္ဓေက ဉာဏ်ပါလာလို့ "တိဟိတ်ပုဂ္ဂိုလ်" ဖြစ်လင့်ကစား တရားထူးကိုရနိုင်တဲ့ အခြေအနေကောင်းက ပျက်စီးသွားပါတယ် …။ ဘယ်သူက - ဖျက်ဆီးပစ်လိုက်သလဲဆိုရင် သူ ကျူးလွန်လိုက်တဲ့ ကံက ဖျက်ဆီးပစ်လိုက်တာပါ။ ရဟန်းဘ၀ရဲ့လက်တွေ့အကျိုးကို ဖော်ပြတဲ့… သာမညဖလသုတ်ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှင်းလင်းဟောကြားတဲ့အခါ … ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး အသိဉာဏ်တွေ ပွင့်လင်းသွားပေမယ့်လို့ သောတာပန်အဖြစ် ရောက်မသွားနိုင်ပါ။ မြတ်စွာဘုရားကိုယ်တိုင်က အဇာတသတ်မင်းကြီး ထိုနေ့ညက တရားနာပြီး… တရားပွဲက ထပြန်သွားတာနဲ့ တစ်ပြိုင်နက် ရဟန်းတွေကို အမိန့်ရှိတာက - "ဒီမင်းဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုက်တာပဲ၊ အကယ်၍သာ သူ့အဖေကိုသတ်ခြင်းလို့ဆိုတဲ့ ပိတုဃာတကကံ ကို မကျူးလွန်ခဲ့ဘူးဆိုရင် ဒီကနေ့ည သူသောတာပန်ဖြစ်ရမှာ” တဲ့။ ဒါကြောင့် တရားနာပေမယ့်လို့ တရားထူး တရားမြတ် မရနိုင်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဟောဒီ "အာနန္တရိယကံ" ၅ မျိုးကို ကျူးလွန်ထားပြီဆိုလို့ရှိရင် တရားထူး တရားမြတ် မရနိုင်တော့ပါ။ အခြေအနေကောင်းတစ်ခုဟာ ကိုယ့်ရဲ့လုပ်ရပ်ကြောင့် ပျက်စီးသွားပါတယ်။ မွေးရာပါ မဟုတ်ဘဲ မှားယွင်းချွတ်ချော်မှုကြောင့် ပျက်စီးသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် သောတာပန်မဖြစ်သေးလို့ရှိရင် ကိုယ့်ကိုယ်ကို အထင်ကြီးလို့မရပါ။ ဒီဘ၀ သူတော်ကောင်း၊ နောက်ဘ၀ကျတော့ သူယုတ်မာ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဘယ်လိုမှ အတည်ပြောလို့ မရနိုင်ပါ။ ဘုရားအလောင်းတော်ကြီးတွေတောင်မှပဲ မှားယွင်းမှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း တရားတော်ကို … ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ပုထုဇဉ်ဘ၀ကို လွန်မြောက်ပြီး သောတာပန်၊ သကဒါဂါမ် အနာဂါမ် စတဲ့… ထူးခြားတဲ့ အရိယာပုဂ္ဂိုလ်ဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ ကုန်သတည်း ……။ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားသော "ဖြစ်နိုင်တာနှင့် မဖြစ်နိုင်တာ" တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ (ဓမ္မလက်ဆောင်)
via အလင်းရောင် ဓမ္မ https://ift.tt/34Bispl
Newer Post
Older Post
Home