အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, July 28, 2019
ဝိစာရအကြောင်းအထူးသိလိုသူများအတွက် တင်ပေးလိုက်ပါပြီ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 #ဝိစာရ #ဝိစာရဆိုတာ ဘာလဲ၊ ဝိတက်က ကြံစည်တာ၊ စိတ်ကူးတာ၊ဝိစာရဆိုတဲ့သဘောက သုံးသပ်တယ်လို့ အဓိပ္ပါယ်ရတယ်။ သုံးသပ်တယ်ဆိုတဲ့ အဓိပ္ပါယ်က မထင်ရှားပြန်ဘူး။ ဝိစာရကဘာလုပ်တာတုန်းဆိုတော့ ဝိတက်က စိတ်ကို အာရုံပေါ် တင်ပေးတာ၊ တင်ပေးထားတဲ့အတိုင်း စိတ်နဲ့အာရုံ ကွာမသွားအောင် ဝိစာရက ထိန်းပေးတာလို့ ပြောရမယ်။ သို့သော် စိတ်က အာရုံနဲ့ကွာထွက်သွား တတ်တယ်၊ အဲဒီလို ကွာမသွားအောင် စိတ်ကို အာရုံနဲ့ ယှဉ်တွဲပြီစတော့ သူကရစ်ဝဲပေးနေတာတဲ့၊အဲဒါ ''ဝိစာရ''ပဲ၊သူကလည်း ဝိတက်လိုပဲ အသုံးဝင်တဲ့အရာတစ်ခု ဖြစ်တယ်ပေါ့။ #ဝိတက်နှင့်ဝိစာရအထူး ဝိတက်ကျတော့ စနစ်တကျလေ့လာလိုက်ရင် ဈာန်အင်္ဂါလည်းဖြစ်တယ်၊ သမ္မာသင်္ကပ္ပဆိုတဲ့ မဂ္ဂင်လည်းဖြစ်တယ်၊ မဂ္ဂင်ရှစ်ပါးထဲမှ နိဗ္ဗာန်ရောက်ဖို့ရာအတွက် ဝိပဿ နာကျင့်စဉ်ကို ကျင့်တဲ့အခါမှာ သမ္မာသင်္ကပ္ပဖြစ်တယ်။ ဝိစာရကျတော့ တစ်ခါတစ်ရံ ဝိတက်နဲ့အလားသန္တာန်တူတယ်၊ သူတို့နှစ်ခုက ပူးတွဲပြီး အလုပ်လုပ်တာမျိုးရှိတယ်၊ ဝိတက်က ပထမအဆင့်၊ ဝိစာရက ဒုတိယအဆင့်၊ သူတို့နှစ်ခုပူးတွဲပြီးတော့ အလုပ်လုပ်လေ့ရှိတယ်၊ သို့သော် သဘာဝချင်း မတူဘူး၊ ဝိတက်က စိတ်ကို အာရုံပေါ် တင်ပေးတယ်၊ ဝိစာရက အာရုံနဲ့စိတ် ကွဲမသွား အောင် ထိန်းပေးထားတယ်၊ အဲဒီ ဝိစာရကလည်း စနစ်တကျ လေ့လာလိုက်လို့ရှိရင် ဈာန်အင်္ဂါဖြစ်တယ်။ #သမထကျင့်စဉ်ဖြစ်ရင် သူက ရှင်သန်လာမယ်၊ တိုးတက်လာမယ်ဆိုရင် ဈာန်အင်္ဂါထဲမှာပါတယ်ပေါ့။ #ပီတိ #ပီတိဆိုတာကတော့ အထူးပြောစရာမလိုဘူးနော်၊ ပီတိဖြစ်ရင် စိတ်က အာရုံပေါ်မှာ ကျေနပ်နှစ်ခြိုက်နေတာ၊ ပီတိကလည်းအမျိုးမျိုးရှိတယ်။ လောဘနဲ့ဖြစ်တဲ့ ပီတိကျတော့ သိပ်ပြီးတန်ဖိုးမရှိ လှဘူး၊ လောဘက လွှမ်းသွားတယ်၊ ဓမ္မနဲ့ပတ်သက်တဲ့ ပီတိလည်းရှိတယ်၊ ဥပမာ။ ။ တရားနာရလို့၊ အသိဉာဏ်တွေတိုးလာတယ်၊ပီတိဖြစ်တယ်၊ နားမလည်တာ နားလည်ရတယ်ဆိုတော့ ပီတိဖြစ်တယ်၊ အဲဒီ ပီတိကတော့ အသိဉာဏ်ကို အားပေးတဲ့ပီတိမို့ တန်ဖိုးရှိတဲ့ပီတိဖြစ်တယ်။ ပီ တိ ရဲ့ စွမ်း ဆောင် မှု °°°°°•••••°°°°°••••• အဲဒီ ပီတိကလည်း ဈာန်အင်္ဂါထဲမှာ ပါတယ်၊ စနစ်တကျလေ့ကျင့်လိုက်လို့ ပီတိက ထက်သန်လာလို့ရှိရင် ဈာန်ရဲ့စွမ်းအားတစ်ခုဖြစ်လာနိုင်တယ်။ ဗောဇ္ဈင်ခေါ်တဲ့ အသိဉာဏ်ကို ရရှိစေနိုင်တဲ့ အကြောင်းတရား ၇-မျိုးထဲမှာလည်းပဲ ပီတိသမ္ဗောဇ္ဈင်ဆိုတာ ပါတယ်။ ဒီပီတိကလည်း အသိဉာဏ်ကို ဖြစ်စေနိုင်တယ်။ ဒါကြောင့်မို့ ဒီပီတိကလည်း လိုအပ်တယ်၊ ပီတိဟာ ဈာန်အင်္ဂါဖြစ်တယ်။ ဗောဇ္ဈင် ၇-ပါးထဲမှာပါတယ်၊ အသိဉာဏ်ကို ဖြစ်ပွားစေတယ်၊ သို့သော် မဂ္ဂင် ၈-ပါးထဲမှာတော့ မပါဘူးလို့ မှတ်ရမယ်။ ဒီ ပီတိကိုလည်း စနစ်တကျလေ့ကျင့်ပြီး ကောင်းတဲ့ နေရာမှာ ရှိသင့်တယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ပီတိမရှိရင် စိတ်မဝင်စားဘူးလေ၊ စိတ်မဝင်စားတော့ စိတ်က အားတက်သရော မရှိဘဲနဲ့ ဆုတ်နစ်မှုတွေ ဖြစ်တတ်တယ်၊ ပီတိလေးနဲ့ ဆွတ်ဖျန်းပေးလိုက်တဲ့အခါကျတော့ စိတ်ကလေး ရွှင်လန်းလာတယ်။ သစ်ပင်လေးလိုပဲရေလေးဖျန်းလိုက်တဲ့အခါ လန်း မလာဘူးလား၊ အေး စိတ်ကလေးကလည်း ပီတိလေး နဲ့ တွဲလိုက်တဲ့အခါမှာ သူဟာ စွမ်းဆောင်မှုတွေ ပိုလာတယ်ပေါ့၊ ဒါကြောင့် ပီတိလေးနဲ့ဆွတ်ဖျန်းပေးရတယ်တဲ့။ သို့သော် လွန်သွားရင်လည်း မဖြစ်ဘူး၊ ပီတိတွေ လွန်ကဲလို့ မရဘူး၊ လွန်ကဲရင် လွဲချော်ကုန်ရော၊ ပီတိတွေ လွန်ရင် ဘာပြောတုန်း? အရပ်ထဲမှာ ဝမ်းသာလုံးဆို့တယ်ဆိုတာ သေတောင်သေတတ်သေးတယ်နော်၊ အဲဒီတော့ သူကလည်း သူ့အတိုင်းအတာနဲ့ သူမှ၊ လွန်သွားရင် ဒုက္ခရောက်သေးတယ်။ အ ဓိ မော က္ခ °°°•••°°°••• နောက်တစ်ခုက #အဓိမောက္ခ၊ စိတ်ရဲ့ ဆုံးဖြတ်နိုင်တဲ့သဘော၊ ဆုံးဖြတ်တယ်ဆိုတာ အာရုံပေါ်မှာ သို့လော သို့လောဖြစ်မနေဘဲနဲ့ အာရုံနဲ့စိတ်ဟာ အံဝင်ခွင်ကျ စွပ်ဝင်သွားတဲ့သဘောကို ပြောတာ၊ အဓိမောက္ခက အာရုံနဲ့စိတ် တည့်သွားတဲ့သဘော၊ ဝိတက်က တင်ထားတဲ့အာရုံပေါ်မှာ စိတ်က စွပ်ဝင်သွားတယ်၊ အဲဒါကိုပဲ ဆုံးဖြတ်တယ်လို့ပြောတာ၊ စိတ်ကလေးက အာရုံမှာ တည့်သွားတယ်၊ စွပ်ဝင်သွားတယ်၊ အဓိမောက္ခကလည်း သူ့သဘောပဲ သူဆောင်တယ်၊ သူ့ကိုတိုးတက်အောင် လုပ်ဖို့မလိုဘူး။ ဝီ ရိ ယ °•°•°•° #ဝီရိယဆိုတာ ကြိုးပမ်းအားထုတ်မှု၊ အဲဒီ ကြိုးပမ်းအားထုတ်မှုကတော့ ကောင်းတဲ့ကြိုးပမ်း အားထုတ်မှု၊ မကောင်းတဲ့ ကြိုးပမ်းအားထုတ်မှု လို့ နှစ်ခုရှိပြန်တယ်၊ လောဘကြောင့် ကြိုးပမ်းတာရယ်၊ ဒေါသကြောင့် ကြိုးပမ်းတာရယ်ရှိတယ်ပေါ့။ အမုန်းကို အခြေခံပြီးကြိုးပမ်းတယ်၊ လိုချင်တာကို အခြေခံပြီးတော့ ကြိုးပမ်းတာရယ်၊မှားယွင်းတဲ့ ကြိုးပမ်းချက်တွေ။ မှန်ကန်တဲ့ ကြိုးပမ်းချက်ဆိုတာ အကုသိုလ်စိတ်တွေ မဝင်ရအောင် ဆို့ပိတ်မှု၊ ဆို့ပိတ်ဖို့ ကြိုးပမ်းရမယ်၊ ကိုယ့်သန္တာန်ထဲမှာ စိတ်ယုတ်တွေ မကောင်းတာတွေ မဖြစ်နိုင်အောင် ဆို့ပိတ်တဲ့ ကြိုးပမ်းမှုက နံပါတ်(၁)၊ ဆို့ပိတ်လို့မရဘူး၊ အကုသိုလ်စိတ် ဝင်လာရင် တွန်းထုတ်ဖို့ရာ ကြိုးပမ်းရမယ်၊ နံပါတ်(၁)က- ဆို့ပိတ်တယ်၊ နံပါတ်(၂)က- တွန်းထုတ်တယ်၊ ဝင်လာရင် တွန်းထုတ်ရမယ်၊ ဥပမာ- ဒေါသမထွက်အောင် ဆို့ပိတ်ထားရမယ်၊ စိတ်ကို မထိန်းနိုင်လို့ ဒေါသထွက်လာလို့ရှိရင် ထုတ်ပစ်ရမယ်၊ ဒါပြောတာနော်၊ မဖြစ်သေးတဲ့ ဒေါသကို မဖြစ်အောင် ကြိုတင်ပြီး တားဆီးရမယ်၊ မီးဘေးရှောင် မလောင်ခင်တား ဆိုတယ်မဟုတ်လား၊ မတော်တဆ လောင်သွားရင်လည်း မြန်မြန်ငြိမ်းပေါ့၊ ဒါပြောတာ၊ ဒါ လုပ်ရမယ့်ကြိုးပမ်းအားထုတ်မှု နှစ်ခုပဲ။ ကောင်းတာနဲ့ ပတ်သက်လာတဲ့အခါ (၃)ကောင်းတဲ့စိတ်တွေ မဖြစ်ဘူးဆိုရင် ဖြစ်အောင်ကြိုးစား၊ (၄)ဖြစ်လာပြီဆိုရင် တိုးပွားအောင် ကြိုးစားတဲ့၊ ပိုက်ဆံ မရသေးရင် ရအောင်ရှာ၊ ရလာရင် များအောင်လုပ်ပေါ့၊ ဒီလိုပဲ တရားနဲ့ပတ်သက်ရင် မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်လာအောင်လုပ်ရမယ်လေ၊ ဖြစ်လာတဲ့ ကုသိုလ်တွေ တိုးပွားလာအောင် လုပ်ရမယ်။ ကိုယ့်မှာ သမာဓိမရှိသေးရင်ထူထောင်၊ ရှိလာပြီဆိုရင် သမာဓိ ရင့်သန်အောင်ကြိုးစား၊ ဒါကို ဆိုလိုတာနော်၊ အဲဒီလို ကြိုးပမ်းမှုကို 'သမ္မာဝါယာမ' လို့ ခေါ်တယ်။ မှန်ကန်တဲ့ ကြိုးပမ်းအားထုတ်မှု၊ ဒီဝီရိယက မှန်ကန်တဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ကျတော့ သမ္မာဝါယာမဖြစ်ပြီးတော့ #မဂ္ဂင်ရှစ်ပါးထဲမှာလည်းပါတယ်၊ အသိဉာဏ်ရဖို့ရာ စွမ်းဆောင်တဲ့ ဗောဇ္ဈင် ၇-ပါးထဲမှာလည်း ပါတယ်၊ ဒါကြောင့်မို့ စနစ်တကျ သူ့ကို လေ့ကျင့်ပေးရမယ်တဲ့၊ ဝီရိယဆိုတာ လိုအပ်တယ်လို့ပြောတာနော်။ ဝိတက္က၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ပီတိတဲ့ ငါးခုရှိသွားပြီ။ ဆ န္ဒ °°••°° #ဆန္ဒဆိုတာ ပြုလုပ်ချင်တဲ့သဘော၊ တဏှာကျတော့ ပြုလုပ်ချင်ရုံ မကဘူး၊ တွယ်တာတယ်ဆိုတဲ့ သဘောပါတယ်၊ ဆန္ဒက ပြုလုပ်ရုံသက်သက်၊ ဥပမာ။ ။ ဥပုသ်စောင့် သွားချင်တယ်၊ ဥပုသ်စောင့် သွားချင်တယ်ဆိုတာနဲ့ ရုပ်ရှင်သွားကြည့်ချင်တယ်ဆိုတာနဲ့ ဒီ ''ချင်''နှစ်ခု တူလား?၊ မတူဘူးနော်။ အလှူ လှူ ချင်တယ်ဆိုတာနဲ့ ပိုက်ဆံရချင်တယ်ဆိုတဲ့ ဒီ ''ချင်''နှစ်ခုရော တူလား?၊ အလှူ လှူ ချင်တယ်ဆိုတာကျတော့ ''ဆန္ဒ''လို့ ပြောတာ။ ဒါကြောင့်မို့ ဆန္ဒရဲ့သဘောနဲ့ လောဘရဲ့သဘောက ခပ်ဆင်ဆင်ပဲ၊ ဆင်ပေမယ့်လို့ ဆန္ဒဆိုတာ ပြုလုပ်ရုံ သက်သက်ပဲ၊ လောဘကျတော့ ပြုလုပ်ချင်ရုံ မကဘူး၊ တွယ်တာတဲ့သဘောလေး ကာတယ်၊ တွယ်တာတယ်၊ ကပ်ငြိတယ် ဒီသဘောလေးရှိတယ်၊ ဆန္ဒနဲ့လောဘ ဒီလို ထူးခြားမှုရှိတယ်ပေါ့။ ဆန္ဒဆိုတဲ့တရား စွမ်းအားထက်လာပြီဆိုရင် #ဆန္ဒာဓိပတိတဲ့၊ အဓိပတိတပ်လာပြီ၊ ဒီဆန္ဒက ပြင်းထန်လာပြီဆိုလို့ရှိရင် သူက အောင်မြင်မှုကို သရဖူဆောင်းနိုင်တဲ့ ဆန္ဒိဒ္ဓိပ္ပါဒ်၊ ဒါကြောင့်မို့ သူ့ရဲ့စွမ်းဆောင်မှုတွေဟာ ကြီးထွားလာလို့ရှိရင် လောဘကိုလည်း ဖယ်ရှား နိုင်တယ်။ ဒေါသကိုလည်း ဖယ်ရှားနိုင်တယ်။ စိတ်ဆန္ဒက ကုသိုလ်လုပ်ချင်တဲ့ စိတ်ဆန္ဒ ရှိနေတဲ့အတွက်သိန်းလေးဆယ်၊ ငါးဆယ်လည်း လှူ ပစ်လိုက်တာပဲ၊ ဆန္ဒဖြစ်တာကြည့်၊ လောဘကို မနိုင်လိုက်ဘူးလား၊ နိုင်တယ်၊ လုပ်ချင်တဲ့ဆန္ဒကို *ဆန္ဒဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ* ဆန္ဒရှိရင် ဘယ်အရာမဆို ပြီးတယ်တဲ့။ ဒါကြောင့်မို့ #ဆန္ဒကို ဣဒ္ဓိပ္ပါဒ်လို့ခေါ်တယ်။ ကြီးပွားခြင်းရဲ့ အကြောင်းတရား၊ အဓိပတိ စွမ်းဆောင်မှု ကြီးကဲမှု သဘာဝတရားလို့ မြတ်စွာဘုရားက ဟောတယ်။ အဲဒီ စေတသိက်ခြောက်ခုကတော့ တချို့စိတ်တွေမှာ ပါတယ်၊တချို့စိတ်တွေမှာ မပါဘူး၊ ပါတောင်မှ စိတ်ချင်း မတူဘူး၊ တချို့စိတ်တွေမှာ အင်အား သိပ်မရှိဘူး၊ တချို့စိတ်ကျ အင်အား ပိုကောင်းတယ်ပေါ့။ ဒါက စိတ်ကိုအမှီပြုပြီးတော့ဖြစ်တဲ့ အင်အားစု ''စေ တ သိက်''တွေပဲ၊ စိတ်ကိုမှီငြား စိတ်စွမ်းအားများပါပဲ၊ '""စိတ် ကို မှီ ငြား စိတ် စွမ်း အား များ "'"ဆိုတာ.... ဟောဒီ #အညသမာန်း၁၃-ပါးကိုပြောနာပါ။ ဒီ သဘောတရားတွေဟာ စိတ်ကိုမှီပြီးတော့ ဖြစ်ကြတဲ့ သဘာဝတရားတွေဖြစ်လို့ သူတို့ဟာ သူတို့သဘော သူတို့ဆောင်နေကြတာ။ ငါဆိုတာလည်း မဟုတ်ဘူး၊ ငါ့ဥစ္စာဆိုတာလည်း မဟုတ်ဘူး၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းကြောင့်ဖြစ်နေတဲ့ သဘာဝတရားတွေပါလားလို့ ကိုယ်စီ ကိုယ်စီ အမြင်မှန်ရပြီးတော့အသိဉာဏ်တွေ ကြီးထွားနိုင်ကြပါစေကုန်သတည်း။ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်နန္နမာလာဘိဝံသ ဟောကြားတော်မူသော ''အ ဘိ ဓ မ္မာ မြတ် ဒေ သ နာ'' စာအုပ်မှ ကူးယူရေးသား ပူဇော်ခြင်းဖြစ်ပါသည်။ လွတ် လပ် စွာ Share copy ယူ နိုင်ပါသည်ရှင်။
via အလင်းရောင် ဓမ္မ https://ift.tt/2OoUFVp
Newer Post
Older Post
Home