Friday, September 13, 2019

✰ တရားစခန်း ဆိုတာကတော့နေရာပေါ့။ တကယ့် အလုပ်စခန်းကတော့ ကိုယ့်ခန္ဓာအိမ်ပါ။ 🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷 ✰ တရားစခန်းတွေမှာ တရားရှာတဲ့အခါ ဩဝါဒါစရိယ နာယကဆရာတော်တွေ ကမ္မဌာန်းဆရာတွေ တိုက်နေသံဃာတော်တွေ အားထုတ်ဖက်ယောဂီတွေ ဝေယျာဝစ္စနဲ့ ရုံးခန်းအဖွဲ့တွေ အလှူ့ရှင်တွေ စသဖြင့် လူမျိုးစုံနဲ့ထိတွေ့ဆက်ဆံနေရတာသဘာဝပါ။ ✰ ပုဂ္ဂလသပ္ပါယ မျှချင်လည်းမျှမယ်။ မမျှချင်ရင်လည်းမမျှဘူး။ ကြုံရသမျှလောကဓံပေါ့။ ✰ အာဟာရသပ္ပါယ လည်းမျှချင်မျှမယ်။ မမျှချင်လည်းမမျှဘူး။ အာဝါသ(နေရာ)သပ္ပါယ လည်းမျှချင်မျှမယ်။ မမျှချင်လည်းမမျှဘူး။ ✰ ကိုယ်တွေ့ချင်နဲ့ပုဂ္ဂိုလ်ပုံစံမျိုးနဲ့ တွေ့ချင်မှတွေ့ရမှာဖြစ်သလို ကိုယ်စားချင်တဲ့ အစားအစာမျိုးလည်း စားချင်မှစားရမှာပါ။ ထို့အတူ ကိုယ်နေနေကျပုံစံမျိုးနဲ့လည်းနေလို့ရချင်မှရမှာပါ။ ✰ အာဏာရှိတဲ့နေရာကနေ ••• မမျှော်လင့်ဘဲရိပ်သာထဲ ရောက်လာကြတဲ့အခါ ကုန်းပေါ်တင်တဲ့ငါးလိုတဖျတ်ဖျတ်လူးပြီး အရိုးစွဲကာလကြာခဲ့လို့မစွန့်လွှတ်နိုင်သေးတဲ့ အာဏာအငွေ့အသက်တွေကြောင့် ဟိုနေရာလွှမ်းမိုး ဒီနေရာဆရာဝင်လုပ်နဲ့ ရိပ်သာကိုမသိမသာ အာဏာသိမ်းကြသူတွေလည်း ကြုံရမှာပါ။ ✰ ဒီတော့ကာ ••• ဒီခေတ်မှာ တရားရှာတရားအားထုတ်တဲ့အခါ ကျော်ဖြတ်ရမယ့်အခက်အခဲတွေကအများကြီးပါ။ ✰ ပြင်ပလောကမှာ ပညတ်တွေများလွန်းလို့ စိတ်ရှုတ်ထွေးခဲ့သမျှ ပရမတ်ဥာဏ်နဲ့ထိတွေ့ခွင့်ရဖို့ ရိပ်သာကိုဝင်ကာမှ မျှော်လင့်မထားတဲ့ ပညတ်တွေက ဒုနဲ့ဒေးနဲ့ စောင့်ကြိုနေပြန်ပါပြီ။ ✰ ဒီကြားထဲ ဝေယျာဝစ္စအချင်းချင်းမတည့်တာ စောင်းမြောင်းကြတာ အတင်းပြောကြတာ ဆရာတော်အရေးပေးတဲ့သူနဲ့ အရေးပေးမခံရသူတွေ ကမ္ဘာ့ရန်လိုဖြစ်သွားကြတာ ယောဂီအချို့ရဲ့သွေးခွဲဆရာမွေးတဲ့ ဓလေ့ကြောင့် ဆရာသမားတွေအချင်းချင်း မေးထူးခေါ်ပြောမလုပ်ချင်ကြတော့တာ စသဖြင့် ပြဿနာတောကသောင်းခြောက်ထောင်ပါပဲ။ ✰ တရားရှာခန္ဓာမှာတွေ့ဆိုပေမယ့် ယောဂီအတော်များများဟာ အပြင်ခန္ဓာတွေချည်းပဲတွေ့ခဲ့ကြတော့ အတွင်းခန္ဓာကိုတွေ့ဖို့အခွင့်အရေးမရကြပေဘူး။ ✰ ကိလေသာဆိုတာအချိန်နေရာမရွေး ကိုယ့်ကိုပုံစံမျိုးစုံနဲ့စောင့်ကြိုနေတတ်ပါတယ်။ ✰ ကွယ်လွန်သွားပြီဖြစ်တဲဆရာကြီးဦးရွှေအောင်ရေးခဲ့တဲ့ ဓမ္မပဒဝတ္ထု စိတ္တဝဂ် ထဲက စိတ္တဟဌမထေရ် အကြောင်းမှာ ဆရာကြီးရေးခဲ့တာလေးကိုအမှတ်ရမိပါရဲ့- ✰ "ကိလေသာများသည် ရုပ်ဝတ္ထုသဖွယ် စုပုံ၍သာ ထား၍ရကောင်းသည် ဆိုပါလျှင် စကြာဝဠာသည်လည်း အလွန်ကျဉ်းပါပေ၏။ ဗြဟ္မာ့ဘုံသည်လည်းအလွန်နိမ့်ပါပေ၏။" ✰ အမှန်အားဖြင့် လောကဟူသည်ပင် အနုသယ ကိလေသာ၏ အသွင်သဏ္ဍာန်တစ်မျိုးဖြစ်၏။ ✰ ထို့ကြောင့်အနုသယကိလေသာမှ လွတ်မြောက်ခြင်းကိုပင် လောကမှလွတ်မြောက်ခြင်း ဟူ၍ဆိုခြင်းဖြစ်ပါ၏" ✰ ဒီစာပိုဒ်ရဲ့အဓိပ္ပါယ်ဟာသိပ်လေးနက်လှပါတယ်။ ဆရာကြီးအနေနဲ့ ကိလေသာရဲ့စွမ်းအားကို ဘယ်လောက်အထိမြင်ထားသလဲဆိုတာ မှန်းဆကြည့်လို့ရပါတယ်။ ✰ ကိလေသာရဲ့အဖျက်စွမ်းအားကို သတိကြီးကြီး မထားနိုင်သေးသမျှ ••• ကိုယ့်သဏ္ဍာန်မှာ ပရမတ်ဥာဏ်လည်းမဖြစ်နိုင်သေးသလို ကိလေသာရဲ့ကုသိုလ်အယောင်ဆောင်မျက်နှာဖုံးနဲ့ အချိုသပ် တိုက်ခိုက်တာကိုမလွဲမသွေကြုံရမှာပါ။ ✰ ငါ့ကို ဆရာသမားက ••• ဘယ်အဆင့်သတ်မှတ်လိုက်ပြီတို့ ဘယ်ဥာဏ်ရောက်နေပြီတို့ ဆိုတဲ့ အထင်တွေနဲ့လုံးထွေးပြီး ပုံစံတစ်မျိုးနဲ့မြုပ်လမ်းသွားကြရဦးမှာပါ။ ✰ လွန်တော်မူသွားပြီဖြစ်တဲ့ ••• ပခုက္ကူဆရာတော်ဘုရားကြီးရဲ့အဖိုးတန်အဆုံးအမ စကားလေးနဲ့ပဲ နိဂုံးချုပ်ပါရစေ ••• "ပရမတ်ဥာဏ်နဲ့ အချိန်များများနေပါ"တဲ့။ ✰ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမ ဆိုတဲ့ အထင်အမြင်တွေနဲ့ တွဲပြီးမြင်နေသရွေ့ (ငါနဲ့ တရားနဲ့မကွဲသေးသရွေ့) ပရမတ်ဥာဏ်နဲ့ အချိန်များများနေဖြစ်နေသေးတယ်လို့ ကိုယ့်ကိုယ်ကို အမြဲမပြတ်ဆုံးမနေရကြောင်းပါခင်ဗျာ။ 【ဆရာ မြသန်းစံ ရဲ့ စာတိုလေးတစ်ခု ကြိုက်လို့ ပြန်ကူးတင်မျှဝေလိုက်ပါသည်】 ❁ အပ္ပမာဒေန သမ္မာဒေထ ❁ ❀ရွှင်လန်း❀ချမ်းမြေ့❀ပါစေ❀ Credit -original uploader


via အလင်းရောင် ဓမ္မ https://ift.tt/305lYJe